Friday, September 7, 2012

♣♣ သာသည့်မြေသို့ (ငွေတာရီရေးသည်) ♣♣


-အလှထူးပါဘိ ၊ မြဖူးပြာအငုံနဲ့

လွှာရုံမှာ ညှာစုံကျင်းရော့ထင့်

ဖြူဝင်းငွေမှုန်လွှာတို့

လေယူရာရနံ့ညင်း

သင်းပျံ့ခဲ့သူ့ခြံမှာ။



-ငါ့ခြံကြည့်ပြန်တော့

မချိပူပွေဖြာခဲ့

မြေပြာမှာ နေစာမတင့်နိုင်ဘူ့

ကြည်စရာ နီဝါတွေလည်း မပွင့်လေတော့

စိမ်းရင့်ရောင်နွယ်ခြုံဖုတ်တွေက

ရှုပ်ထွေးကာလိမ်ခွေယှက်

အားပျက်စရာ။



-သူ့စခန်း သာဆန်းရဂုံသွင်မို့

ငါလှမ်းကာ ခိုဝင်လို့

ပြာငွေစင် ကြိုင်ပျံ့ရှားပါတဲ့

ပွင့်ငုံဆင် ပင်တွေကြားမှာလ

လျှောက်သွားကာ ပျော်လိုလှပါဘိ

မြရောင်စို သည်မြက်ခင်းရယ်နဲ့

ညင်းလေခို သစ်ညိုရိပ်မှာဖြင့်

လျောင်းအိပ်လို့တစ်ကယ်သာ

ရွှင်ပါချင့်စိတ်ထဲ။



-သို့လည်းလေ မသင့်မလျော်ပေဘူ့

ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း

လှလေသည် သာစခန်းပေပေါ့

စိတ်ပန်းကို သည်လိုဖြေလို့

ကျက်သရေ တက်နေ၀င့်အောင်လ

ငါ့ခြံမြေ အခြေမြှင့်ချင်ငဲ့

သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်

ငါ့မြေမှာ နီဝါတင့်ရမပေါ့

အခွင့်အခါမျှော်လို့

ဥယျာဉ်တော် သာယာရေးကိုလ

ရှုမြင်မျှော် အခါခါတွေးပါလို့

မနှေးပင် အားအင်ထုတ်လို့ရယ်

ပေါင်းနုတ်ဖို့ခဲ။ ။

(ငွေတာရီ)



ငွေတာရီက သူတစ်ပါးတွေ တိုးတက်ကြီးပွါးနေတာတွေကို

ကြည့်ပြီး ဖျက်လိုဖျက်ဆီးစိတ်နဲ့ အဘိဇ္ဈာ၊ ဗျာပါဒလည်းမပွါး၊

ကိုယ့်ထက်သာ မနာလိုစိတ်နဲ့ က္ကုဿာလည်းမထား၊

သူ့ရဲ့မုဒိတာနှလုံးသားအလှက` သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်

ငါ့မြေမှာ နီဝါတင့်ရမပေါ့`တဲ့။ လှလိုက်တဲ့စာလေး။ သူများက

ဟိုလိုလေး တိုးတက်ကြီးပွါးနေရင် ငါက ဒီလိုလေး တိုးတက်

ကြီးပွါးအောင် ကြိုးစားမယ်-ဆိုတဲ့သဘောကို

အထင်းသားကြီးတွေ့ရပါတယ်။

by= Ashin Uttamasara
 
♣♣♣ ဓာတ်ပုံပိုင်ရှင် မသိ၍ ခွင့်ပြုပေးပါရန် ဤနေရာမှ တောင်းပန်ပါသည်။
 
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ