"အမျိုးသား အမျိုးသမီး လူကြီး သူမ တစ်ယောက်သည် ဘုရားကို ပန်း ရေချမ်းတို့ဖြင့် ရွှင်လန်းကြည်ဖြူ ပူဇော်ကန်တော့ နေသည်" ဟု ဆိုကြပါစို့၊ ထိုအချိန်မှာ ထိုသူတော်ကောင်း၏ စိတ်ဝယ် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း မဂ္ဂင်ရှစ်ပါးလုံး ပါဝင်နေပုံကား-
♣♣ သမ္မာဒိဋ္ဌိ
ဘုရားရှင်သည် ငါတို့လို သတ္တဝါတွေအပေါ် မှာ မေတ္တာ ကရုဏာ ကြီးမားတော်မူသောကြောင့် ၄၅-ဝါ ကာလကြာအောင် မနေမနား တရားတော်များကိုလည်း ဟောပြ ဆုံးမတော်မူခဲ့ပေ၏၊
ငါသည် ထိုတရားတော်များကို တစ်ဆင့် ကြားနေရသဖြင့် မကောင်းမှုများကို ရှောင်ရှား၍ ကောင်းမှု ကုသိုလ်များကို ပြုတတ်ပေသည်၊ ရှင်တော်မြတ် ဘုရား၏ တရား တော်များကြောင့် ငါသည် အပါယ် ၄-ပါးမှ လွတ်၍ ကောင်းရာ ဘဝနှင့် နိဗ္ဗာန်ကို အမှန်ရတော့မည်၊
ဘုရားရှင်သည် ငါ၏ ကျေးဇူး တော်ရှင် အစစ်ပေတည်း၊ ငါ့ကျေးဇူးရှင်ကို ရည်မှန်း၍ ငါသည် ပန်း ရေချမ်းတို့ကို လှူဒါန်း ပူဇော်နေပါ တကား၊ ဤသို့ စိတ်ထဲ၌ အသိဉာဏ် ဖြစ်နေခြင်းသည် သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်နေခြင်းပင် တည်း။
♣♣ သမ္မာသင်္ကပ္ပ စသည်
ပြခဲ့သည့် အတိုင်းပင် ဘုရားရှင်၏ ကျေးဇူးတော်များကို စဉ်းစားကြံစည်၍ နေခြင်းသည် မိမိ၏စိတ်၌ သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်နေ၏၊
ဘုရားဂုဏ်တော်များကို ရွတ်ဆိုရှိခိုး နေခြင်းသည် သမ္မာဝါစာမဂ္ဂင် ဖြစ်နေ၏၊
ပန်း, ရေချမ်း, အမွှေးတိုင်, ဆီမီးတို့ကို သန့်ရှင်းအောင် သားနားအောင် လှပအောင် ပြုလုပ်နေခြင်းသည် သမ္မာကမ္မန္တမဂ္ဂင် ဖြစ်နေ၏။
ဘုရားကိစ္စကို ပြုလုပ်နေ ချိန်ဝယ် အသက်မွေးဝမ်းကျောင်း အတွက် မကောင်းသော စီးပွားရှာမှု မရှိသောကြောင့် သမ္မာအာဇီဝ မဂ္ဂင်လည်း ဖြစ်နေသည် ဟု ဆိုသင့် ပေ၏၊
ဘုရားကိစ္စကို ပြုလုပ် အားထုတ်နေခြင်း သည်ပင် သမ္မာဝါယာမ မဂ္ဂင် ဖြစ်နေ၏၊ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်များကို သတိရနေခြင်းသည် (ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပွားများနေခြင်းသည်) သမ္မာ သတိမဂ္ဂင် ဖြစ်နေ၏၊
(တခြားကိစ္စကို အမှတ်မရတော့ဘဲ)ဘုရားကိစ္စ တစ်ခု၌သာ စိတ်တည်နေခြင်းသည် သမ္မာ သမာဓိမဂ္ဂင်ဖြစ်နေ၏။
ဤသို့လျှင် ဘုရားကို ရှိခိုးကန်တော့နေသောအခါ ပန်း ဆီမီး စသည်ဖြင့် ပူဇော်နေသောအခါ ဘုရားကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်း ပွားများလျက် (ပုတီးစိပ်) နေသောအခါတို့၌ ထို သူတော်ကောင်း၏ စိတ်တွင် မဂ္ဂင်ရှစ်ပါး ပါဝင်နေပါသည်၊
ထို မဂ္ဂင် ရှစ်ပါးကား နိဗ္ဗာန်ကို (မျက်စိဖြင့် မြင်ရသလို) မျက်မှောက်ပြုနိုင်ကြောင်း လမ်းကောင်းအမှန်ပင် ဖြစ်၏၊ မှန်သောလမ်းကို မှန်မှန်သွားနေသူသည် ထိုလမ်း အဆုံးတွင် နိဗ္ဗာန်ကို မြင်ရတော့မည်သာ..။ (မဟာဂန္ဓာရုံဆရာတော်ကြီး၏ ရတနာ့ဂုဏ်ရည်မှ)