မိမိကိုယ်ကို တန်ဖိုးထားပြီး ကြီးပွားတိုးတက်လိုသော ယောက်ျားကောင်း၊ ယောက်ျားမြတ်သည် ပစ္စုပ္ပန် တစ်ခဏ သာယာမှုကို မကြည့်။ သံသရာအရှည်ကြီးကို သတိ၊ သမ္ပဇဉ် ဉာဏ်တို့ဖြင့် ကြည့်ရှုပြီး မိမိကိုယ်ကိုယ်ကို တိုးတက် ကြီးပွားအောင် ပြုလုပ်လေ၏။
လက်ရှိအချိန်မှာ မိမိရဲ့ အကျိုးမဲ့ ကို ပြုလုပ်နေသော ရန်သူသည်ပင် ဟို အနမတဂ္ဂသံသရာစက်က ဂုဏ်ကျေးဇူး အထူးရှိခဲ့ဖူးတဲ့ မိခင် ဖခင် ဆရာသခင် ကျေးဇူးရှင်များ ဖြစ်ဖူးခဲ့ကြလေသည်။ ဤကဲ့သို့ သတိ သမ္ပဇဉ် ဉာဏ်တို့ဖြင့် ဆင်ခြင် ပြီး ယခုရော နောင်ပါ ပျက်စီးမည့် မကောင်းမှု အကုသိုလ် တို့ကို မပြုလုပ်ကြပေ။
စကားအရာ၌ စပ်၍ ပြောရသော် အချို့သော စကားတို့ကား မှန်သည်ဖြစ်သော်လည်း ပြောတိုင်း မသင့်။ ပြောတိုင်း မကောင်း။ အကျိုးရှိမှသာ ပြောဆိုသင့်တယ်။ မှန်လည်း မှန်၊ အကျိုးလည်း ရှိမှသာ ပြောဆိုသင့်တယ်။ မှန်ရုံတစ်ခုတည်းနဲ့တော့ ပြောဖို့ မသင့်ပါ။ တစ်ဖက်သူ မကြိုက်က မုန်းရုံသာ အဖတ်တင်တတ်တယ်။ ကိုယ်ပြောစကားကို အလေးမထားပြန်ကလည်း ကိုယ်ပဲ သိက္ခာကျရပြန်တယ်။ သို့ကြောင့် စကားဆိုတာ ပြောခွင့် ရတိုင်း၊ ပြောဆိုတိုင်း စကားကောင်း စကားမြတ်တို့ကား ဖြစ်မလာနိုင်ပေ။
ကိုယ့်ဘက်က အခွင့်သာတုန်း အနိုင်ကြဲလိုက်မယ်ဟ ဆိုပြီး အားနည်းသူ တဖက်သား အပေါ် အနိုင်မယူသင့်။ အနိုင်ယူဖို့ မကောင်း။ သံသရာကို ကျင်လည်ကြကုန်သော သတ္တဝါတို့မည်သည် ဘယ်တော့မှ အမြဲတမ်း အနိုင်မရနိုင်။ အမြဲတမ်းလည်း မရှုံးတတ်။ ကိုယ်အားသာတုန်း အနိုင်ရခဲ့ပေမဲ့ အားနည်းသော အချိန်ရောက်သောအခါ ရှုံးရပြန်တာပဲ။
ဤကဲ့သို့ အတုံ့ အလှဲ့ တရားတို့ကို ဆင်ခြင်၍ ပညာရှိသော ယောက်ျားကောင်း၊ ယောက်ျားမြတ်သည် အင်အားကြီး၍ အနိုင်ရနိုင်သည့် အခါ၌ပင် အားနည်းနေသော ရန်သူကို အနိုင်မယူတတ်။ သည်းခံ ခွင့်လွတ်နိုင်ပေသည်။
နိုင်သော အရာလည်း မမြဲ။ နိုင်သောသူလည်း မမြဲ။ ရှုံးသော အရာလည်း မမြဲ။ ရှုံးသောသူလည်း မမြဲ။ ဘယ်အရာမှ အတည်မမြဲသောကြောင့် ဘယ်သူ ရှုံးသည် နိုင်သည် ဟူ၍လည်း မရှိနိုင်တော့။ ပညာရှိသော ယောက်ျားသည် အနိုင် အရှုံးကို ဆုံးဖြတ်ပေးရိုး ထုံးစံ မရှိ။ ကိုယ်တိုင်လည်း မဆုံးဖြတ်။ သူတပါးကိုလည်း ဆုံးဖြတ်စေတော် မမူ။ ယောက်ျားကောင်းမှန်ရင် အနိုင် အရှုံးကို တွက်ဆပြီး အလုပ်လုပ်တော် မမူကြ။ အများကောင်းကျိုး၊ ကိုယ့် ကောင်းကျိုး များကိုသာ ကြည့်ရှုပြီး လုပ်ဆောင်ရိုးပြုတော်မူကြ၏။
နိုင်တိုင်းလည်း အနိုင်မယူတတ်။ ရှုံးတိုင်းလည်း သည်းခံတော် မူနိုင်ကြ၏။ သက်ရှိ သက်မဲ့
အားလုံးတို့၏ မမြဲတတ်သည့် သဘောတရားကို အမြဲဆင်ခြင်ပြီး နေထိုင် ကျင့်သုံးတော် မူ၏။
ငါတို့တစ်တွေလည်း ပညာရှိယောက်ျားတို့ ထုံးစံ နမူနာ အတိုင်း နေထိုင်သင့်တယ် မဟုတ်လား။
( မိမိ ကိုယ်ကို၊ ကြီးပွာ လိုက၊ အတို မပြု၊ အရှည် ရှုလော၊ ဒီဃာဝု မည်၊ လောင်း ဇာနည် သို့၊ ခိုင်ကျည်စွာဘိ၊ သမာဓိ နှင့်၊ သတိ သမ္ပဇဉ်၊ ယှဉ်စေ ရှေးဦး၊ လွန် မကျူးနှင့်၊ ကျေးဇူး ရှိ မဲ့၊ နှိုင်း ရှဲ့ ကောင်း ဆိုး၊ မှု အမျိုး ကား၊ ရိုးရိုး ဆိုတန်၊ မဆို တန်နှင့်၊ မှန် တိုင်း မကောင်း၊ ချက် ဖယောင်း သို့၊ ပျော့ တိုင်း မရာ၊ ကျောက် ပမာလည်း၊ မာတိုင်း မသင့်၊ အခွင့် မဆိုင်၊ ရေး မပိုင်က၊ အနိုင် ဘယ်ခါ၊ မကျင့် ရာဘူး )
( မဃဒေဝ-၂၂၁ )
မှတ်ချက်။ ။ ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်။