ရုပ်ကို ဖြစ်စေတက်တဲ့ အကြောင်းတရား ၄-ပါး
အဲဒီတော့ ဒီ
ရှစ်ခုဟာ အကြောင်းမရှိဘဲနဲ့တော့ သူတို့ မဖြစ်ဘူး၊ အဲဒီ ရုပ်တရားတွေရဲ့ အကြောင်းဟာ
လေးမျိုးရှိတယ်၊ ရုပ်ကို လေ့လာတဲ့အခါမှာ အကြောင်းတရားကိုလည်း ဆက်ပြီးတော့
လေ့လာကြရမယ်။
ရုပ်ကို
ဖြစ်စေတက်တဲ့ အကြောင်းတရား လေးခုထဲမှာ ‘ကံ’ ဆိုတာ တစ်ခုပါတယ်၊ ‘စိတ်’ ဆိုတာ
တစ်ခုပါတယ်၊ လူရဲ့စိတ်ကလည်း ရုပ်ကို ဖြစ်စေတက်တယ်၊ နောက်တစ်ခုက ‘ဥတု’၊ ဥတုဆိုတာ
တခြားကို ခေါ်တာ မဟုတ်ဘူး၊ တေဇောဓာတ်ကိုပဲ ခေါ်တာ၊ ဥတု ဥတုနဲ့ ပြောနေတာ၊ ဟယ်
ဥတုကလည်း မကောင်းဘူးတဲ့ ပြောကြတယ်၊
ဘာကို
ပြောတာတုန်းပူတာ, အေးတာကိုပဲ ပြောနေတာ မဟုတ်လား၊ ပူရင်လည်း ဥတု မကောင်းဘူး၊
အေးရင်လည်း ဥတုမကောင်းဘူး ပြောကြတယ်၊ မပူမအေးလေးမှ ကောင်းတယ်လို့ ပြောကြတယ်၊
ရာသီဥတုမကောင်းဘူး အဲဒါပဲ၊ temperature ဆိုတဲ့ တေဇော ဓာတ်ကိုပြောတာ၊ နောက်
‘အာဟာရ’၊ နေ့စဉ်စားသုံးတဲ့ အာဟာရထဲက သြဇာ၊ အဲဒီအာဟာရကြောင့်လည်း ရုပ်တွေ
ဖြစ်တယ်တဲ့။
အဲဒီ ရုပ်
၈-မျိုးဟာ “ကံ၊ စိတ်၊ ဥတု၊ အာဟာရ” ဆိုတဲ့ အကြောင်းတရား ၄-ပါးကြောင့်ဖြစ်တယ်၊ အဲဒီ
ရုပ် ၈-မျိုးဟာ သက်ရှိသတ္တ၀ါတွေမှာ ကံကြောင့် ဖြစ်နိုင်တယ်၊ စိတ်ကြောင့်
ဖြစ်နိုင်တယ်၊ အာဟာရကြေင့်ဖြစ်နိုင်တယ်၊ သက်မဲ့တွေကျတော့ ဥတုကြောင့်ပဲ ဖြစ်တယ်၊
ကြည့်-သစ်ပင်တွေ ရှင်သန်ထွားကျိုင်း နေတာတို့ ညှိုးခြောက်သွားတာတို့ဆိုတာ
ဥတုကြောင့် ဖြစ်တာနော်။
အဲဒီ
သစ်ပင်လို့ခေါ်တဲ့ အရာကိုလည်း ကြည့်လိုက်မယ် ဆိုရင် ဟောဒီရုပ် ၈-ခု
ဖွဲ့စည်းထားတာပဲ၊ ပုံပန်းသဏ္ဌာန်ကျတော့ အမျိုးမျိုး ဖြစ်နေတယ်၊ ဒီရုပ် ၈-ခုကိုပဲ
အမြစ်ပုံသဏ္ဌာန်ကျတော့ လူတွေက ‘အမြစ်’ လို့ ခေါ်လိုက်တယ်၊ ဟော လုံးလုံးပင်စည်ကြီး ကျတော့
လူတွေက ‘ပင်စည်’ လို့ ခေါ်လိုက်ပြန်တယ်၊ ပင်စည်ရဲ့ပုံသဏ္ဌာန်က ခုနအမြစ်နဲ့
မတူပြန်ဘူး၊ တစ်ခါ အကိုင်းကျတော့လည်း ပင်စည်နဲ့ မတူပြန်ဘူး၊ အမြစ်နဲ့ မတူပြန်ဘူး၊
လူတွေက အဲဒါကို နာမည်တစ်မျိုး ပေးလိုက်ပြန်တယ်၊
ကဲ
သစ်ပင်တစ်ပင် ကြည့်လိုက်မယ်ဆိုလို့ရှိရင် အမြစ်ရှိတယ်၊ ပင်စည်ရှိတယ်၊ အကိုင်း
ရှိတယ်၊ အရွက် ရှိတယ်၊ အပွင့် ရှိတယ်၊ အသီး ရှိတယ်၊ သစ်ပင်တွေမှာ အဲဒါတွေ
အားလုံးဟာ ဟောဒီ ရုပ် ၈-ခုနဲ့ ဖွဲ့စည်းထားတာတွေချည်းပဲ၊ သဏ္ဌာန်အမျိုးမျိုးနဲ့
ပေါ်နေတာ။
မဟာဘူတ
အဲဒီလို
သဏ္ဌာန်အမျိုးမိျုးတွေ ပေါ်နေတာဟာ ဘယ်အရာကို မှီပြီး ပေါ်နေတာတုန်း ဆိုလို့ရှိရင်
ဓာတ်ကြီးလေးပါးကို မှီပြီးပေါ်နေတာတဲ့၊ ဒါကြောင့်မို့ ဓာတ်ကြီးလေးပါးကို မဟာဘူတလို့
ခေါ်တာ၊ အင်္ဂလိပ်လို ပြန်လို့ရှိရင် great appearance ပုံပန်းသဏ္ဌာန် အကြီးကြီးတွေ
ပေါ်လွင်လာတာကို မဟာဘူတ။
နောက်တစ်ခုက
မဟာအဘူတ- အံ့သြစရာ သဏ္ဌာန်တွေ အမျိုးမျုး ပြတယ်လု့ ဒီလို အဓိပ္ပာယ်ရတယ်၊ ကြည့်လေ၊
တောင်ကြီးတွေဆိုလည်း ဓာတ်ကြီးလေးပါးပဲ၊ တောင်ကြီးတွေတို့ သစ်ပင်ကြီးတွေတို့
အင်မတန် ကြီးတာတွေ အကုန်လုံးဟာ ဟောဒီ မဟာဘူတပဲ၊ မဟာဘူတပေါ်မှ အဆင်း အနံ့ အရသာ
ဥပါဒါရုပ်တွေက မှီပြီးတော့ နေကြရတာ၊ ကြီးတာက မဟာဘူတက ကြီးတာ၊ ဒါကြောင့်မို့
မဟာဘုတ်လို့ ခေါ်တာ၊ မဟာဘူတဆိုတဲ့ စကားလုံးကို ကြည့်ပြီးတော့ ခေါ်တာ၊ “မဟာ” ဆိုတာ
အလွန်ကြီးပြီးတော့ “ဘူတ” ဆိုတာ ပေါ်လွင် ထင်ရှားနေတဲ့ အရာတွေလို့ ဒီလိုပြောတာနော်၊
တောင်ကြီးတွေရဲ့ သဏ္ဌာန်တွေရဲ့ သဏ္ဌာန်အင်မတန်ကြီးတယ်၊ မြေပြင်ကြီး
ရေပြင် ကြီး၊ မီးပုံကြီးဆိုတာ အင်မတန်ကြီးတဲ့ ပုံပန်းသဏ္ဌာန်တွေ အနေနဲ့ ပေါ်လာတာ၊
ဒါကြောင့်မို့ ‘မဟာဘူတ’ great appearance ပေါ့။
အဲဒါကိုပဲ
‘ဓာတု’ element လို့လည်းခေါ်သေးတယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ ဓာတုဆိုတဲ့ သဘာဝတရားက
သတ္တ၀ါ မဟုတ်ဘူးတဲ့၊ သူ့သဘော သူဆောင်နေတဲ့ အရာတဲ့၊ ဓာတုဆိုတဲ့ စကားလုံးက
သတ္တ၀ါဆိုတာကို reject လုပ်ထားတာ၊ သတ္တ၀ါ ဆိုတာ မဟုတ်ဘူးတဲ့၊ ဇီဝလို့ ပြောတဲ့အရာ
မဟုတ်ဘူးတဲ့၊ ဓာတုဆိုတာ သတ္တလည်း မဟုတ်ဘူး၊ ဇီဝလည်း မဟုတ်ဘူး၊ သူ့သဘော သူဆောင်နေတဲ့
သဘာဝတရား သက်သက်မျှသာလို့ ပြောတာနော်။
မြတ်စွာဘုရားက
‘နိဿတ္တ နိဇ္ဇီ၀’
သတ္တ၀ါ မဟုတ်ဘူးတဲ့၊ ဇီဝဆိုတာ ခေါ်စရာမဟုတ်ဘူး၊ ဒီ ‘ဇီဝ’ တို့ ‘သတ္တ’ တို့ဆိုတာကို
အိန္ဒိယ ဖလော်ဆော်ဖီမှာ ထ၀ရ မြဲနေတဲ့အရာတွေလို့ ယူဆထားကြတယ်၊ ဗမာတွေမှာလည်း ဒီလို
မြဲတယ်ဆိုတဲ့ အယူအဆ တစ်ခု ရှိတာပဲ၊ ဘာတုန်းဆိုရင် လူသေရင် လိပ်ပြာက ထွက်သွားတယ်
မဟုတ်လား၊ လိပ်ပြာဆိုတာ ရှိသေးတယ်၊ Butterfly ဆိုတဲ့ လိပ်ပြာ၊ အဲဒီ လိပ်ပြာကောင်က
ထွက်ပြီးတော့ နောက်ဘ၀ ၀င်စားတယ်လို့ ပြောကြတယ်၊ တကယ်တော့ သေပြီးတော့ ထွက်သွားတယ်
ဆိုတာလည်း တစ်ခုမှ မရှိဘူး၊ ၀င်စားတယ် ဆိုတာလည်းတစ်ခုမှ မရှိဘူး၊ အကြောင့်ကြောင့်
အကျိုးပေါ်တာပဲ ရှိတယ်။
ဗုဒ္ဓဘာသာအယူအဆ
အဘိဓမ္မာတရားတော်အရ ရှေ့ကတစ်ခုပြီးတစ်ခု ပျောက်သွားတာနဲ့ နောက်က အသစ်သစ် ပေါ်နေတာပဲ
ရှိတယ်လေ၊ အခု ဘုန်းကြီး တရားဟောတဲ့ အသံတွေပဲကြည့်၊ ရှေ့က အသံတွေဟာ တစ်ခုပြီးတစ်ခု
ပျောက်နေတာ၊ နောက်က အသံတွေ ဆက်ပေါ်နေတာလေး။
အဲဒါလိုပဲ၊
ဘ၀ကူးတယ်ဆိုတာ ဒီအတိုင်းပဲ၊ ဘာမှ မထူးဘူး၊ ဖြစ်စဉ်ကြီး တစ်ခုပဲ၊ ရှေ့ကပျောက်
နောက်ကပေါ်၊ ရှေ့ကပျောက် နောက်ကပေါ်၊ ဟောဒီ process ကြီးနဲ့ သွားနေတာ၊ အဲဒီတော့
ဒီထဲမှာ မြဲပါတယ် ဆိုတဲ့အရာ ဘယ်ရှိတော့မတုံး။
က၊ ခ၊ ဂ၊ ဃ
ရွက်ကြည့်လိုက်ပေါ့၊ အသံတွေက ရွတ်လိုက်တဲ့အခါ က၊ ခ၊ ဂ ဆိုတဲ့ အသံတွေကို
နားထောင်ကြည့်၊ ‘က’ ဆိုတဲ့အသံ ပျောက်သွားရင် ‘ခ’ ဆိုတဲ့ အသံပေါ်လာတယ်၊ အဲဒီမှာ
စဉ်းစားကြည့်၊ ‘က’ ကနေ ‘ခ’ ဖြစ်သွားတာလား၊ ‘ခ’ ကနေ ‘ဂ’ ဖြစ်သွားတာလားလို့ မေးရင်
မဟုတ်ဘူး၊ ‘က’ က ပေါ်ပြီးပျောက်သွားပြီးမှ ‘ခ’ ဆိုတာ ပေါ်လာပြန်တာ၊ ‘ဂ’
ဆိုတာလည်း ‘ခ’ က ဖြစ်လာတာ မဟုတ်ဘူး၊ သူက ပေါ်လာတာ။
အဲဒီလိုပဲ
လူတစ်ယောက် ဒီဘ၀က သေဆုံးသွားပြီဆိုလို့ ရှိရင် အကြောင်းကြောင့်
နောင်ဘ၀မှာ ထပ်ပေါ်တာကို ပြောတာ၊ ဒီကနေပြီးတော့ လိပ်ပြာတို့၊ ၀ိညာဉ်တို့ကနေ
ထွက်သွားပြီး ဟိုကို ၀င်စားတာ မဟုတ်ဘူးတဲ့။
သို့သော် line
ကလေးကတော့ ရှိတာပေါ့၊ နို့မို့ဆို အလွဲလွဲ အမှားမှား ဖြစ်ကုန်တာပေါ့၊
သူ့လိုင်းနဲ့သူ သွားနေတာပဲ နော်၊ ဖြစ်ပျက်နေတဲ့ line လေးအတိုင်းပဲ သွားနေတာဆိုတော့
ဒီဘ၀က ဘာလုပ်လုပ် နောင်ဘ၀အတွက် responsible၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်၊
ဘာဖြစ်လို့လည်း ဆိုရင် လိုင်းကြောင်းက တစ်ခု တည်းနဲ့ သွားနေတာမို့ ပေါ်ပြီး
ပျောက်သွားပေမယ့် နောက်ထပ် ပေါ်လာမယ့်အရာကို ရှေ့ကပျောက်သွားတဲ့ သဘာဝတရားက နောက်ထပ်
ပေါ်လာဖို့ရန်အတွက် energy တွေကို ပေးထားခဲ့တာ၊ အဲဒီ စွမ်းအင်တွေက နောက်အလုံးထဲမှာ
ပြည့်ပြည့်သွားလို့ နောက်ပေါ်တာက ရှေ့ပေါ်တာထက် စွမ်းအင်တွေ ပိုလာတက်ကြတာ။
ပညာသင်တာပဲ
ကြည့်လေ၊ မူလတန်းပညာ သင်ထားတဲ့ဟာက အလယ်တန်းပညာ သင်ဖို့ရာအတွက် စွမ်းအင်တွေ
ကျန်ရစ်တယ်၊ ဟုတ်လား၊ တစ်ခါ အလယ်တန်းပညာကနေ အထင်တန်းပညာ၊ အထက်တန်းပညာကနေ
တက္ကသိုလ်ပညာ၊ အကယ်၍သာ energy မရှိဘူး ဆိုလို့ရှိရင် လုံးဝ ပျောက်သွားမယ်၊ မူလတန်းက
သင်ထားတာက ဘယ်လိုလုပ်ပြီး အလယ်တန်းကို အကျိုးပြုမလဲ၊ အခုဟာက အကျိုးပြုနေတယ်လေ၊
မူလတန်း မသင်ဘဲနဲ့ အလယ်တန်း တက်လို့ မရဘူးလေ၊ နားမလည်နိုင်ဘူးလေ၊ ဒါတွေက
ပျောက်သွားတာတော့ ဟုတ်တယ်၊ ဒါပေမယ့် လုံးဝ ပျောက်သွားတာ မဟုတ်ဘူး ၊ energy
လေးတွေပေးထားခဲ့တယ်နော်။
ဒါကြောင့်မို့
ဘုရားအလောင်းတော် သုမေဓာဘ၀က ပါရမီဖြည့်တာ ဂေါတမဘုရားဘ၀ကျတော့ perfect ဖြစ်တာပေါ့၊
နို့မို့ဆိုရင် ဘယ် perfect ဖြစ်မလဲ၊ ကိုယ့် line ကလေးနဲ့ ကိုယ်ကတော့
ရှိရတယ်၊ သို့သော် အဲဒီ line ထဲမှာ မြဲနေတဲ့ အရာ ရှိလားဆိုတော့ မရှိဘူး၊
အကြောင်းအကျိုး ဆက်ပြီး သဘ၀တရားဟာ တစ်ခုဖြစ် တစ်ခုပျက်၊ တစ်ခုဖြစ် တစ်ခုပျက်နဲ့
သံသရာထဲမှာ အဲဒီပုံစံနဲ့ပဲ သွားနေတယ်၊ အကြောင်းတရားကို မှီဖြစ်ပြီးတော့
သွားနေကြတာ။
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၉၇ - ၁၀၃) မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။
*ဆက်ရန်* {လူ့ခန္ဓာ၌ မဟာဘုတ်တည်ပုံ} အား ဆက်လက်ရေးသား ပူဇော်ပါမည်။