ရုပ်တရားကို
လေ့လာသုံးသပ်ခြင်း
အပိုင်း(၂)
ရုပ်အားလုံး၏အခြေခံရုပ် ၈-ခု
လူ့လောကကြီး
ကြည့်လိုက်ရင် အားလုံး ပုံပန်းသဏ္ဌာန်တွေနဲ့ မြင်နေရ တွေ့ကြုံနေရတာတွေဟာ လူတွေရဲ့
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်လို့ဆိုတဲ့ အင်္ဂါရပ်တွေနဲ့ ထိတွေ့ပြီး
သိရှိနေရတာတွေဟာ ရုပ်တရားတွေပါ၊ လူရဲ့ ခန္ဓာကိုယ်ကြီးကို ဘာတွေနဲ့
တည်ဆောက်ထားသလဲလို့ “စာတုမဟာ
ဘူတိကော အယံကာယော” တဲ့၊ အယံ
ကာယော - ဤ လူတွေရဲ့ ခန္ဓာကိုယ်ကြီးကို၊ စာတုမဟာဘူတိကော- မဟာဘူတဆိုတဲ့
ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။
ဘယ်နေရာပဲဖြစ်ဖြစ်
မဟာဘူတဆိုတာတွေရဲ့ အစုအဝေးကြီးပဲ၊ မဟာဘူတတွေနဲ့ တည်ဆောက်ထားတာ၊ မဟာဘူတဆိုတာ
ပုံသဏ္ဌာန် အမျိးမျိုးနဲ့ ထင်ရှား ပေါ်လွင်နေတာတွေ၊ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အင်္ဂ
ါရပ်တွေကိုပဲကြည့်၊ ခေါင်းက ပုံစံတစ်မျိး၊ ခေါင်းမှာလည်းပဲ နားရွက်က
ပုံစံတစ်မျိုး၊ နှာခေါင်းက ပုံစံတစ်မျိုး၊ ပုံစံအမျိုးမျိုး၊ လက်က တစ်မျိုး၊
ဝမ်းဗိုက်က တစ်မျိုး၊ ခြေထောက်က တစ်မျိုး၊ ပုံစံမတူတဲ့ဟာတွေ ခန္ဓာကိုယ်ကြီး
တစ်ခုထဲမှာ ရှိတယ်။
ခန္ဓာကိုယ်ကြီးအတွင်းမှာရှိတဲ့
အင်္ဂါအစိတ်အပိုင်းတွေ ကြည့်ဦးမယ်ဆိုရင် အသည်းက ပုံစံတစ်မျိါ်၊ အဆုတ်က
ပုံစံတစ်မျိုး၊ နှလုံးက ပုံစံတစ်မျိုး၊ အရိုးတွေ အကြောတွေ အသားတွေက ပုံစံတစ်မျိုး၊
ဒါတွေဟာ ဘာတွေနဲ့ တည်ဆောက် ထားတာတုန်း ဆိုရင် မဟာဘုတ်လေးပါးနဲ့ပဲ။
ဒီလို
အတုံးအခဲကြီး ဖြစ်နေရတဲ့ ရုပ်တရားတွေရဲ့ တည်ရာ မှီရက ဘယ်သူတုံးဆိုရင် ပထ၀ီပဲ၊
ပထ၀ီပေါ်စုပြီး တည်နေတာ၊ ပထ၀ီဆိုတာ ရုပ်အားလုံးရဲ့ တည်ရာဖြစ်တယ်၊ ခက်မာတဲ့
အတုံးအခဲဖြစ်တယ်။
အတုံးအခဲဆိုတဲ့
တည်ရာ ပထ၀ီပေါ်မှာ အခြေပြုပြီးတော့ အာပေါက ပြိုလဲမသွားအောင် စုစည်းပေးတယ်၊ တေဇော က
ရင့်ကျက်လာစေတယ်၊ မာလာစေတယ်၊ အတုံးအခဲ ခိုင်မြဲစေတယ်၊ ၀ါယောကနေပြီး
တွန်းကန်ပေးထားတယ်၊ ဒီလိုနဲ့ ပုံစံလေးတွေ ပေါ်လာအောင် မဟာဘုတ်လေးပါးနဲ့
တည်ဆောက်ထားတာ။
အဲဒီ
မဟာဘုတ်လေးပါးမှာ မျက်စိနဲ့မြင်ရတဲ့ အဆင်း(၀ဏ္ဏ)ဆိုတာ ပါရှိနေပြန်တယ်၊ နှာခေါင်းနဲ့
အနံ့ရှူလို့ရတဲ့ ရှူရှိုက်လို့ရတဲ့ အနံ့(ဂန္ဓ)ဆိုတဲ့ ရုပ်သဘော တည်ရှိနေပြန်တယ်၊
လျှာနဲ့လျက်လို့ သိရတဲ့ အရသာ(ရသ) ဆိုတဲ့ ရုပ်သဘောလေးက တည်ရှိနေပြန်တယ်၊
အကျိုးတစ်ခုခုကို ထပ်ဆင့် ထုတ်လုပ်နိုင်တဲ့ ကြဇဆိုတဲ့ အဆီအနှစ်သဘောလေး
တည်ရှိပြန်တယ်၊ ဘယ်နေရာကြည့်ကြည့် လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အခြေခံအားဖြင့်
ဟောဒီရုပ်(၈)ခု စုတွဲပြီးနေတယ်။
အခုခေတ်
ခန္ဓာဗေဒ Anatomy ကျမ်းမှာ ဆိုတဲ့အတိုင်း လူရဲ့ခန္ဓာကိုယ်မှာ ဆဲလ်လေးတွေ
မြောက်များစွာရှိတယ်၊ ရုပ်ဟာ အင်မတန် သေးငယ်တဲ့ အမှုံလေးတွေအဖြစ် စုပြီးနေတယ်၊
သို့သော် ကြည့်လိုက်လို့ရှိရင် ပုံပန်းသဏ္ဌာန်ကြီးနဲ့ မြင်နေရတယ်၊ အင်မတန်
အင်အားကောင်းတဲ့ မှန်ပြောင်းကြီးနဲ့ ကြည့်လိုက်မယ် ဆိုလို့ရှိရင် လူရဲ့ခန္ဓာကိုယ်ဟာ
ဇာခြင်ထောင်လို၊ အပေါက် အပေါက်တွေနဲ့၊ တစ်ခုစီ တစ်ခုစီ ဖြစ်နေတာမျိုး
မြင်ရလိမ့်မယ်။
ကြည့်လေ၊
ဘုန်ကြီးတို့ဝတ်ထားတဲ့အ၀တ်၊ ဒီအတိုင်းကြည့်လိုက်မယ် ဆိုရင် အ၀တ်ပုံ သဏ္ဌာန်အတိုင်း
မြင်နေရမယ်၊ သေသေချာချာ လေ့လာကြည့်လိုက်မယ်ဆိုလို့ရှိရင် ချည်ချောင်းလေးတွေ
မမြင်ရဘူးလား၊ ချည်ချောင်းလေးတွေ ပေါင်းထားတာ၊ ဘေးကနေ ရုတ်တရက်
ကြည့်လိုက်မယ်ဆိုရင် ချည်ချောင်းကလေးတွေ ပေါင်းထားတာလို့ မသိရဘူးနော်၊ တချို့က
သာမန်မျက်စိနဲ့ ထိုးဖောက်ပြီးတော့ မမြင်ရအောင် ပိတ်ပိတ်သဲသဲကို ဖြစ်နေတာ၊ သို့သော်
အများကြီးကို စုထားတာလို့ ဒီလိုမှတ်ရမယ်။
ဒါကြောင့်
မြတ်စွာဘုရားက ရုပ်အကြောင်းကို ရှင်းပြတိုင်း သုတ္တန်တွေထဲမှာ ရုပ်ဆိုတာ ဘာလဲ၊
မဟာဘုတ် လေးပါးရယ်၊ မဟာဘုတ် လေးပါးကို မှီပြီးဖြစ်နေတဲ့ ရုပ်တွေရယ် ဒါပဲ
ရှိတယ်တဲ့၊ “စတ္တာရော စ မဟာဘူတ-မဟာဘုတ်
လေးပါးရယ်၊ စတုန္နံ စ မဟာဘူတာနံ
ဥပါဒါယ ရူပံ- မဟာဘုတ် လေးပါးကို မှီတွယ်ပြီး ဖြစ်နေသော ရုပ်ရယ်”
ဒါပဲ ရှိတယ်လို့ မြတ်စွာဘုရားဟောတော်မူတယ်။
သို့သော်
လူတွေရဲ့ သဏ္ဌာန်မှာတော့ ခေါင်းတို့ လက်တို့ ခြေတို့ စသည်ဖြင့် ခေါ်နေကြသလို၊
ပြင်ပဗဟိဒ္ဓမှာ ဆိုရင် ဒါက သစ်ပင်၊ ဒါက ကျောက်ခဲ၊ ဒါက အိမ် စသည်ဖြင့်
ပုံစံအမျိုးမျိုးနဲ့ လူတွေ ထင်မြင် ယူဆချက်အတိုင်း အမည်နာမ ပညတ်တွေ တင်ပြီး
ခေါ်နေကြတာ၊ ဘယ်အရာပဲ ဖြစ်ဖြစ် ဟောဒီ ရုပ်(၈)ခုရဲ့ အစုအဝေးကြီးမျှသာ ဖြစ်တယ်လို့
မှတ်ရမယ်နော်။
သို့သော်
သက်ရှိသတ္တ၀ါတွေကျတော့ ဒီထက်ပိုလာတဲ့ ရုပ်တွေ ရှိသေးတယ်၊ အခြေခံ ရုပ်ကတော့
ဒီ(၈)ခုပဲ၊ ဒီ (၈)ခုနဲ့ဆို ပုံသဏ္ဌာန် ပေါ်နေပြီ၊ အဲဒီ (၈)ခုက ကံကြောင့် ဖြစ်တာလည်း
ရှိတယ်၊ စိတ်ကြောင့် ဖြစ်တာလည်းရှိတယ်၊ ဥတုကြောင့် ဖြစ်တာလည်း ရှိတယ်၊
အာဟာရကြောင့် ဖြစ်တာလည်း ရှိတယ်။
ဇီဝိတရုပ်
သက်ရှိသတ္တ၀ါတွေမှာ
ဘာပိုလာတုန်းဆိုတော့ ဇီဝိတရုပ်ဆိုတဲ့ ‘အသက်ရုပ်’ ၊ မိမိနဲ့ အတူတကွ
ဖြစ်ဖက်ရုပ်တွေကို ဆက်လက်ရှင်သန်နေအောင် ထိန်းထားပေးနိုင်တဲ့ ဇီဝိတဆိုတဲ့ ရုပ်၊
ကံကြောင့်ဖြစ်တဲ့ ရုပ်တွေကိုသာ ထန်းတာ၊ ဥတုကြောင့် ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့်
ဖြစ်တဲ့ရုပ်တွေ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေကို သူက ထိန်းပေးတာ မဟုတ်ဘူး၊ အတိုးအတာ
အလိုက် တည်ရှိနေအောင် အဆက်ဆက် ဖြစ်နေအောင် သူကနေ စွမ်းဆောင်ပေးတာ။
စိတ်ကြောင့်ဖြစ်တဲ့
ရုပ်ဆိုတာ ဖြစ်ဆဲစိတ် ဖြစ်တိုင်း အပ်ထပ်ဖြစ်တာ၊ ဥတုကြောင့် ဖြစ်တဲ့ ရုပ်ဆိုတာ
ဥတုကြောင့် အထပ်ထပ် ဖြစ်နတာ၊ အာဟာရကြောင့် ဖြစ်တဲ့ ရုပ်ဆိုတာ အာဟာရ စားတိုင်း
စားတိုင်း အထပ်ထပ် ဖြစ်နေတာ။
ကံကြောင့်ဖြစ်တဲ့
ရုပ်ဆိုတာကျတော့ အဲဒီလို မဟုတ်ဘူး၊ အတိတ်ဘ၀က ကံကြောင့်ဖြစ်တာ၊ ခုချိန်မှာ
ထင်ရှားရှိနေတဲ့ ကံကြောင့်မဟုတ်ဘူး၊ အဲဒီ အတိတ်ကံကြောင့် ဖြစ်တဲ့ ရုပ်တွေကို
ဇီဝိတရုပ်က ထိန်းသိမ်း စောင့်ရှောက်ပေးနေတာ၊ ဇီဝိတရုပ် ကိုယ်တိုင်ကလည်း
သူ့သက်တမ်းလေးနဲ့ သူနေရတာ။
အတိတ်
ကံတွေကြောင့် ဖြစ်တဲ့ရုပ်တွေ ထပ်တလဲလဲ ဖြစ်နေအောင် ဇီဝိတရုပ်ဆိုတဲ့
အထိန်းဓာတ်ကလေးက ထိန်းပေးထားတယ်၊ ဒီလို မှတ်ရမယ်၊ ကမ္မဇရုပ် ရှိနေသေးသမျှ
ကာလပတ်လုံး ကျန်တဲ့ ဥတုရုပ်တို့, အာဟာရရုပ်တို့, စိတ္တဇရုပ်တို့ဆိုတာ ဒီ
ဇီဝိတရုပ် အထောက်အပံ့ အကူအညီနဲ့ လူရဲ့ ခန္ဓာကိုယ်မှာ ဆက်လက်ပြီး ပေါ်နေကြတယ်တဲ့။
ကဲ ရုပ်(၈)
ခုပေါ်မှာ ဇီဝိတထည့်ရင် ၉-ခုဖြစ်သွားပြီ၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ဆိုတာ
အခြေခံအားဖြင့် ၉-မျိုး ရှိတယ်လို့ ဒီလို မှတ်ရမယ်၊ ကံကြောင့် ဖြစ်တဲ့ရုပ်တွေကို
အခြေပြုပြီး စုစည်းထားတာ အနည်းဆုံး ၉-ခု စုစည်းရမယ်၊ ဥတုကြောင့် ဖြစ်တာကျတော့
(၈)ခုပဲ စုစည်းထားတယ်၊ ပထမ အခြေခံရုပ်က (၈)ခုပဲ ရှိတယ်၊ စိတ်ကြောင့်ဖြစ်တာလည်း
(၈)ခုပဲ၊ အာဟာရကြောင့်ဖြစ်တာလည်း (၈)ခုပဲ၊ (၈)ခုနဲ့ အခြေပြုပြီး စုစည်းထားတာ၊
ဒါပထမ အသေးဆုံး အခြေပြုတဲ့ ရုပ်ကလေးပါ့၊ အင်္ဂလိပ်လို
molecule မော်လီကျူးလေးတစ်ခုကို (၈)ခု နဲ့ စုစည်းတာ၊ ကမ္မဇရုပ်ကျတော့
အသေးဆုံးလေးကို (၉) ခုနဲ့ စုထားတယ်၊ ခုခေတ် စကားနဲ့ ပြောရင် (8 in 1), (9 in 1),
လို့ ဒီလိုပြောပေါ့နော်၊ ရှစ်ခုရဲ့ အစုအဝေး ကိုးခုရဲ့ အစုအဝေးလို့၊ လူတွေကျတော့ ကံ
ရှိတာကြောင့်မို့ ဇီဝိတဆိုတဲ့ ရုပ်ကလေးတစ်ခု ထပ်ပိုလာတယ်။
ဘာဝရုပ် ၂-ပါး
နောက်တစ်ခု
ဘာတွေ ပိုလာတုန်းဆိုရင် လူ့လောက လူရယ်လို့ ဖြစ်လာရင် အမျိုးသား, အမျိုးသမီး
နှစ်မျိုးကွဲလာတယ်၊ အမျိုးသားနဲ့ အမျိုးသမီး မတူညီတဲ့အချက်တွေ ရှိတယ်၊
အသံအားဖြင့်လည်း မတူညီဘူး၊ ရုပ်ပုံပန်းသဏ္ဌာန် သွားတာ လာတာ လှုပ်ရှားတာအားဖြင့်လည်း
မတူညီကြဘူး၊ ခန္ဓာကိုယ် တည်ဆောက်မှုတွေလည်း မတူဘူး၊ ဒီလို ကွဲပြားနေအောင် ဘယ်သူက
လွှမ်းမိုး ကြီးစိုးထားတာတုန်းဆိုတော့ အဲဒီမှာ ရုပ်တစ်မျိုး ရှိတယ်တဲ့။
အဲဒီရုပ်ကို
အမျိုးသမီးတွေမှာ အခြေပြုတဲ့ရုပ်က ဣတ္တိဘာဝရုပ်
လို့ ခေါ်တယ်။ အင်္ဂလိပ်လိုကျတော့ source of female အမျိုးသားတွေကျတော့ ဘာက
အခြေပြုထားတုန်းဆို ပုမ္ဘာ၀ရုပ် source of male တဲ့၊ ဒီ အခြေခံတာလေးတွေ ရှိတယ်။
အဲဒီတော့ ခုနက ဇီဝိတဆိုတဲ့ အသက်က ဘယ်မနားမှာ
ရှိတာတုန်းလို့ မေးလို့ရှိရင် အချို့ကလေးတွေ ပြောကြတဲ့အတိုင်း ဗိုက်ထဲမှာ
ရှိတယ်လို့ ပြောကြမှာပဲ၊ ဒီလို မဟုတ်ဘူး၊ ဇီဝိတရုပ်ဆိုတာ တစ်ကိုယ်လုံးမှာ
ပျံ့နေတာ၊ တစ်ကိုယ်လုံးမှာ စိမ့်ဝင်ပျံ့နှံ့နေတာ၊ အသက်ရုပ်က ရုပ်အားလုံးမှာ
စိမ့်ဝင် ပျံ့နှံ့နေတာ။
ထို့အတူပဲ၊
ဣတ္ထိဘာဝရုပ်တို့၊ ပုမ္ဘာ၀တီရုပ်တို့၊ ဖိုရုပ် မရုပ်ပေါ့၊ အခြေခံ ဖိုရုပ် မရုပ်တွေ
ဘယ်မှာရှိတုန်းလို့ဆို တစ်ကိုယ်လုံးမှာ ရှိတယ်၊ ဒါကြောင့်မို့
တစ်ကိုယ်လုံးမှရှိလို့ အမျိုးသမီးရဲ့ ပုံပန်းသဏ္ဌာန် အမျိုးသားရဲ့ ပုံပန်းသဏ္ဌာန်တွေ
ကွဲပြားနေတာ။
ခုခေတ် Anatomy
ဆရာတွေကတော့ ပြောမှာပေါ့၊ ဟိုမုန်းဓာတ်ကြောင့်လို့၊ ဒါ အခေါ်ကွဲသွားတာပဲ
ဖြစ်မယ်နော်၊ ဣတ္ထိဘာဝ ပုမ္ဘာဝကို ဟော်မုန်းလို့ ခေါ်ချင်ခေါ်ပေါ့၊ သို့မဟုတ်
ဟော်မုန်းဆိုတာက ဘယ်က လာတာတုန်းဆို ကံကနေ ဖန်တီးပေးလိုက်တာပဲ၊ အခြေခံကတော့
အကြောင်းကံပဲ၊ အဲဒီလို ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ် ထည့်လိုက်မယ်ဆိုလို့ရှိရင် ခုနက
ကံကြောင့် ဖြစ်တဲ့ ယူနစ်ကိုးခုထဲ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ တစ်ခုခု ထည့်လိုက်ရင် (၁၁)ခု
ဖြစ်သွားမယ်။
ကိုယ်ခန္ဓာ၌ ရုပ်အစုလိုက်နေပုံ
အဲဒီတော့
အုပ်စုလိုက် အုပ်စုလိုက်နေတာ ဣတ္ထိဘာဝရုပ် ထည့်လိုက်တဲ့အခါ ရုပ် ၁၀-ခုက တစ်ခု၊
ပုမ္ဘာဝနဲ့ ခုနက ကိုးခုနဲ့ တစ်ခုဆိုတော့ အဲဒါကိုပဲ ရုပ် ၁၀-ခုကို တစ်ခု၊
ရုပ်၁၀-ခုကို တစ်စုလို့ ဒီလို ဖွဲ့စည်းပြီးတော့ တည်နေတာကို ပြောတာနော်၊ ယူနစ်
ဖွဲ့စည်းထားတာ၊ တစ်ခုတည်း မတည်နေဘူး၊ အစုလိုက် အစုလိုက် တည်နေကြတယ်၊ ဒါကို ‘ရူပကလာပ’ လို့ ခေါ်တယ်။
ပေါင်မုန့်ကို
တစ်ခုစီ တစ်ခုစီ ဖဲ့ကြည့်လိုက်မယ်ဆိုရင် ပေါင်မုန့်ဟာ အစုလိုက် စုနေတာပဲ၊ စုနေလို့
ပေါင်မုန့် လုံးကြီးလို့ ထင်နေတာ၊ ထို့အတူပဲ၊ အ၀တ်ကို ကြည့်ရင်လည်း
ချည်ချောင်းလေးတွေ စုနေတာ မဟုတ်လား၊ အဲဒီအတိုင်းပဲ ခန္ဓာကိုယ်ထဲမှာ ကြည့်ရင်လည်း
ကမ္မဇရုပ်တွေဟာ အစုလိုက် အစုလိုက် နေတာ၊ စိတ္တဇရုပ်တွေလည်း အစုလိုက်၊
ဥတုဇရုပ်တွေလည်း အစုလိုက်၊ အဲဒီလို တစ်ခုစီ တစ်ခုစီ ယူနစ်တွေ စုပြီးတော့ ထားလို့
ပုံသဏ္ဌာန်ကြီး ပေါ်နေတာတဲ့။
*ဆက်ရန်* -------{ဟဒယ၀တ္ထုရုပ်} အား ဆက်လက်ရေးသား ပူဇော်ပါမည်။
*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၁၁၁-၁၁၈) မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။