ရှေးရိုးကျောင်းများ
မိမိတို့
မမွေးခင် ရှေးယခင်က အစိုးရအထောက်အပံ့ခံသော ရှေးရိုး ဘုန်းတော်ကြီးကျောင်းများလည်း ရှိ၏၊ ထိုကျောင်းများဝယ်
များစွာသော ဘုန်းတော်ကြီးတို့သည် အနေထိုင်အားဖြင့်
ကြည်ညိုစရာ ကောင်း၍ ကျောင်းသားသူငယ်များကိုလည်း မင်္ဂလသုတ်စသော လိမ္မာယဉ်ကျေးဖွယ်ရာ ဘာသာရေးစာပေများနှင့်တကွ
ထိုအချိန်က အသုံးဝင်မည့် လောကီရေးရာ ဂဏန်းသင်္ချာများဖြင့် လက်ရေး လက်သားသတ်ပုံ သတ်ညွန်းများကိုလည်း
သင်ပြတော်မူကြ၏၊ အနေအထိုင် အပြောအဆိုမှစ၍ ယဉ်ကျေးစေနိုင်သော ဆုံးမစာကို လည်း စာတွေ့လက်တွေ့
သင်ပေးတော်မူကြ၏။
ထို့ကြောင့် ဘုန်းကြီးကျောင်းမှ ထွက်သော ရှင်လူထွက်တို့သည်
လူ့လောကတွင် လူရာဝင်ခဲ့ကြလေသည်၊ လူရာဝင်သောကြောင့်လည်း ဆရာဘုန်းတော်ကြီးကို ကျေးဇူးတင်ကာ “အာစရိယဂုဏော
အနန္တော” ဟု စိတ်စောလျှက် အိမ်ထောင်ကျသည့်တိုင်အောင်
မိဘထက်ပင် ဆရာဘုန်းတော်ကြီးကို ရိုသေလေးစားကြသည်၊ ဆရာဘုန်းတော်ကြီးက ခေါ်၍ ဆုံးမသောအခါ အများအားဖြင့် နားထောင်ကြသည်၊
ထိုခေတ်က ထိုဘုန်းတော်ကြီးများ၏ ကျောင်းသည် ရွာဦး ရွာထိပ်၌ ရေတွင်း သို့မဟုတ် ရေကန်
သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်း ညိုညိုမှိုင်းမှိုင်းနှင့် ရွာသားကလေးများ၏ လိမ္မာရေး ပညာရေး
ကျန်းမာရေးကို ရရှိစေရာ လည်းဖြစ်၊ ရွာသူရွာသားတို့၏
လောကဓမ္မဆိုင်ရာ အသိ ပညာ အလိမ္မာ တိုးပွားစရာလည်းဖြစ်သော ရွာ့ကျက်သရေဆောင် ဌာနကြီး ဖြစ်ပါပေသည်။
ရှေးရှေးကသော်
ကျေးရွာကျောင်းတစ်ကျောင်း၌ ကျောင်းသား (၅၀)ခန့် ရှိလျှင် ရှင်သာမဏေတက်၍ အတော်ကြာမှ
လူထွက်ကြသဖြင့် သူ့ခေတ် အလိုက် အလိမ္မာ စာတတ်သူလည်း မနည်းခဲ့ပါ။ ဉာဏ်ထက်သူ ဖြစ်၍ ဇာတ်ကြီးဆယ်ဘွဲ့စသော
တရားစာများတိုင်အောင် သင်အံကျက်မှတ်ရသူ တစ်ချို့ကား ထိုဇာတ်ကြောင်းများကို အားကျ၍ တချို့မှာ
ရဟန်းဘဝအထိ ဆက်လက်နေကြသည်။
ကျောင်းသား (၅၀) ခန့်မှ လေးငါးယောက်လောက်က ရဟန်းဖြစ်၍ သာသနာ့ဝန်ကို
ထမ်းဆောင် သောအခါ လေးငါးယောက်လောက် ကျောင်းသားဟောင်း များသည် သာသနာ့ ဒါယကာအဖြစ်ဖြင့်
ဆွမ်း သင်္ကန်း ကျောင်းများကို တာဝန် ယူကြ၏၊ မိမိတို့ သားများကိုလည်း မိမိတို့နေခဲ့သော
ကျောင်းမှာပင် ဆက်လက် ပညာသင်စေခဲ့ကြ၏။
ဤနည်းအားဖြင့်
မြန်မာနိုင်ငံသို့ ရောက်လာသော သာသနကြို မြန်မာဒကာ မြန်မာဆရာတို့ အဆက်ဆက် ဆောင်ယူလာခဲ့ကြပါသည်၊
ထိုကျောင်းများသည် ယခုအချိန်တိုင်အောင် မယုတ်လျှော့ဘဲ တည်ရှိနေပါသေးမူ ခေတ်အလိုက်
ပြုပြင် ပြောင်းလဲကာ နိုင်ငံတော်၌ စရိတ်ကျဉ်းကျဉ်းနှင့် အကျိုးအများဆုံး ဌာနအဖြစ်ဖြင့်
ရွာအသီးသီးမှာ တည်တံ့နိုင်စရာ မရှိပါလော။
လောက၏
ဖြစ်တတ်သောသဘော
ဤလောက၏
သဘေကို စဉ်းစားသောအခါ ဖြစ်တတ်သော သဘော တစ်မျိုးကို တွေ့ရ၏၊ ထိုသဘောကား နေသာထိုင်သာရှိကြ
သောအခါ သို့မဟုတ် အထက်တန်းသို့ ရောက်သောအခါ
ရှေ့သို့ တိုးတက်ဖို့ရန် ကြိုးစားချင်စိတ် မရှိသောသဘော၊ အေးအေးဆေးဆေး နေလိုသော သဘော၊
စည်းစိမ်ခံချင်သော သဘောတည်း၊ ထိုသဘောမျိုး ဖြစ်သောအခါ နေသာထိုင်သာသဘောမှ လျှောကျ၍ မနေသာမထိုင်သာ ဖြစ်သွားတတ်၏၊
မှန်၏-အသင်္ခတ နိဗ္ဗာနဓာတ်မှ တစ်ပါး ဘယ်အရာမျှ ခိုင်မြဲတည်တံ့သော သဘောမရှိ၊ ပျက်၍ ပျက်၍
နေ၏၊ ထိုပျက်သမျှကို
အစားမထိုးမိအောင်
အမြဲကြိုးစား၍ နေရ၏၊ မကြိုးစားလျှင် ပျက်သမျှကို အစားမထိုးနိုင်ဘဲ အပျက်က လွှမ်းမိုးသွားမြဲ
ဖြစ်လေသည်။
ထိုအပြင်
ဘုန်းကြီးက ကျောင်းအုပ်ဖြစ်၍ လူဝတ်ကြောင်ဆရာတို့က အတန်းစာကိုပြလျှက် ကြီးပွားနေရစ်သေးသော
ကျန်သမျှကျောင်းများ၌ သာသနာ့အညွန့်အတက် ရဟန်းငယ်
မည်မျှထွက်သနည်းဟု ပြဿနာ တစ်ခုပေါ်ထိုက်ပါသည်၊
အကယ်၍ သာသနာ့အညွန့်အတက် မထွက်ဘဲ လူဝတ်ကြောင်
အဆက်ဆက်သာ ထွက်နေပါလျှင် ထိုကြောင်းသည် လောကီလူဝတ်ကြောင်များ အုပ်ချုပ်သောကျောင်းထက်
ဘာသာရေး ဘက်၌ အကြားအမြင်များရုံမှ တစ်ပါး ထူးခြားသောအကျိုး မထင်ပါ။
(ဘာသာသွေးစာအုပ်မှ) ဆက်ဦးမည်...