Friday, August 19, 2016

မိလိန္ဒမင်းနှင့် အရှင်နာဂသေနတို့၏ သိမ်မွေ့နက်နဲသော ဘာသာရေးအမေးအဖြေများ


အပိုင်း (၅၂)
နှင်ထုတ်ခြင်း ပြဿနာ
“အရှင်ဘုရား ... ဗုဒ္ဓဘုရားရှင်သည် `ငါဘုရားရှင်သည် အမျက်ဒေါသမရှိ။ နှလုံးသား မသန့်စင်ခြင်းလည်း ကင်းတော်မူ၏´ ဟူ၍ ကိုယ်တော်တိုင် ဖွင့်ဟတော်မူခဲ့ပါ၏။ သို့ရာတွင် ဗုဒ္ဓဘုရားရှင်သည်ပင်လျှင် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့အား နှင်ထုတ်တော်မူသည်ဟု သိရပြန်ပါသေး၏။
အရှင်ဘုရား ... အဆိုပါ အခြင်းအရာ နှစ်ရပ်သည်လည်း တစ်ခုနှင့်တစ်ခု အဆက်အစပ်မရှိဘဲ အဓိပ္ပာယ်အားဖြင့်လည်း ဖီလာဆန့်ကျင်နေပါ၏။ သည့်အတွက် ပရဝါဒီတိတ္ထိတို့ ကြားဝင်နှောက်စရာ အချက်ကောင်း ဖြစ်နေပါ၏။ သည့်အတွက် လျော်ကန်သော ဖြေရှင်းချက်ကို နာကြားလိုပါသည် အရှင်ဘုရား”

“ကောင်းပေပြီ ဒကာတော် ... ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန် မထေရ်မြတ်ကြီးနှစ်ပါးအား ဘုရားရှင် နှင်ထုတ်တော်မူခြင်းမှာ အမျက်ဒေါသထွက်၍ မဟုတ်ပါချေ။ သဘောကမူ လူတစ်ယောက်သည် ခြေချော်သဖြင့် ဖြစ်စေ၊ ခလုတ်တိုက်သဖြင့် ဖြစ်စေ မတော်တဆ ချော်လဲသကဲ့သို့ပင် ဖြစ်ပါ၏။
မင်းကြီး ... လူတစ်ဦးတစ်ယောက်အနေဖြင့် ထိုသို့ ချော်လဲသည့်အခါ မြေကြီးက စိတ်ဆိုး၍ အမျက်ထွက်၍ တမင်သက်သက် ချော်လဲအောင် ပြုဘိသည်ဟု ဆိုနိုင်ပါသလော”

“မဆိုနိုင်ပါဘုရား ... ၎င်းဖာသာ သတိမထားသောကြောင့် တွေဝေငေးမောနေမိသောကြောင့် ချော်လဲခြင်း ဖြစ်ပါလိမ့်မည်။ မြေကြီးတွင်လည်း ချစ်ခြင်း မုန်းခြင်းတို့ မရှိကြပါ”
“မင်းကြီး ... ဘုရားရှင်လည်း ထိုကဲ့သို့ပင် ဖြစ်ပေ၏။ ဘုရားရှင်၌ အမျက်ထွက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်းတို့ အလျဉ်းမရှိ။ စင်စစ် နှင်ထုတ်ခြင်း ခံရသည်ဆိုရာဝယ် အမျက်ထွက်၍ နှစ်သက်လိုလားခြင်း ကင်းသောကြောင့် မဟုတ်။ အကြောင်းတစ်စုံတစ်ရာ ရှိ၍သာ ဖြစ်ပေ၏။
အရှင်မင်းကြီး ... မဟာသမုဒ္ဒရာသည် မည်သည့်အကောင်ပုပ်ကိုမျှ လက်မခံ၊ ၎င်း၏ လှိုင်းတံပိုးအဟုန်တို့ဖြင့် ကမ်းစပ်၊ ကမ်းခြေပေါ်သို့သာ ရိုက်ပုတ်သယ်ဆောင် ပို့တင်လေ့ရှိ၏။ ထိုကဲ့သို့ ပြုမူခြင်းသည် စက်ဆုပ်မုန်းတီးသောကြောင့် ပေလော...”

“မဟုတ်ရပါ ... အရှင်ဘုရား”
“မှန်ပေသည် မင်းကြီး ... ဘုရားရှင်သည်လည်း သမုဒ္ဒရာကဲ့သို့သာဖြစ်ပေ၏။ ရဟန်းတို့ကို နှင်ထုတ်သည် ဆိုရာတွင်လည်း သူ့အပြစ်နှင့်သူသာ ဖြစ်ပေ၏။
မင်းကြီး ... ဘုရားရှင်ကား ရဟန်းတို့ အကျိုးစီးပွားကို အလိုရှိတော်မူသော အရှင်သူမြတ်ကြီးဖြစ်၏။ ထိုသို့ အကျိုးလိုလားသောကြောင့်ပင် ပဋိသန္ဓေနေခြင်း၊ အိုခြင်း နာခြင်း၊ သေခြင်း ကင်းလွတ်ရာတရားကို ပွားများအားထုတ်နိုင်ရန် အတွက် နှင်ထုတ်တော်မူခြင်း ဖြစ်ပေ၏”

“တပည့်တော် ... နားလည်သဘောပေါက်ပါပြီ အရှင်ဘုရား”
“သာဓု၊ သာဓု ... သာဓုပါ ဒကာတော်”
‪#‎ပို‬၍ အစွမ်းထက်သည့် ကံ

``အရှင်ဘုရား ...
အရှင်ဘုရားသည် တပည့်တော် အမေးရှိသမျှ ပြဿနာတိုင်းအား ပြေလည်အောင် တိတိကျကျ ဖြေတော်မူခဲ့သည် ချည်းဖြစ်ပါ၏။ သည့်အတွက် တပည့်တော်အဖို့ သံသယ ရှင်းရသည်နှင့်အမျှ ကျေနပ်ဝမ်းမြောက်ခဲ့ရပါပေ၏။
သို့သော် ဤကာလမှာပင် တပည့်တော်စိတ်ထဲ၌ တစ်ဆိတ်စာကလေးမျှပင် လက်ခံယုံကြည်ခြင်း မရှိရလောက်အောင် ဖြစ်နေသော အကြောင်းတစ်ရပ် ရှိနေပါသေး၏”

“ဘာများတုံး ... မင်းကြီး”
“အရှင်ဘုရား ... ထိုအကြောင်းတစ်ရပ်မှာ ရှင်မောဂ္ဂလာန် ကိုယ်တော်ကြီး၏ တန်ခိုးအစွမ်းနှင့် ပတ်သက်၍ ဖြစ်ပါ၏။
ရှင်မောဂ္ဂလာန် ကိုယ်တော်ကြီးမှာ ဘုရားရှင်ကိုယ်တော်တိုင်က တန်ခိုးအရာ၌ အသာဆုံး အမြတ်ဆုံးဆိုသော ဧတဒဂ်ဘွဲ့ရ ဖြစ်ပါ၏။ သို့ရာတွင် ရှင်မောဂ္ဂလာန် ကိုယ်တော်ကြီးသည် ခိုးသားဓားပြတို့၏ လက်ချက်ကြောင့် ပရိနိဗ္ဗာန်ပြု ရသည်ဟု သိရပြန်ပါ၏။ ဤ၌ တန်ခိုးအရာ၌ အထက်မြက်ဆုံး ဆိုသည့် ရှင်မောဂ္ဂလာန် ကိုယ်တော်ကြီးအနေဖြင့် ခိုးသား ဓားပြတို့၏ ရန်ကို တန်ခိုးတော်အစွမ်းဖြင့် အဘယ့်ကြောင့် မရှောင်ကွင်းနိုင်ရပါသနည်း။
အရှင်ဘုရား ... ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးသည် တန်ခိုးအရာ၌ အသာဆုံး၊ အထက်မြက်ဆုံး မဟုတ် သောကြောင့် ခိုးသားဓားပြတို့၏ရန်ကို မရှောင်ကွင်းနိုင် ဖြစ်ရသလော။ သို့တည်းမဟုတ် ရိုက်နှက်ထုထောင်းခံရခြင်း ဆိုသည် ပင်လျှင် မှားယွင်းလေသလော။
ဤကဲ့သို့ တပည့်တော်၏ စိတ်အာရုံ၌ ဖုံးလွှမ်းနေသော သံသယ မြူမှောင်တို့ကို အရှင်၏ ပညာအလင်းရောင်တို့ ဖြင့် ဖယ်ရှားပေးတော်မူပါ ဘုရား”

“ကောင်းပေပြီ ... မင်းကြီး၊ ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးသည် ဘုရားရှင် မိန့်တော်မူသည့်အတိုင်း တန်ခိုးအရာ၌ အသာဆုံး အထက်မြက်ဆုံးဟုဆိုသည့် ဧတဒဂ်ရ ပုဂ္ဂိုလ်သူမြတ်ကြီး ဖြစ်သည်ဟု မှန်ပေ၏။ ထို့အတူ ခိုးသား ဓားပြတို့၏ ရိုက်နှက်ထုထောင်းခြင်းကြောင့် ပရိနိဗ္ဗာန်ပြုရသည်မှာလည်း မှန်ပေ၏။
ထိုသို့ ဖြစ်ရခြင်းကား ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး၏ အတိတ်အကုသိုလ်ကံကြောင့် ဖြစ်ရပေသည် မင်းကြီး”

“အရှင်ဘုရား ...
အကုသိုလ်ပင် မှန်စေကာမူ တန်ခိုးတော်ဖြင့် ဖယ်ရှားပယ်ပစ်နိုင်သည် မဟုတ်ပါလော။ ပမာအားဖြင့် အသီးကို အလိုရှိသူသည် အပင်ထက်မှ အသီးကို မိမိလက်တွင်းမှ အသီးဖြင့်ပင် ပစ်ချအပ်သကဲ့သို့ အကုသိုလ်ကံ အစွမ်းကိုလည်း တန်ခိုးတော်အစွမ်းဖြင့် ပယ်ဖျောက်ပစ်နိုင်သည် မဟုတ်ပါကလား”

“အရှင်မင်းကြီး ... ကံတရား၏ ဆန်းကြယ်မှုနှင့် တန်ခိုးတော်၏ ဆန်းကြယ်မှုသည် မကြံစည်နိုင်သော အစိန္တေယျ အရာများချည်း ဖြစ်ကြကုန်၏။ သို့ရာတွင် ကံအစွမ်းနှင့် တန်ခိုးတော် အစွမ်းတို့အနက် ကံအစွမ်းက ပို၍ထက်မြက်ပေ၏”
ပမာအားဖြင့် မြေပထဝီပေါ်၌ ရပ်တည်နေကြသူချင်း မှန်ကြပါလျက် လူအပေါင်းအပေါ် စိုးမိုးအုပ်ချုပ်သူကမူ ကျန်လူအားလုံးထက် သာလွန်ကာ လွှမ်းမိုးချုပ်ကိုင်နိုင်၏။ အာဏာရှိ၏။
ကံတရားမှာလည်း ထို့အတူပင် ဖြစ်ပေ၏။ အစိန္တေယျတည်းဟူသော မကြံစည်အပ်သည်ချင်း အတူတူ ဖြစ်သော်ငြား ကံတရားသည်သာလျှင် အားလုံး၏ အပေါ်၌ လွှမ်းမိုးနိုင်စွမ်းရှိ၏။ အကုသိုလ်ကံ လွှမ်းမိုးလာပြီဆိုပါက မည်သို့မျှ ပြုပြင် ပြောင်းလဲနိုင်ခွင့် မရှိတော့။ ကံတရား၏ စီမံမှုကို မည်သို့မျှ ရှောင်ကွင်း၍ မရနိုင်ကုန်။ လူတစ်ယောက်သည် မင်းပြစ်မင်းဒဏ် သင့်သည့်အခါ မိဘဆွေမျိုး အသိုင်းအဝိုင်း ရှိသော်လည်း မည်သို့မျှ မတတ်နိုင်၊ အသာပင် လက်လွှတ်ထားရကုန်၏။ တောမီး အကြီးအကျယ် လောင်သည့်အခါတွင်လည်း ရေအိုးပေါင်းတစ်ထောင်နှင့် လောင်းသည့်တိုင်အောင် မီးမငြိမ်းနိုင်။ အကြောင်းမူ မီးအရှိန်မှာ ကြီးမားလွန်းသောကြောင့် ဖြစ်၏။
အရှင်မင်းကြီး ... မကြံစည်အပ်၊ မကြံစည်နိုင်သော အစိန္တေယျ အပေါင်း၌ ကံ၏အကျိုးပေးသည်သာလျှင် အားလုံးအပေါ် လွှမ်းမိုးနိုင်စွမ်းရှိ၏။ ဩဇာအာဏာ သက်ရောက်နိုင်စွမ်းရှိ၏။ ရှင်မောဂ္ဂလာန် ကိုယ်တော်ကြီး ပရိနိဗ္ဗာန် ပြုရသည်မှာလည်း ထိုသဘောပင်ဖြစ်၏။ ကိုယ်တော်ကြီးအဖို့ တန်ခိုးအရာ၌ ဧတဒဂ်ရသည်မှာ မှန်ပေ၏။ သို့ရာတွင် တန်ခိုးတော်၏ အစွမ်းက ကံတရား၏ အစွမ်းကို မလွန်ဆန်နိုင်ခဲ့။ မဖယ်ရှားနိုင်ခဲ့။ ထို့ကြောင့်ပင် ခိုးသားဓားပြတို့၏ သတ်ဖြတ်ခြင်းဟူသည့် အကုသိုလ်ကံအစွမ်းကို ခံယူသွားခဲ့ကြရပေသည်တကား”

“အရှင်ဘုရား ... တပည့်တော်၏ သံသယတို့ ကင်းရှင်းသွားရပါပြီ ဘုရား ...”

‪#‎ဖုံးခြင်းနှင့်‬ ဖွင့်ခြင်း

“အရှင်ဘုရား ...
ဗုဒ္ဓဘုရားရှင်သည် ... `ငါဘုရားရှင် ဟောတော်မူအပ်သော သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်တို့ကား ဟင်းလင်းပွင့်သော်ကား တင့်တယ်၏။ ဖုံးလွှမ်းထားသည်ရှိသော် မထွန်းပ မတင့်တယ် ...´ ဟူ၍ ဆိုတော်မူခဲ့ပါ၏။
တဖန် `ပါတိမောက်ကို ပြခြင်း၌ စင်စစ်လျှင် ဝိနည်းပိဋကတ်ကို ပိတ်အပ်၏။ ဖုံးလွှမ်းထားအပ်၏´ ဟူ၍လည်း ဆိုတော်မူခဲ့ပြန်ပါသေး၏။ အရှင်ဘုရား ... ဘုရားရှင်၏ သာသနာတော်၌ အခါအခွင့် သင့်တင့်လျောက်ပတ်ပါက ဝိနည်း၊ ပညတ်တော်တို့ကို ဖွင့်ထားမှသာလျှင် တင့်တယ်ပါလိမ့်မည်။ အကြောင်းမူကား ဝိနည်းဒေသနာတော်၌ အကျင့်သိက္ခာ စောင့်စည်းမှု၊ မြဲမြံလုံခြုံစွာ ထိန်းသိမ်းဆောက်တည်မှု၊ သီလ၏ ဂုဏ်ကျေးဇူး၊ အနက်အဓိပ္ပာယ်၏ ဂုဏ်ကျေးဇူး၊ တရားတော်၏ ဂုဏ်ကျေးဇူး၊ သန့်ရှင်းစင်ကြယ်မှု၏ ဂုဏ်ကျေးဇူး စသည်တို့ များပြားစုံလင်စွာ ရှိအပ်သည့်အတွက် ဖြစ်ပါ၏။
အရှင်ဘုရား ... `တစ်စုံတစ်ခုကို ဖုံးကွယ်ထိန်းချုပ်ခြင်း မပြုဘဲ ဖွင့်ထားမှသာ ထွန်းပတင့်တယ်မည်´ ဆိုသော စကားနှင့် `ပိတ်အပ်၏ ဖုံးလွှမ်းအပ်၏´ ဆိုသော စကားတို့မှာ နားမလည်နိုင်အောင် ဖြစ်ရပါ၏။ ရှေ့နောက်မညီဟု ယူဆသည့် အတွက် ရှင်းလင်းဖြေကြားပေးတော်မူပါ ဘုရား”

“ကောင်းပေပြီ ... ဒကာတော်၊ `ပါတိမောက်ကို ပြခြင်း၌ ဝိနည်းပိဋကတ်ကို ပိတ်အပ်၏။ ဖုံးလွှမ်းအပ်၏´ ... ဟုဆိုသည်ကား အားလုံးကုန်ဟု ဆိုလိုသည် မဟုတ်။ လိုအပ်လျော်ကန်သရွေ့သာ ပိုင်းခြားပြီး ဆိုတော်မူခြင်း ဖြစ်၏။ ပိတ်တော်မူရခြင်း၌ အကြောင်းရှိချေ၏။
အရှင်မင်းကြီး ... ပါတိမောက်ဆိုသည့် `ရဟန်းတို့၏ သိက္ခာပုဒ်´ကို ရဟန်းတို့၏ အလယ်၌သာ ပြတော်မူ၍ ရဟန်းမှတစ်ပါး ကျန်လူများအတွက် ဖုံးကွယ်ထားခြင်းသည် ရှေးရှေးသော ဘုရားရှင်တို့၏ အစဉ်အလာ အဆက်အနွယ်ပင် ဖြစ်ချေ၏။ စင်စစ်အားဖြင့် ရာဇပရိယာယ်ဆိုသည်မှာ မင်းတို့နှင့် ပတ်သက်ပြီး မင်းတို့သာလျှင် ကျင့်သုံးအပ်ပေ၏။ ကျန် တိုင်းသူပြည်သားတို့နှင့် အပ်စပ်မှု၊ သက်ဆိုင်မှု မရှိပေ။
ဤ၌ ပါတိမောက် ပြတော်မူခြင်း ဆိုသည်မှာလည်း ရဟန်းများနှင့်သာ သက်ဆိုင်၏။ လူတွေသိစေရန် မဟုတ်။ လူတွေ ကျင့်သုံးရန် မဟုတ်။ ထို့ကြောင့်လည်း လူများအတွက် ပါတီမောက်ကို ဖုံးကွယ်ထားခြင်းသည် ရှေးရှေးသော ဘုရားရှင်တို့၏ အစဉ်အလာဖြစ်ခဲ့၏”

“တင်ပါ့ ... ဘုရား”
“နာကြားပါဦး ဒကာတော် ... ပါတိမောက် ဆိုသည်မှာလည်း လွန်စွာမှ တာဝန်ကြီးလေးလှပါ၏။ ဖြောင့်မှန်စွာ ပြည့်စုံစွာ ကျင့်ကြံမည်ဆိုပါက အရဟတ္တဖိုလ်အထိ ဆိုက်ရောက်နိုင်ပါ၏။ ဤကဲ့သို့ အရဟတ္တဖိုလ်အထိ ဆိုက်ရောက်နိုင်စွမ်း ရှိသော တရားတော်သည် ကောင်းစွာလိုက်နာကျင့်ကြံနိုင်ခြင်း မရှိသူတို့ထံ ရောက်သွားခဲ့ပါလျှင် မည်သို့မျှ နားမလည်သဖြင့် အထင်အမြင်၊ အယူအဆ လွဲမှားစရာ ဖြစ်နိုင်သည့်အတွက်ကြောင့်လည်း ပါတိမောက်ပြခြင်းကို အပိုင်းအခြားနှင့် ထိမ်ချန် ဖုံးကွယ်ထားရခြင်း ဖြစ်ပေ၏”
“တင်ပါ့ ... ဘုရား ...”
“နာကြားပါဦး ... ဒကာတော်၊ ရဟန်းဘဝဆိုသည်မှာ လွန်စွာမြင့်မြတ်လှ၏။ နှိုင်းယှဉ်မှု မပြုလောက်အောင်ပင် တန်ဖိုး ကြီးမားလှ၏။ မြင့်မြတ်ထူးကဲလှပါ၏။ ထိုသို့သော ဂုဏ်ပုဒ်တို့ရှိသည့် ရဟန်းဘဝ၊ ရဟန်းအဖြစ်ကား နတ်၊ လူတို့နှင့် မကွဲမပြား သီးခြားကန့်သတ်မှုမရှိ၊ တူညီနေမည် စိုးသည့်အတွက်ကြောင့်လည်း ပါတိမောက်ပြခြင်းကို အပိုင်းအခြားနှင့် ဟန့်တား ဖုံးကွယ်ထားရခြင်းဖြစ်၏။
မင်းကြီး ... လောက၌ တန်ခိုးအနဂ္ဃ ထိုက်တန်သော ဥစ္စာပစ္စည်းတို့မည်သည် မင်းထံသို့သာ ရောက်ကြရပြီး မင်းတို့၏ အဆင်တန်ဆာ အသုံးအဆောင် ဖြစ်ကြရကုန်၏။ ဘုရားရှင်၏ ဟောပြောမှု၊ သွန်သင်ဆုံးမမှု မှန်သမျှမှာလည်း ထို့အတူပင် ဖြစ်ကြရာကုန်၏။ ဘုရားရှင်၏ တပည့်သား ရဟန်းသံဃာတော်များထံသို့သာ ရောက်ရှိကြကုန်၏။ ထိုသို့ ရောက်ရှိလာသည်နှင့်လျော်ညီစွာ ရဟန်းသံဃာတော်များက ဘုရားရှင် သွန်သင်ညွှန်ကြားမှုအတိုင်း ကျင့်ကြံအားထုတ်ကြ ကုန်၏။ ကျင့်ကြံအားထုတ်မှု အားလျော်စွာလည်း ရဟန်းအဖြစ် ရဟန်းဘဝဆိုသည် လူ၊ နတ်၊ ဗြဟ္မာတို့၏ ဘဝနှင့် အလွန် တရာမှပင် ကွဲပြားခြားနားလှပါ၏။ သို့ဖြစ်၍လည်း ရဟန်းတို့နှင့်သာ အပ်စပ်လျော်ကန်သည့်အတွက် ပါတိမောက်ဒေသနာ တော်ကို အပိုင်းအခြားပြု၍ ပြအပ်ခြင်း၊ ဖုံးကွယ်ထားအပ်ခြင်း ဖြစ်ပေသည် ဒကာတော် ...”

“အရှင်ဘုရား ... တပည့်တော်၏ သံသယမြူမှုန်တို့မှာ အရှင်ဘုရား၏ အလင်ဆီမီး၊ ပညာဆီမီးတို့ကြောင့် ပြယ်လွင့်သွားကြပါပြီ ဘုရား ...”
“ကောင်းပေစွ၊ ကောင်းပေစွ၊ ကောင်းပါပေစွ ဒကာတော် ...”
ဆက်ရန် ----
နန္ဒာမိုးကြယ်
www.facebook.com/bwar99
Credit <><><>>>> နိဗ္ဗာဆော်

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ