ငါးပါးသီလ
ဖတ်စာ
ပါဏာတိပါတ
အပြစ်နှင့်အကျိုး
ဆရာ။ ။ ကိုင်း,
ပါဏာတိပါတ အကျိုး အပြစ်ကို သိရအောင် “ပါဏာတိပါတ် သူ့အသက် သတ်က” ဆိုတဲ့ လင်္ကာကို
ရွတ်ကြစမ်းကွဲ့။
တပည့်များ။ ။
သံပြိုင်ညီညီရွတ်။
ဆရာ။ ။ အဲဒီ
လင်္ကာရဲ့ ဆိုလိုတာတွေ နားလည်အောင် အောက်ပါဖတ်စာ ကိုဖတ်ကြကွဲ့၊ (တစ်ယောက်ကဖတ်, ကလေးများက
စာကြည့်ပြီး နားစိုက်နေစေ၊ ဤနည်းအားဖြင့် တစ်လှည့်စီ ဖတ်ပါစေ။)
(၁) ရှေးရှေး ဘဝ၌ သူများအသက်ကို သတ်ခဲ့ဖူးသူမှာ ယခုဘဝ၌
မျက်စိ, နား, နှာခေါင်း, လက်ခြေ စသောကိုယ်အဂါင်္များ ချို့ယွင်းတတ်၏။
သူ့အသက်
မသတ်ခဲ့ဖူးသူကား ယခုဘဝ၌ မျက်စိ, နား, နှာခေါင်း, လက်ခြေ စသော ကိုယ်အင်္ဂါများ
မချို့ယွင်းဘဲ ပြည့်ပြည့်စုံစုံရှိတတ်ပါသည်။
(၂) သူ့အသက် သတ်ခဲ့ဖူးသူ၏ ရုပ်အဆင်းအသွင်သည် မွဲပြာ
ခြောက်သွေ့၍နေတတ်၏။ သူ့အသက် မသတ်ဖူးသူ၏ ရုပ်အဆင်းအသွင်ကား လှလှပပ တင့်တင့်တယ်တယ် ရှိတတ်
ပါသည်။
(၃) သူ့အသက် သတ်ခဲ့ဖူးသူမှာ အားအစွမ်းလည်းချို့ယွင်းတတ်၏။
မသတ်ခဲ့ဖူးသူကား ခွန်အားဗလ ကောင်းတတ်ပါသည်။
(၄) သူ့အသက်
သတ်ခဲ့ဖူးသူသည်လျင်မြန်ဖျတ်လပ်ခြင်းလည်းမရှိပါ။
မသတ်ခဲ့ဖူးသူကား လျင်လျင်မြန်မြန်
ဖျတ်ဖျတ်လပ်လပ်ရှိတတ်ပါသည်။
(၅) သူ့အသက် သတ်ခဲ့ဖူးသူသည် ယခုဘဝ၌ဘေးရန်ကို
လွန်စွာကြောက်တတ်၏။
မသတ်ခဲ့ဖူးသူကား ဘေးရန်ကြုံသော်လည်း မတုန်လှုပ်တတ်ပါ။
(၆) ရှေးရှေးဘဝ၌ သူ့အသက်သတ်ခဲ့ဖူးသူသည် ယခုဘဝ၌
အသတ်ခံရတတ်၏။
သူ့အသက် မသတ်ခဲ့ဖူးသူကား သူများ အသတ်ကို မခံရတတ်ပါ။
(၇) သူ့အသက် သတ်ခဲ့ဖူးသူမှာ အနာရောဂါ များတတ်၏။
မသတ်ခဲ့ဖူးသူကား အနာရောဂါ ကင်းရှင်းတတ်ပါသည်။
မသတ်ခဲ့ဖူးသူကား အခြွေအရံ မပျက်စီးတတ်ပါ။
(၉) ရှေးရှေးဘဝ၌ သူ့အသက်သတ်ခဲ့ဖူးသူသည်ယခုဘဝ၌
အသက်တိုတက်၏။
မသတ်ခဲ့ဖူးသူမှာ အသက်ရှည်တတ်ပါသည်။
(၁ဝ) ဤသို့အားဖြင့် ပါဏာတိပါတဟုခေါ်ရသောသူ့အသက်သတ်မှုသည်
လွန်စွာအပြစ်များ၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှုကား လွန်စွာ အကျိုးများပါပေသည်။
အဒိန္နာဒါန
အပြစ်နှင့်အကျိုး။
(အဒိန္နာဒါ ခိုးမိပါမူစသော လင်္ကာကို ညီညီရွတ်စေပြီးမှ
အောက်ပါဖတ်စာကိုဖတ်ပါစေ။)
(၁) ရှေးရှေးဘဝ၌ သူ့ဥစ္စာကို ခိုးယူလုယက်ခဲ့ဖူးသူသည်
ယခုဘဝ၌ ပစ္စည်းဥစ္စာနည်း၍ လူမွဲ လူဆင်းရဲ ဖြစ်ရတတ်၏။
သူ့ဥစ္စာကိုမခိုးယူ မလုယက်ခဲ့ဖူးသူကား ပစ္စည်းဥစ္စာပေါများ၍
လူရည်တတ် လူချမ်းသာ ဖြစ်ရ တတ်ပါသည်။
(၂) သူ့ဥစ္စာကိုခိုးယူလုယက်ခဲ့ဖူးသူသည်အစာငတ်တတ်၏။
မခိုးယူ မလုယက်ခဲ့ဖူးသူသည် အစာဝဝစားရတတ်ပါသည်။
(၃) သူ့ဥစ္စာကို ခိုးယူလုယက်ခဲ့ဖူးသူမှာ
အလိုရှိသောအရာဝတ္ထု ကို မရတတ်ပါ။
မခိုးယူ မလုယက်ခဲ့ဖူးသူသာလျှင်
အလိုရှိသောအရာဝတ္ထုကိုရတတ်ပါသည်။
(၄) သူ့ဥစ္စာကို ခိုးယူ လုယက်ခဲ့ဖူးသူမှာမိဘတို့၏
စည်းစိမ်ဥစ္စာကို အမွေခံရသော်လည်း ပျက်စီးတတ်၏။
မခိုးယူ မလုယက်ခဲ့သူကား ရရှိသောစည်းစိမ်ဥစ္စာများ
မပျက်စီးတတ်ပါ။
(၅) ဥစ္စာဘောဂ ပျက်စီးရခြင်း၏ အကြောင်းသည် ရေ, မီး, သူခိုး,
အမွေခံ သားဆိုး သမီးဆိုး , အုပ်ချုပ်သော မင်းဆိုးအားဖြင့်
ငါးပါးရှိပါသည်။ထိုငါးပါးကိုပင် “ရန်သူမျိုးငါးပါး” ဟုခေါ်လေ့ ရှိပါသည်။
(၆) သူ့ဥစ္စာကို ခိုးယူ လုယက်ခဲ့ဖူးသူသည် ထိုရန်သူမျိုးငါးပါးတွင် တစ်ပါးပါးကြောင့်
ဖြစ်စေ, နှစ်ပါးသုံးပါးစသည်ကြောင့်ဖြစ်စေ စည်းစိမ်ဥစ္စာပျက်စီးတတ်လေသည်။
မခိုးယူ မလုယက်ခဲ့ဖူးသူကား ထိုရန်သူမျိုးငါးပါးကြောင့်
စည်းစိမ်ဥစ္စာ မပျက်ပြားတတ်ပါ။
(၇) ဤသို့အားဖြင့် “အဒိန္နာဒါန” ဟုခေါ်ရသော သူ့ဥစ္စာခိုးယူ
လုယက်မှုသည် လွန်စွာ အပြစ်များ၍ ခိုးယူ လုယက်ခြင်းမှ ရှောင်ကြဉ်မှုကား လွန်စွာ
အကျိုးများပါပေသည်။
ကာမေသုမိစ္ဆာစာရ
အပြစ်နှင့်အကျိုး။
(လင်္ကာကို ရှေးဦးစွာ ညီညီရွတ်ပါစေ၊ ထို့နောက် အောက်ပါ
ဖတ်စာကို ဖတ်ပါစေ။)
(၁) ရှေးရှေးဘဝ၌ ကာမေသုမိစ္ဆာစာရ အမှုကို
ကျူးလွန်ခဲ့ဖူးသူမှာ လူမုန်းများတတ်၏။
ထိုမိစ္ဆာစာရ အမှုကို ရှောင်ကြဉ်ခဲ့သူကား
လူမုန်းမရှိတတ်ပါ။
(၂) မိစ္ဆာစာရ ကျူးလွန်ခဲ့ဖူးသူမှာ
ရန်သူလည်းတိုးပွားတတ်၏။
မကျူးလွန်သူကား ရန်သူ မတိုးပွားဘဲ ရှိသမျှ ရန်သူလည်း
တဖြည်းဖြည်း ကင်းစေတတ်ပါသည်။
(၃) မိစ္ဆာစာရ ကျူးလွန်ခဲ့ဖူးသူမှာ လာဘ်လာဘလည်း
ရှားပါးတိတ်ဆိတ်တတ်၏။
မကျူးလွန်ခဲ့ဖူးသူကား လာဘ်လာဘ မတိတ်ဆိတ်ဘဲ
ပေါများတတ်ပါသည်။
(၄) မိစ္ဆာစာရ ကျူးလွန်ခဲ့ဖူးသူမှာ စိတ်ချမ်းသာ
ကိုယ်ချမ်းသာမှုမှ ကင်းဆိတ်တတ်၏။
မကျူးလွန်ခဲ့ဖူးသူကား ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုမှ
မကင်းဆိတ်တတ်ပါ။
(၅) မိစ္ဆာစာရ ကျူးလွန်ခဲ့ဖူးသူသည် ဣတ္ထိ (မိန်းမ)
ဖြစ်ရတတ်၏၊ ၊ မိန်းမလဲ မဟုတ်, ယောကျာ်းလဲ မဟုတ်သော “ပဏ္ဍုတ်” လည်းဖြစ်ရတတ်၏။
မကျူးလွန်ခဲ့ဖူးသူသည် မိန်းမမဖြစ်ရ- ပဏ္ဍုတ်လည်း
မဖြစ်ရတတ်ပါ။
(၆) ထိုကျုးလွန်ခဲ့ဖူးသူသည် အမျိုးယုတ်
အမျိုးညံ့၌ဖြစ်ရတတ်၏။
မကျူးလွန်ခဲ့ဖူးသူကား အမျိုးမြတ်၌ ဖြစ်ရတတ်ပါသည်။
(၇) ထိုကျူးလွန်ခဲ့ဖူးသူသည် မျက်စိမျက်နှာ မလှဘဲ
မျက်နှာပျက်လောက်အောင် အရှက်ကွဲရ တတ်၏။
မကျူးလွန်ခဲ့သူကား မျက်စိ မျက်နှာပျက်လောက်အောင်
အရှက်မကွဲရဘဲ ကြည်လင် လှပ တတ်ပါသည်။
(၈)ထိုမိစ္ဆာစာရ အမှုကို ကျူးလွန်ခဲ့ဖူးသူသည်
ရုပ်လက္ခဏာနှင့် ကာယိနြေ္ဒများ ချို့ယွင်း သေးသိမ်တတ်၏။
မကျူးလွန်ခဲ့သူကား ရုပ်လက္ခဏာနှင့် ကာယိနြေ္ဒ မချို့ယွင်းတတ်ပါ။
(၉) မိစ္ဆာစာရအမှုကို ကျူးလွန်ခဲ့ဖူးသူသည် စိုးရိမ်ကြောင့်ကြ
အားကြီးတတ်၏။
မကျူးလွန်ခဲ့သူကား စိုးရိမ်ကြောင့်ကြမရှိတတ်ပါ။
(၁ဝ) မိစ္ဆာစာရ အမှုကို ကျူးလွန်ခဲ့ဖူးသူသည်
ချစ်သူနှင့်ကွဲကွာ၍ နေရတတ်၏။
မကျူးလွန်ခဲ့ဖူးသူကား ချစ်သူနှင့်မကွဲမကွာနေရတတ်ပါသည်။
(၁၁) ဤသို့ အားဖြင့် ကာမေသုမိစ္ဆာစာရ အမှုသည်လွန်စွာ
အပြစ်များ၍ ထိုအမှုမှ ရှောင်ကြဉ်ခြင်းကား လွန်စွာအကျိုးများပါပေသည်။
မုသာဝါဒ
အပြစ်နှင့်အကျိုး။
(ရှေးဦးစွာ လင်္ကာကို ညီညီရွတ်စေပြီးမှ ဖတ်စာကို
ဖတ်ပါစေ။)
(၁)ရှေးရှေးဘဝ၌ မုသားစကားကို ပြောဆိုခဲ့ဖူးသူသည် ယခုဘဝ၌
စကားလည်းမပီ သွားလည်းမညီ ဖြစ်တတ်၏။
မုသားပြောခြင်းမှ ရှောင်ကြဉ်သူကား စကားပြောသောအခါ ပီပီသသ
ပြောနိုင် တတ်၏၊ သွားလည်း စိန်အစဉ် စီထားသကဲ့သို့ ညီညီညွတ်ညွတ်ရှိတတ်ပါသည်။
(၂) မုသားပြောခဲ့ဖူးသူ၏ ပါးစပ်သည် ပုပ်စောညှီစော်
နံတတ်၏။
မုသားပြောခြင်းမှ ရှောင်ကြဉ်ခဲ့သူ၏ ပါးစပ်ကားမပုပ်
မညှီတတ်ပါ။
(၃) မုသားပြောဆိုခဲ့ဖူးသူ၏ ကိုယ်အရေ အဆင်းသည်
ခြောက်ခြောက်ကပ်ကပ်ရှိတတ်၏။
မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့သူ၏ ကိုယ်အရေ
အဆင်းကား စိုစိုဖတ်ဖတ်ရှိတတ်ပါသည်။
(၄) မုသားပြောခဲ့ဖူးသူ၏ မျက်နှာဣနြေ္ဒ နေပုံသည်
နောက်တောက်တောက် ပျက်ချော်ချော်နှင့် ချို့ယွင်းဖောက်ပြန်တတ်၏။
မုသားမှရှောင်ကြဉ်ခဲ့သူ၏ မျက်နှာဣနြေ္ဒ နေပုံကားတည်တည်ကြည်ကြည်
ရှိတတ်ပါသည်။
(၅) မုသားပြောခဲ့ဖူးသူသည်နေရာတိုင်းမှာ ဩဇာအာဏာ မရှိ၍
မိမိသားသမီးကိုမျှ နိုင်နင်းအောင် ဩဇာမပေးနိုင်ဘဲ ဖြစ်တတ်၏။
မုသားမှ ရှောင်ကြဉ်ခဲ့သူကား နေရာတိုင်းမှာ
ဩဇာအာဏာရှိတတ်ပါသည်။
(၆) မုသားပြောခဲ့ဖူးသူ၏ နှုတ်လျှာသည် ကြမ်းတမ်းထော်လော်ရှိတတ်၏။
မုသားမှ ရှောင်ကြဉ်ခဲ့သူ၏ နှုတ်လျှာကား
နူးညံ့ပြေပြစ်တတ်ပါသည်။
(၇) မုသားပြောခဲ့ဖူးသူသည် လျှပ်ပေါ်လော်လည်သူဖြစ်၍
ထိုထိုအလုပ်ကိစ္စ၌ မတည်ကြည် တတ်ပါ။
မုသားမှ ရှောင်ကြဉ်သူကား လုပ်ငန်းကိစ္စဟူသမျှ၌
တည်ကြည်ဖြောင့်မတ်ခြင်းရှိတတ်ပါသည်။
(၈) ဤသို့အားဖြင့် မုသားပြောမှုသည် များစွာသော အပြစ်ကို
ဖြစ်စေ၍ မုသားမှ ရှောင်ကြဉ်မှုကား များစွာသော အကျိုးးကို ဖြစ်စေပါသည်။
သုရာမေရယ
အပြစ်နှင့်အကျိုး။
(လင်္ကာကိုရှေးဦးစွာ ရွတ်စေပြီးမှ ဖတ်စာကိုဖတ်ပါစေ။)
(၁) ရှေးရှေးဘဝ၌ သေရည်အရက် သောက်ခဲ့ဖူးသူနှင့်
ယခုဘဝ၌သောက်လေ့ရှိသူသည် ထိုထို ကိစ္စ၌ အခွင့်အရေးကိုနာမလည်တတ်ပါ။
သေရည်အရက် သောက်ခြင်းမှ ရှောင်သူကား အခွင့်အရေးကို
နားလည်တတ်ပါသည်။
(၂) သေရည်အရက် သောက်သူနှင့် ဘိန်းစားသူများသည်
အလုပ်ကိစ္စ၌ ပျင်းလည်းပျင်းတတ်၏၊ မူး၍ နေသောအခါ အလုပ်ကိစ္စ၌ မေ့လည်း မေ့တတ်ပါသည်။
ထိုသောက်စားခြင်းမှ ရှောင်ကြဉ်သူကား အလုပ်ကိစ္စ၌
ပျင်းလည်းမပျင်းတတ်၊ မူး၍ မနေသောကြောင့် မေ့လည်းမမေ့တတ်ပါ။
(၃) ရှေးရှေးဘဝ၌ သေရည်အရက် သောက်ခဲ့ဖူးသူသည် ယခုဘဝ၌
အရူးအနှမ်းဖြစ်တတ်၏။
သေရည်အရက်သောက်မှုမှ ရှောင်ကြဉ်ခဲ့သူကား
အရူးအနှမ်းမဖြစ်တတ်ပါ။
(၄) သေရည်သောက်သူသည် သူတစ်ပါ၏ကျေးဇူးကိုလည်းမသိ, ဆပ်လည်းမဆပ်တတ်ပါ။
သေရည်သောက်ခြင်းမှ ကင်းသူကား ကျေးဇူးကို သိလည်းသိ, ဆပ်လည်းဆပ်တတ်ပါသည်။
(၅) သေရည်အရက် သောက်မိသောအခါအရှက်အကြောက်ဟုခေါ်သော
ဟိရီနှင့်ဩတ္တပ္ပတရားနှစ်ပါး
ကင်းလွတ်နေသောကြောင့် အဝတ်ကို ချွတ်၍လည်း လမ်းသွားတတ်၏၊
သတ်မှု, ခိုးမှု စသော မကောင်းမှု အားလုံးကိုလည်း မငြိုမငြင် အလွယ်တကူ ပြုတတ်ပါသည်။
(၆) သေရည်အရက်မှ ရှောင်ကြဉ်သူကား
အရှက်အကြောက်ရှိနေသောကြောင့် အဝတ်ချွတ်၍ လမ်းမသွား ဝံပါ၊ သတ်မှု ခိုးမှုစသော
မကောင်းမှုများကိုလည်း ပြုဖို့ရန်ကြောက်ရွံ့တတ်ပါသည်။
(၇) ဤသို့အားဖြင့် သေရည်အရက် သောက်ခြင်းသည် လွန်စွာ
အပြစ်များ၍ ရှောင်ကြဉ်ခြင်းကား များစွာအကျိုးရှိပါသည်။
ငါးပါးသီလ ဖတ်စာပြီး၏။