တတိယတန်း
ဗုဒ္ဓရတနာ ဖတ်စာ
ဆရာ။ ။ ကလေးများ…ဆရာတို့ရော ကလေးများပါး
ကိုးကွယ်ရာဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာ အဖြစ်တော်စဉ် အကျဉ်းချုပ်ကို
သူငယ်တန်းတုန်းကပင် ပြောပြခဲ့ပြီ၊
ခပ်ကျယ်ကျယ် အဖြစ်တော်စဉ်ကို စတုတ္ထတန်းကျမှ ပြဦးမည်၊ ယခုအခါ ထိုဗုဒ္ဓမြတ်စွာ၏
ဂုဏ်တော်များကို ဖတ်စာလုပ်ပြီးဖတ်ကြရအောင်၊ အရကျက်ထားတဲ့ အရဟံ ဂုဏ်တော်အနက်ကို
ရွတ်ကြစမ်းကွဲ့။
တပည့်များ။ ။ သံပြိုင် ညီညီ, ဘုရားဘက်သို့ လက်အုပ်ချီ၍
ခပ်ဖြည်းဖြည်းရွတ်။
ဆရာ။ ။ ကိုင်း, အဲဒီဂုဏ်တော်အနက်ကို တစ်ခါတည်း
နားလည်းအောင် ဖတ်စာဖတ်ကြကွဲ့၊ [အသံပြတ်သားသော ကလေးများကို တစ်လှည့်စီ အဖတ်ခိုင်း၊
အများက စာအုပ်ကြည့်ပြီးလိုက်နေပါစေ၊ အရဟံဂုဏ်တော်အနက်ကို ကျက်သောနေ့၌
အရဟံဂုဏ်တော်ဖတ်စာကို ဖတ်စေခြင်းသည် သဘာဝကျ၏]
(၁)
အရဟံဂုဏ်တော်
(က)
များစွာသော လူတို့်၏ စိတ်သည် မစင်ကြယ်ပါ၊ ဖြူစင်သောပုဝါကလေး၌ အမည်းကွက်၊ အပြာကွက်၊
အစိမ်းကွက်၊ အနီကွက်များ ထင်နေသကဲ့သို့ လူတို့၏ စိတ်မှာလည်း မစင်ကြယ်သော
အကွက်ကလေးတွေ အမျိုးမျိုးထင်နေတတ်ပါသည်။
(ခ)
လူတို့၏စိတ်၌ တစ်ရံတစ်ခါ လိုချင်မှု (လောဘ) အကွက်ထင်နေ၏၊ တစ်ရံတစ်ခါ စိတ်ဆိုးမှု
စိတ်တိုင်းမကျမှု စိတ်မကြေနပ်မှု (ဒေါသ) အကွက်ထင်နေ၏၊ တစ်ရံတစ်ခါ စိတ်မချမ်းသာမှု
(ဒေါသမနဿ) အကွက်ထင်နေ၏၊ တစ်ရံတစ်ခါ မိမိကိုယ်ကို အထင်ကြီး၍ စိတ်ကြီးဝင်ကာ
သူတစ်ပါးကို အဖက်မထင်သော (မာန) အကွက်ထင်နေ၏။
တစ်ရံတစ်ခါ
ကိုယ့်ထက်သာသူကို မကြည့်နိုင် ကိုယ့်ထက်သာသူ၏ ဂုဏ်သတင်းကို မနာနိုင် မကြားနိုင်
(ဣဿာာ) အကွက်ထင်နေ၏၊ ဤသို့ ဣဿာအကွက်ထင်လာလျှင် “မနာလိုသူ”ဟုခေါ်ကြ၏၊ တစ်ရံတစ်ခါသော်
ကိုယ်ချမ်းသာသလို သူချမ်းသာမည်ကို ဝန်တိုသော, ကိုယ်ဂုဏ်ရှိသလို သူဂုဏ်ရှိမည်ကို
ဝန်တိုသော, ကိုယ်လှသလို သူလှမည်ကို ဝန်တိုသော (မစ္ဆရိယ) အကွက်ထင်နေတတ်၏၊
စိတ်မှာထင်နေသော ထိုအကွက်ကလေးများကို “ကိလေသာ”ဟုခေါ်သည်။
(၈)
ပုဝါကလေး၌ တစ်ကွက်ထင်သော် ဖွတ်လျှော်၍ရ၏၊ နှစ်ကွက်ထင်သော် ဖွတ်လျှော်၍ ရသေး၏၊
အကွက်ငယ်ငယ်ထင်သော် ဖွတ်လျှော်၍ ရသေး၏၊ ကြီးကြီးမားမား များများထင်သော်
ဖွတ်လျှော်၍ မကောင်းတော့ရကား မီးဖိုချောင်ကြား၌ လက်နှီးဘဝသို့ ရောက်ရလေတော့၏
ထို့အတူ စိတ်မှာလည်း လောဘ ဒေါသစသော ကိလေသာ အကွက်ကလေးများ သေးသေးငယ်ငယ် ထင်လာလျှင်
စိတ်ကို ဖြူစင်အောင် ပြုပြင်၍ ရပါသေး၏၊ လောဘ ဒေါသစသော အကွက်ကြီးမား၍
များပြားနေပါမူ ထိုစိတ်မျိုးရှိသူသည် လူကောင်းမဟုတ်တော့ပါ၊ တော်ရာ ချောင်ကြားမှာ
ပစ်ထားရမည့် လူညစ်ပတ်သာဖြစ်ပါတော့သည်၊ ထိုလူမျိုးကို လက်ခံထားသော, သို့မဟုတ် ခေါင်းဆောင်တင်ထားသောအိမ်,
အသင်းအဖွဲ, နိုင်ငံသည် အောက်ကျ နောက်ကျနှင့် ကျွန်၏လက်အောက်သားပေါက် (သဗောက်)
ဘဝသို့ ရောက်ရပါလိမ့်မည်။
(ဃ)
ဗုဒ္ဓမြတ်စွာဘုရား၏ စိတ်တော်သည်ကား ထိုကဲ့သို့ ကိလေသာ အညစ်အကွက် တစ်စက်တလေမျှ
မရှိဘဲ အမြဲစင်ကြယ်နေပါသည်၊ ထိုသို့ ပင်ကိုယ်အတိုင်းအားဖြင့် စင်ကြယ်ပြီးအပေါ်မှာ လူနတ်အများ၏
စီးပွားချမ်းသာ မင်္ဂလာကျက်သရေတိုးတက်စေလိုသော မေတ္တာစိတ်, သနားကျင်နာ တော်မူသော
ကရုဏာစိတ်, ချမ်းသာသုခဖြင့် နေကြသည်ကို မြင်တော်မူလျှင် ပြုံးရွှင်ကျေနပ်တော်မူသော
မုဒိတာစိတ်, သတ္တဝါအများ၏ ချမ်းသာကြောင်းကို စဉ်းစားတော်မူသော ဉာဏ်ပညာ စိတ်တော်တို့ကြောင့် စိတ်တော်အစဉ်သည် တဖိတ်ဖိတ်
တလက်လက် အရောင်ထွက်သကဲ့သို့ ထင်ရလောက်အောင်ပင် ကြည်လင်တော်မူပါပေသည်။
(င) ပေါင်းပင် မြတ်ပင်တို့
ကင်းစင်သန့်ရှင်းသော လယ်မြေ၌သာစိုက်ပျိုးလိုက်သော မျိုးစေ့မှ ကြီးထွားသော
အပင်ပေါက်နိုင်သကဲ့သို့, စိတ်တော်အစဉ် ကြည်လင်သန့်ရှင်းသော ဗုဒ္ဓမြတ်စွာအား
လှူဒါန်းပူဇော် ဖူးမျှော်ကန်တော့ရသော ကုသိုလ်ကောင်းမှု မျိုးစေ့စုမှလည်း
ကြီးမားသောကောင်းကျိုးများ ဖြစ်လာနိုင်ပါသည်။
(စ) “အရဟံ”ဟူသော ပါဠိစကားသည်
ကိလေသာတို့မှ ဝေးကွာ၏, ပူဇော်အထူးကို ခံယူထိုက်၏ ဟူသော
အနက်ကိုပြ၏၊ ထိုဗုဒ္ဓမြတ်စွာလည်း ကိလေသာအမည်းကွက်တို့မှ ကင်း၍
သန့်ရှင်းသော စိတ်တော်ရှိခြင်း ပူဇော်အထူးကို ခံတော်မူထိုက်ခြင်းကြောင့်
“အရဟံ”ဟူသော ဂုဏ်တော်အားဖြင့် ထင်းရှားတော်မူပါသည်။
(၂) သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖတ်စာ
[ဂုဏ်တော်အနက်ကို အရွတ်ခိုင်းပြီးမှ
ဖတ်စာကို ဖတ်ပါစေ။]
(က) ဗုဒ္ဓမြတ်စွာ၏ ကြည်လင်သန့်ရှင်းသော
စိတ်တော်အစဉ်ဝယ် လွန်စွာ ထက်မြတ်သော ဉာဏ်တော်ဓာတ်သည် ယှဉ်ကပ် ပါဝင်နေပါသည်၊
ထိုဉာဏ်တော်ဓာတ်၏ စွမ်းရည်သတ္တိဖြင့် ကမ္ဘာလောက၌ သိစရာဟူသမျှကို လုံးဝဥဿုံ
အကုန်အစင် သိမြင်တော်မူနိုင်ပါသည်။
(ခ)ထိုသို့သိမြင်တော်မူရာ၌
အသိအမြင်မှားယွင်းသော အရာလည်းမရှိပါ၊ ဟုတ်မှန်သည့်အတိုင်း သာလျှင်
သိမြင်တော်မူနိုင်ပါသည်၊ ဗုဒ္ဓဖြစ်မှ သိရသော အရာတို့၌ နည်းလမ်းပြမည့်
ဆရာလည်းမရှိပါ၊ ပြခဲ့သော ဉာဏ်တော်ဓာတ်ဖြင့် ကိုယ်တော်တိုင်သာ သိတော်မူပါသည်။
(ဂ) “သမ္မာ”ဟူသော ပါဠိစကားသည်
“ဖောက်ပြန်မှားယွင်းမရှိ-အမှန်”ဟူသော အနက်အဓိပ္ပါယ်ကို ပြ၏၊ “သံ”ဟူသောပါဠိစကားကား“ကိုယ်တိုင်”ဟူသော
အနက်အဓိပ္ပါယ်ကိုပြ၏၊ “ဗုဒ္ဓ”ဟူသော ပါဠိစကား ကား “သိ”ဟူသော အနက်အဓိပ္ပါယ်ကိုပြသည်၊ ထို့ကြောင့်
အမှားအယွင်းမရှိရအောင် ကိုယ်တော်တိုင် သိတော်မူသောဗုဒ္ဓမြတ်စွာသည် “သမ္မာသမ္ဗုဒ္ဓ”ဟူသော
ဂုဏ်တော်အားဖြင့်လည်း ထင်ရှားတော်မူပါသည်။