Friday, May 16, 2014

အနာဂတ်သာသနာရေး အပိုင်း(၃၅) ဗုဒ္ဓ၏နေ့စဉ်အလုပ်များ




ဗုဒ္ဓ၏နေ့စဉ်အလုပ်များ

ဗုဒ္ဓရှင်တော်မြတ်သည် နံနက်စောစော ထ၍ ယနေ့အဖို့ ကျွတ်ထိုက်သူများကို ဉာဏ်တော်ဖြင့် ဖြန့်၍ ကြည့်ရှုတော်မူ၏၊ ဉာဏ်တော်အတွင်း၌ ပါဝင်တွေ့မြင်လာလျှင် သင့်တော်သောအချိန်၌ ထိုသူရှိရာ ကြ၍ တရားဟောတော်မူ၏၊ နံနက်မိုးသောက် အလင်းရောက်သောအခါ ရောက်လေရာ မြို့ရွာတွင်းသို့ ကိုယ်တော်တစ်ပါးတည်း သီးခြား ဖြစ်စေ, ရဟန်းတော်များနှင့်အတူဖြစ်စေ ထိုက်သလို ဆွမ်းခံဝင်တော် မူ၏၊ ထိုသို့ ဆွမ်းခံတော်မူရင်း မကြာ မကြာ တရားဟော၍ အကျွတ်တရားရစေတော်မူခဲ့၏၊ 

ဆွမ်းခံပြန်၍ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် ရဟန်းတော်အားလုံး ဆွမ်းစားပြီးသည့်တိုင်အောင် စောင့်ဆိုင်းတော် မူပြီးလျှင် စုံညီသည့်အခါ ““အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ”” အစရှိသော သြ၀ါဒကို ပေးတော်မူ၏၊ ထိုနေရာ၌ အချို့ရဟန်းတို့ အား ကမ္မဋ္ဌာန်းပေးတော်မူ၏၊ ထို့နောက် ဂန္ဓကုဋိသို့ ၀င်တော်မူ၍ တစ်ခဏမျှ ကျိန်းစက်လိုလျှင် ကျိန်းစက်တော်မူသည်၊ 


ထို့နောက် ထတော်မူ၍ ချွတ်ထိုက်သူများကို ကြည့်တော်မူပြီးလျှင် နေလွဲ အချိန်၌ တရားတော်နာ လာကြသော ပရိသတ်တို့အား တရား ဟောတော်မူ၏၊ ညနေစောင်း၍ ပရိသတ်များ ပြန်သွားသောအခါ ရေသုံးသပ်တော်မူ၏၊ ထို့နောက် တစ်ခဏမျှ တစ်ပါးတည်း ကိန်းအောင်းတော်မူသည်။

          နေ၀င်၍ မကြာခင် ရဟန်းတော်များ ရောက်လာကြ၏၊ တချို့က ပြဿနာမေးကြ, တချို့က ကမ္မဋ္ဌာန်းတောင်းကြ, တချို့က တရားဟောတော်မူရန် တောင်းပန်ကြ၏၊ ဗုဒ္ဓရှင်တော်မြတ်လည်း အားလုံးအလိုကို ဖြည့်ပေးတော်မူ၏၊ ထိုရဟန်းများ ပြန်သွားသောအခါ  ညဥ့်ဦးယံ ကုန်လွန်၍  ဆယ်နာရီကျော် လူခြေတိတ်ချိန်လောက် ရောက်နေပြီ၊ 

ထိုအခါ နတ် ဗြဟ္မာအများပင် ဘုရားဖူး တရားနာ ပြဿနာမေးလာကြ၏၊ ထိုနတ် ဗြဟ္မာများလည်း အလို ပြည့်၍ ပြန်ကြသောအခါ သန်းခေါင်ကျော်၍ နာရီပြန် နှစ်ချက်လောက် ရှိပေမည်၊ ထိုအခါမှ စ၍ နောက်ဆုံး မိုးသောက်ယံကို သုံးပိုင်း ပိုင်းပြီးလျှင် ပထမပိုင်းအချိန်ဝယ် တစ်နာရီကျော်ကျော် စင်္ကြံလျှောက်တော်မူ၏၊ (တစ်နေ့လုံး တစ်ညလုံး အထိုင်များသော ကြောင့် အညောင်းဖြေတော်မူခြင်းပင် ဖြစ်ဟန်တူပါသည်။)

          ဒုတိယပိုင်းအချိန်၌ ဂန္ဓကုဋိသို့ ၀င်၍ လျောင်းစက်တော်မူ၏၊ တတိယပိုင်းအချိန်၌ကား အစ၌ ပြခဲ့သည့်အတိုင်း ချွတ်ထိုက်သူများကို ကြည့်ရှုတော်မူကာ ထိုနေ့အတွက် ကိစ္စလုပ်ငန်းများကို စတော်မူပြန်သည်။ [ဗုဒ္ဓရှင်တော်မြတ်မှာ အိပ်ချိန် အလွန်နည်း၏၊ ဗုဒ္ဓသာမက ကမ္မဋ္ဌာန်းအားထုတ်သူတို့လည်း အိပ်ချိန် အနည်းငယ်မျှဖြင့် အိပ်ရေးဝနေတတ်ကြသည်။]
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ