ပရိသတ် ငြိမ်သက်ပုံ
မြတ်စွာဘုရား…
အကြောင်းတစ်မျိုး ရှိပါသေး၏၊ ဒကာတော်သည်သတ်နိုင် ဖြတ်နိုင် ဒဏ်တပ်နိုင်သော အာဏာပိုင်တစ်ယောက်
ဖြစ်ပါလျက် တရားရုံး၌ ဒကာတော် စကားပြောနေစဉ် တချို့လူတွေ ကြားဝင်၍ ပြောတတ်ကြပါသည်၊
ဒကာတော်က “ငါပြောတုန်း ၀င်မပြောကြ ပါနှင့်”ဟု တားပေမယ့် မရပါ၊ ရှင်တော်ဘုရားသည် ရာပေါင်းများစွာ
သောပရိသတ်ဝယ် တရားဟောတော်မူသောအခါ ရှင်တော်ဘုရား၏ သာဝကများစွာဝယ် တစ်ပါးတလေမျှ ချေသံ
ချောင်းဟန့်သံ မပြုကြ၊ တစ်ခါတုန်းက ရှင်တော်ဘုရား တရားဟောနေတော်မူစဉ် သာဝက တစ်ပါးက
ချောင်းဟန့်လေသော် အခြားကိုယ်တော်က အသာကလေး လက်တို့ပြီး “တိတ်တိတ်နေပါ, အသံမပြုပါနှင့်,
ရှင်တော်ဘုရား တရားဟောနေသည်”ဟု တားမြစ်သည်ကို တွေ့ခဲ့ဖူးပါ၏၊
ထိုအခါ
ဒကာတော်စိတ်မှာ “သြော်…တုတ် ဓားလက်နက် ဒဏ် ပေးချက်လည်း မပါဘဲ ယဉ်ကျေးအောင် ပရိသတ်ကို
ဆုံးမတော် မူနိုင်ပါပေရဲ့”ဟု ချီးကျူးမိပါသည်၊ ဤမျှလောက် ယဉ်ကျေးပြီးသော ပရိသတ်ကို
သာသနာတော်၏ ပြင်ပ၌ မတွေ့ရပါ၊ ဤယဉ်ကျေးပုံကို မြင်ရ၍လည်း ဗုဒ္ဓ ဓမ္မ သံဃာ့အပေါ်ဝယ် အားရကျေနပ်သော
(ကြည်ညိုသောသဒ္ဓါနှင့်တကွ) အသိဉာဏ်ကို ရခဲ့ပါသည်။
ပဏ္ဍိတ်တွေ သာဝကဖြစ်ပုံ
အရှင်ဘုရား…အကြောင်းတစ်မျိုး
ရှိပါသေး၏၊ ဒကာတော်သည် ပဏ္ဍိတ်မင်း, ပဏ္ဍိတ်ပုဏ္ဏားတွေ
ပဏ္ဍိတ်သူဌေးသူကြွယ်တို့ကို တွေ့ရဖူးပါသည်၊ သူတို့သည် သူတို့ ပညာစွမ်းဖြင့် တစ်ဖက်သားတို့၏
အယူဝါဒကို ဖြိုဖျက်နေသကဲ့သို့ ဖြစ်ကြပါကုန်၏၊ သူတို့သည် “မည်သည့် မြို့ရွာနိဂုံးသို့
ရှင်တော်ဘုရား ရောက်လာလိမ့်မည်”ဟု ကြားကြလျှင် အပြစ်တင်ကြဖို့ရန် ခက်ဆစ်ခက်ရာ ပြဿနာတွေကို
စီစဉ်၍ ထားနှင့်ကြပါ၏၊
သူတို့၏
ပြဿနာတွေကို “ဘယ်လိုပင် ဖြေဖြေ အပြစ်မကင်းနိုင်သော ပြဿနာတွေ”ဟု သူတို့က ယူဆ၍ အားရ နေကြပါ၏၊
ဗုဒ္ဓရှင်တော် ရောက်တော်မူလာသောအခါ ဗုဒ္ဓရှိရာသို့ သူတို့ လာကြလေရာ ဗုဒ္ဓရှင်တော်သည် သူတို့အား
တရားဟောတော်မူသောအခါ သူတို့ လွန်စွာ နှစ်သက်ကြ၍ ပြဿနာလည်း မမေးကြတော့, အပြစ်လည်း မတင်ကြတော့ဘဲ
သူတို့ကိုယ်သူတို့ သာဝက (တပည့်)ဖြစ်ကြောင်းကို ၀န်ခံကြပါသည်၊
ဤသို့
ပဏ္ဍိတ် ကြီးတွေ ကိုယ်တိုင်က သာဝကအဖြစ် ၀န်ခံကြပုံကို မြင်ရသောအခါ ဗုဒ္ဓ၏အစစ်အမှန် ဖြစ်ကြောင်း,
ဓမ္မ၏ ကောင်းသောဓမ္မဖြစ်ကြောင်း, သံဃာတော်၏ အကျင့်ကောင်းကြောင်းကို မှန်းဆ၍ သိနိုင်သောဉာဏ်
ရရှိပါသည်။
ရှင်ဘုရင်ထက် ဗုဒ္ဓကို လေးစားပုံ
မြတ်စွာဘုရား…အကြောင်းတစ်မျိုး
ရှိပါသေး၏၊ ဣသိဒတ္တနှင့် ပူရာဏမည်သော ဗိသုကာကြီးနှစ်ယောက်သည် ဒကာတော်၏ အမှုထမ်းများဖြစ်၍
သူတို့ အသက်မွေးမှု ရိက္ခာအစုကို ဒကာတော် ကပင် ပေးရပါသည်၊ သူတို့ သွားဖို့ရာ ယာဉ်များလည်း
ဒကာတော့် ပစ္စည်းပင် ဖြစ်ပါ၏၊ သို့ပါလျက် ဗုဒ္ဓအပေါ်မှာ လေးစားသလောက် ဒကာတော်ကို မလေးစားကြပါ၊
ရှေးတုန်းက ကိစ္စတစ်ခု ကြုံခဲ့ရဖူး သည်မှာ ဒကာတော်သည် စစ်ထွက်ရသည့်အခါ သူတို့ကိုလည်း
စုံစမ်းရင်း ကျဉ်းမြောင်းသောနေရာ၌ သူတို့နှစ်ယောက်နှင့်အတူ နေပါသည်။
သူတို့သည် အတော် ညဥ့်နက်အောင် တရားဆွေးနွေးကြစဉ် ဒကာတော်သည် အိပ်ချင်ဟန်ဆောင်နေပါသည်၊
သူတို့ အိပ်ခါနီးသော် “ဘယ်အရပ်ဆီမှာ ဗုဒ္ဓ သီတင်းသုံးနေသလဲ”ဟု သူတို့ချင်း မေးကြ၍ ဗုဒ္ဓ
သီတင်သုံးရာဘက်နှင့် ဒကာတော်နေရာဘက်မှာ တစ်ဖက်စီ ဖြစ်နေကြောင်းကို သိကြသဖြင့် ဒကာတော်ဘက်ကို
ခြေပြု၍ ဗုဒ္ဓရှိရာဘက်သို့ ဦးခေါင်းပြုပြီး အိပ်ကြပါသည်၊ (အသက် မွေးဝမ်းကျောင်း ဘာတစ်ခုမျှ
မရဘဲ) ထိုမျှလောက် ရိုသေလေးစား ပုံကို မြင်၍ အံ့သြမိကာ ဗုဒ္ဓ၏ အစစ်အမှန်ဖြစ်ကြောင်း,
ဓမ္မ၏ ကောင်းသောဓမ္မဖြစ်ကြောင်း, သံဃာ၏ အကျင့်ကောင်းကြောင်း မှန်းဆနိုင်ခဲ့ပါသည်။
အချင်းချင်းဖြစ်၍ လေးစားပုံ
ရှင်တော်မြတ်ကို အလေးအမြတ် ပြုရာ၌ အကြောင်းတစ်မျိုး ရှိပါသေး၏၊
အရှင်မြတ်သည် ခတ္တိယမျိုး(မင်းမျိုးမင်းနွယ်)ဖြစ်၍ ဒကာတော်လည်း ခတ္တိယမျိုးဖြစ်ပါ၏၊ အရှင်မြတ်သည်
ကောသလ တိုင်း၌နေ၍ ဒကာတော်လည်း ကောသလတိုင်း၌နေသူ ဖြစ်ပါ၏၊ အရှင်မြတ်သည် သက်တော်ရှစ်ဆယ်ရှိ၍
ဒကာတော်လည်း အသက် ရှစ်ဆယ်ရှိပါပြီ၊ ဤသို့ ဇာတ်တူ နေရပ်တူ အသက်တူ ဖြစ်နေသော ကြောင့်လည်း
ရှင်တော်ဘုရားအပေါ်၌ မိတ်ဆွေအပေါ်မှာ မြတ်နိုး သလို မြတ်နိုးပါသည်ဟု လျှောက်လေသည်။
ကောသလမဟာရာဇာသည် ဗုဒ္ဓရှင်တော်မြတ်နှင့် ဤနေရာ၌ နောက်ဆုံးတွေ့ရခြင်း
ဖြစ်၏၊ ထိုသို့ တွေ့ပြီးနောက် ထိုညဥ့်၏ မိုးလင်းခါနီးလောက်မှာပင် မဟာရာဇာကြီး ကံတော်ကုန်လေသည်၊
မဟာရာဇာကြီးသည် ရှေးရှေးဘ၀များစွာ၌ ဖြည့်ကျင့်ခဲ့သော ပါရမီ နည်းပါးခဲ့သောကြောင့် ပင်ကိုဉာဏ်
နည်းပါးရှာရကား ဗုဒ္ဓကို ကြည်ညိုလေးမြတ်သည်ဟု ဆိုရသော်လည်း ဗုဒ္ဓနှင့် ပွန်းပွန်းတီးတီး
နီးနီးနားနား နေရပါလျက် မဂ်ဖိုလ်တရားကို မရလိုက်ရှာချေ။
ထို့ကြောင့် ဤအကြောင်းကို ကောင်းကောင်း စဉ်းစားမိသော အမျိုးသား
အမျိုးသမီးသည် မိမိ၏ နောင်သံသရာရေးကို တွေးကာ ချွတ်နိုင်မည့် ဗုဒ္ဓရှင်တော်နှင့် တွေ့ရသောအခါ
လွယ်ကူစွာ တရား ရနိုင်လောက်အောင် ယခုဘ၀၌ အခြေခံ ပါရမီများကို အဆင်သင့် ကြိုးစားထားသင့်ကြပေ
သတည်း။