(ဤအခန်း၌ ပဋိသန္ဓေစပ်၍
မှတ်ဖွယ်ပါသည်)
ပဋိသန္ဓေခေါ်ပုံ
ရှေ့အခန်း၌ ပြခဲ့သော အစီအစဉ်ဖြင့်
စုတေပြီးနောက် ကံအားလျော်စွာ ဘ၀သစ်၌ ပထမဆုံး စိတ် စေတသိက်နှင့် ရုပ်များ
ဖြစ်ကြလေသည်။ ထို ပထမဆုံး ဖြစ်သော စိတ် စေတသိက်ရုပ်များကိုပင် “ပဋိသန္ဓေ”
မြန်မာလို “ပဋိသန္ဓေ တည်နေခြင်း”ဟု ခေါ်သည်။ ထို ပဋိသန္ဓေဟူသော ပါဠိစကား၌
ဘ၀ဟောင်း အပြတ်တွင် “ဆက်စပ်၍ ဖြစ်ခြင်း” ဟုဆိုလိုသည်။
ပဋိသန္ဓေ ၄-မျိုး
ထို ပဋိသန္ဓေ စိတ် စေတသိက် ရုပ်များသည်
ကံကြောင့် ဖြစ်ရကား ကံအမျိုးမျိုးလိုက်၍ သြပပါတိက ပဋိသန္ဓေ၊ သံသေဒဇ ပဋိန္ဓေ၊ အဏ္ဍဇ
ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေဟု ၄-မျိုး ပြား၏။
ခန္ဓာကိုယ် အထင်အရှားဖြစ်သော
ပဋိသန္ဓေတည်း။ နတ် ဗြဟ္မာ ငရဲသူငရဲသား ပြိတ္တာ အသူရကာယ်တို့သည် ဤ ဥပပါတ် ပဋိသန္ဓေ
နေရကား မိခင်ဝမ်းတွင်း၌ အောင်းဖွယ်မလို။ ပဋိသန္ဓေစိတ် စေတသိက်ရုပ်များ ဖြစ်သည်နှင့်
တစ်ပြိုင်နက် သူတို့နေရမည့် ဗိမာန် တော တောင် မြစ် သမုဒ္ဒရာ ကမ်း စသော အရပ်များ၌
သူတို့၏ နဂိုအရွယ်အတိုင်းပင် ကြီးကြီးမားမား အထင်အရှားဖြစ်သည်။ ကမ္ဘာဦးလူများလည်း
ဤ သြပပါတိက ပဋိသန္ဓေ နေသူများပင်ဖြစ်သည်။ ဤ သြပပါတိက ပဋိသန္ဓေကို “ဥပပါတ် ပဋိသန္ဓေ”
ဟုလည်း ခေါ်သည်။
သံသေဒဇ ပဋိသန္ဓေ
ငြိတွယ်၍ ဖြစ်လောက်သော အရပ်၌
ကပ်ငြိတွယ်တာ၍ ဖြစ်ရသော ပဋိသန္ဓေတည်း။ ဤ သံဒေသဇ ပဋိသန္ဓေ နေရသူကား အလွန်သေးငယ်သော
အရွယ်မှစ၍ တဖြည်းဖြည်း ကြီးပွားရ၏။ ထို သံသေဒဇမျိုးတွင် ပိုး လောက်စသော
သတ္တ၀ါတို့သည် မစင်ပုပ် ငါးပုပ် စသော ပုပ်နံသော အရာဝတ္ထုများဝယ် ငြိတွယ်၍
ဖြစ်ကြရသည်။ ပဒုဝတီမိဖုရားသည် ပဒုမ္မာကြာပန်းဝယ် ငြိတွယ်၍ ဖြစ်ရ၏။
ငွေဠုဝတီမိဖုရားသည် ၀ါးလုံးအတွင်းဝယ် ငြိတွယ်၍ ဖြစ်ရ၏။ ဘုရားကို စွပ်စွဲသော “စိဉ္စမာန”ဟု
ခေါ်သော စိဉ္စမာန၀ိကာသည် မန်ကျည်းပင်ဝယ် ငြိတွယ်၍ ဖြစ်ရ၏။ ဤသို့ စသည်ဖြင့် သံသေဒဇ
ပဋိသန္ဓေနေသော သန္ဓေသူ လူတွေ အတော်များစွာ ရှိလေသည်။
အဏ္ဍဇ ပဋိသန္ဓေ
အမိဝမ်းတွင်းဝယ် ဥခွံ၌ ဖြစ်ရသော ကြက်
ငှက် စသော သတ္တ၀ါတို့သည် အဏ္ဍဇပဋိသန္ဓေနေရသော သတ္တ၀ါများတည်း။ ဇာတ်နိပါတ် ရာဇ၀င်များ၌
လူအချို့လည်း နဂါးမနှင့် အကြောင်းပါ၍ အဏ္ဍဇပဋိသန္ဓေ တည်နေပြီးလျှင် လူသတ္တ၀ါ
ဖွားမြင်ကြောင်းကို အဆိုရှိလေသည်။
ဇလာဗုဇပဋိသန္ဓေ
အမိဝမ်းတွင်းသားအိမ်၌ ဖြစ်ကြရသော လူ
မြင်း ကျွဲ နွားစသော သတ္တ၀ါတို့သည် ဇလာဗုဇပဋိသန္ဓေ နေသော သတ္တ၀ါများတည်း။ ဘုမ္မစိုး
ရုက္ခစိုး ဟု ခေါ်ရသော အောက်နတ်တို့တွင် အချို့နတ်များလည်း ဇလာဗုဇပဋိသန္ဓေနေရသည်။ (အဏ္ဍဇနှင့်
ဤ ဇလာဗုဇ ၂-ပါးကို ဂဗ္ဘသေယျက = ပဋိသန္ဓေ နေသူများဟုလည်း ခေါ်၏။ ဂဗ္ဘ = အမိဝမ်းတွင်း၌ +
သေယျက = ကိန်းရသူ)
ပဋိသန္ဓေနေခြင်း၏ အကြောင်း ၃-ပါး
သံသေဒဇ၊ ဥပပါတ် ပဋိသန္ဓေ နေရသူတို့သည်
မိဘနှင့် မစပ်ဘဲ မိမိတို့ ကံသက်သက်ကြောင့် ဖြစ်ရကား ပဋိသန္ဓေနေရခြင်း အကြောင်ကို
ရှာဖွယ်မလို။ ဂဗ္ဘသေယျက သတ္တ၀ါတို့မှာ အမိဝမ်း၌ ဖြစ်ရသောကြောင့် “ဘယ်လို
အကြောင်းစုံမှ အမိဝမ်း၌ ကိန်းအောင်းနိုင်ကြသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား -
(၁) မိခင်လောင်း၏ ရာသီပန်း
ပွင့်ပြီးခါစဖြစ်၍ သားအိမ်စင်ကြယ်ခြင်း၊ (၂) မိဘလောင်း ၂-ဦးတို့
ပျော်မြူးပေါင်းသင်းခြင်း၊ (၃) သန္ဓေတည်မည့်သူငယ်လောင်းက ဘ၀ဟောင်းမှ စုတေခြင်း၊ ဤအကြောင်း ၃-ပါးစုံမှ ပဋိသန္ဓေ တည်နေနိုင်သည်။ ဤအရာ၌ မိဘ
၂-ဦးတို့ တစ်ကြိမ် တစ်ခါမျှ ပျော်မြူးလျှင် ၇-ရက်အတွင်း၊ သို့မဟုတ် ၁၅-ရက်အတွင်း
သန္ဓေတည်ခွင့်ရှိသည်ဟု ကျမ်းစာတို့၌ ဆိုကြသည်။ ဤကား ယခုကာလ အများအပြား ဖြစ်ရသော
ပဋိသန္ဓေတည်နေရိုးတည်း။