Monday, August 19, 2013

သူဋ္ဌေးဖြစ်ကြောင်း နည်းလမ်းကောင်း အပိုင်း (၂)


အာရက္ခသမ္ပဒါ။ ။ ဗျဂ္ဃပဇ္ဇ…ထိုဥဋ္ဌာနသမ္ပဒါနှင့်ပြည့်စုံသော အမျိုးသာ၏ ထကြွလုံ့လ ဝီရိယကြောင့် ရအပ်ကုန်သော လက်ရုံးအားဖြင့် စုဆောင်း၍ ထားအပ်ကုန်သော ချွေးကျအောင် (နဖူးကချွေး ခြေမကျအောင်) ရှာဖွေအပ်ကုန်သော စီးပွားဥစ္စာတို့သည် ဓမ္မိက(တရားသဖြင့် ရှာဖွေအပ်) ဓမ္မလဒ္ဓ(တရားသဖြင့် ရအပ်သော) စီးပွားဥစ္စာများ ဖြစ်ကြပေသည်။
ထိုစီးပွားဥစ္စာတို့ကို စောင့်ရှောက်နည်း အမျိုးမျိုးဖြင့် လုံခြုံစေရမည်။

ဘယ်လိုနည်းဖြင့် စောင့်ရှောက်မှုကို ပြုလျှင်
(က) မင်းတို့သည် မယူနိုင်ပါကုန်အံ့နည်း၊
(ခ) သူခိုးဓားပြတို့သည် မယူနိုင်ပါကုန်အံနည်း၊
(ဂ) မီးသည် မလောင်နိုင်ပါအံ့နည်း၊
(ဃ) ရေသည် မဆောင်နိုင်ပါအံ့နည်း၊
(င) အမွေခံသား သမီးဆိုးတို့သည် မယူနိုင်ပါကုန်အံနည်း၊ ဤသို့ တွေးတော ကြံစည်ကာ (ရေ မီး သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား ရန်မျိုးငါးကြောင့်) မပျက်ပြားနိုင်လောက်အောင် စောင့်ရှောက်နည်း အမျိုးမျိုးဖြင့် လုံခြုံအောင် သိမ်းဆည်းတတ်ခြင်းကို အာရက္ခသမ္ပဒါဟု ဆိုရသည်။


(ဤစကားတော်ဖြင့် ’’ရှာဖွေ၍ ရအပ်သောပစ္စည်းကို မသိမ်းမဆည်းဘဲ မထားရ၊ ရန်သူမျိုးငါးပါးမှ လုံခြုံအောင် သိမ်းဆည်းတတ်စေရမည်’’ဟု ဟောတော်မူလိုသည်။)

ဆောင်။ ။ ရေ မီး သူခိုး မွေခံဆိုးနှင့် မင်းဆိုးအပြား ရန်မျိုးငါးကြောင့် မပျက်ပြားလတ် စောင့်ရှောက်တတ်မှ အရက္ခ မည်ရသမ္ပဒါ။

ကလျာဏမိတ္တတာ။ ။ ဗျဂ္ဃပဇ္ဇ…မိမိနေရာ မြို့ရွာနိဂုံး၌ အသက်အရွယ် ငယ်စေကာမူ အကျင့်အားဖြင့် ကြီးရင့်ကြကုန်သော ကြီးသူဖြစ်လျှင်လည်း အကျင့်စာရိတ္တပါ ကြီးရင့်ကြကုန်သော သဒ္ဓါ သီလ စာဂ(စွန့်ကြဲပေးကမ်းမှု) ပညာနှင့် ပြည့်စုံကြသော အိမ်ပိုင်ယာပိုင်ရှိ၍ ဂဟပတိမည်သူ၊ ထိုဂဟပတိ၏ သားဖြစ်သူများ ရှိကြလိမ့်မည်။

ကြီးပွားလိုသော အမျိုးသားသည် ထိုဂဟပတိနှင့်၎င်း ထိုဂဟပတိ၏သားများနှင့်၎င်း အတူနေ အတူပြော အတူဆွေးနွေးသောအားဖြင့် အပေါင်းအသင်းလုပ်ရမည်။

ထိုသို့ မိတ်ဆွေကောင်းနှင့် ပေါင်းသော အမျိုးသားသည် မိတ်ဆွေကောင်း၏ သဒ္ဓါတရားကောင်းပုံကို အတုလိုက်၍ မိမိလည်း သဒ္ဓါတရားကောင်းလာ၏။
သီလနှင့်ပြည့်စုံပုံကို အတုလိုက်၍ မိမိလည်း သီလနှင့် ပြည့်စုံလာ၏။
စွန့်ကြဲပေးကမ်းမှု စာဂကို အတုလိုက်၍ မိမိလည်း စွန့်ကြဲပေးကမ်းတတ်လာလိမ့်မည်။
အသိအလိမ္မာ ပညာနှင့် ပြည့်စုံပုံကို အတုလိုက်၍ မိမိလည်း အသိအလိမ္မာ ရှိလာလိမ့်မည်။
ဤသို့ မိတ်ဆွေကောင်း၏ ကောင်းသောအမှုသို့ အတုလိုက်ခြင်းကို ’’ကလျာဏမိတ္တတာ- မိတ်ဆွေကောင်းနှင့် ပေါင်းသင်းခြင်း’’ဟု ခေါ်ရသည်။

(’’မိတ်ဆွေကောင်းနှင့် ပေါင်းရုံတွင်မကဘဲ မိတ်ဆွေကောင်း၏ ကောင်းသောအတုကိုလည်း လိုက်ရမည်’’ဟု ဟောတော်မူလိုရင်း ဖြစ်သည်။)

ဆောင်။ ။ သဒ္ဓါ သီလ၊ စာဂ ပညာ၊ လေးဖြာစုံတောင်း၊ မိတ်ဆွေကောင်းနှင့် ပေါင်း၍ အတု၊ ကိုယ်လည်းပြုမှ၊ ကလျာဏ မိတ္တပြည့်စုံသည်။

မဟာဂန္ဓာရုံဆရာတော်၏ ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း မှ ပြန်လည်ဖော်ပြပါသည်။ 
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ