တရားအားထုတ်သော(အထူးသဖြင့် အားထုတ်စ) ပုဂ္ဂိုလ်များ၌ ပထမဆုံး လာသောရန်သူမှာ ၀ိတက် သုံးမျိုးပင်ဖြစ်၏။
၁။ ကာမ၀ိတက် သတ္တ၀ါနှင့် အရာဝတ္ထု (သင်္ခါရ) တခုခု၌ ရလိုမှူ့၊ နှစ်သက်မှူ့နှင့်စပ်သော အကြံအစည် စိတ်ကူး၊
၂။ ဗျာပါဒ၀ိတက် မိမိနှင့်စပ်၍ဖြစ်စေ၊ သူတစ်ပါးနှင့်စပ်၍ ဖြစ်စေ၊ ရာသီဥတုစသော တစုံတခုသော အရာဝတ္ထုကြောင့်ဖြစ်စေ၊ စိတ်ဆိုး၊ စိတ်ပျက်၊ အလိုမကျ၊ ဆုတ်နစ် ကြောက်ရွံ့ခြင်း၊ တစ်ဘက်သားအား ပျက်စီးစေလိုခြင်းနှင့်စပ်သော အကြံအစည် စိတ်ကူး၊
၃။ ဝိဟိံသာ ၀ိတက် သူတဘက်သားအား နှိပ်စက် ဒုက္ခပေးလိုသော အကြံအစည် စိတ်ကူး၊
ယောဂီသည် ထိုစိတ်ကူးများကို ဖျောက်ဖျက်ပစ်မှ ရှေ့သို့ တရားတက်နိုင်သည်။ ပထမလုပ်စတွင် ထိုစိတ်ကူးများနှင့် နပန်းလုံးနေရတတ်၏။ ယင်းတို့ကို ပယ်နိုင်ရန် မြတ်စွာဘုရားရှင် မူလပဏ္ဏာသ ၀ိတက္ကဏ္ဌာနသုတ်၌ နည်းပေးတော် မူခဲ့သည်။ နည်းကား ၅ - နည်း ရှိ၏။
၁။ အစားထိုးဖျောက်နည်း (အညနိမိတ္တပဗ္ဗ) - သတ္တ၀ါနှင့်စပ်၍ လိုချင်နှစ်သက်မှူ့ စိတ်ကူးဝင်လာလျှင် အသုဘနှလုံးသွင်း၊ အရာဝတ္ထုနှင့်စပ်လျှင် အနိစ္စသဘော နှလုံးသွင်း၊ သတ္တ၀ါနှင့်စပ်၍ ဒေါသစိတ်ကူးဝင်လာလျှင် မေတ္တာ၊ အရာဝတ္ထုအတွက် ဓာတ်နှလုံးသွင်း၊ မောဟနှင့်စပ်၍ဖြစ်လျှင် ဆွေးနွေးမေးမြန်းခြင်း။
၂။ အပြစ်ရှုဖျောက်နည်း (အာဒီနဝပဗ္ဗ) - ကာမ၀ိတက် လောဘအတွက် စက်ဆုပ်ရွံ့ရှာဖွယ်၊ ခန္ဓာကိုယ်နှင့် လောဘအပြစ်ဆင်ခြင်၊ ဗျာပါဒ ဒေါသအတွက် ‘စိတ်ဆိုးသူကို ပြန်လည်စိတ်ဆိုးလျှင် မင်း ပိုပြီး ယုတ်မာရာ ရောက်တော့မပေါ့’ စသည်ဖြင့် ဒေါသအပြစ်ဆင်ခြင်ခြင်း။
၃။ မေ့ဖျောက်ရှောင်လွှဲနည်း (အသတိပဗ္ဗ) - ၀ိတက်ကို မေ့ဖျောက်ထားပြီး ရသမျှတရားစာများကို စိတ်ပါလက်ပါ ရွတ်အံ့ခြင်း၊ ဘုရားတရား ဂုဏ်တော်များ ရေးထားသော အိတ်ဆောင်စာအုပ်(မုဠိပေါတ္ထက)ကို
၎။ အကြောင်းရင်း ရှာဖွေဖျောက်နည်း (၀ိတက္က မူလဘေဒ ပဗ္ဗ) - ဖြစ်ပေါ်လာသော စိတ်ကူး၏ မြစ်ဖျားခံရာ အကြောင်းများကို ဆင့်ကာဆင့်ကာ ရှာဖွေထုတ်စစ်၍ ကြည့်ခြင်း၊
ဥသျှစ်ပင်အောက်နေသော ယုန်သူငယ် ဥသျှစ်သီးကြွေကျသည်ကို မြေပြိုသည်ထင်၍ ကြောက်လန့်ပြေးရာမှ ဆင်ကြီးများပါမကျန် တိရစ္ဆာန်များအားလုံး ဦးတည့်ရာ ပြေးကြစဉ် ဘုရားလောင်း ခြင်္သေ့မင်းက ယုန်သူငယ်ကို နှစ်သိမ့်စေ၍ ခေါ်ဆောင်ကာ အပင်ရင်းသွားပြီး ယုန်ဝပ်သောနေရာ၊ ကြွေကျသော ဥသျှစ်သီး၊ အပင်ပေါ်ရှိ အညှာ စသည်တို့ကို ထောက်ပြ၍ (အကြောင်းရင်း ရှာဖွေ၍) မြေပြိုသော အထင်မှား အတွေးမှားကို ဖယ်ရှားပေးသကဲ့သို့ အကြောင်းရင်းများရှာ၍ ဖျောက်ရခြင်း၊
၅။ ဖိနှိပ်အံကြိတ်၍ ဖျောက်နည်း (အဘိနိဂ္ဂဏှနပဗ္ဗ) - အရိုးကြေကြေ၊ အရေပြတ်ပြတ် အင်နှင့်အားနှင့် ဖိနှိပ်အံကြိတ် တောက်ခေါက်၍ မနိုင်နိုင်အောင် ဖျောက်ခြင်း။
(မူလပဏ္ဏာသ ဒွေဓာဝိတက္ကသုတ်၊ ၀ိတက္ကသဏ္ဌာနသုတ်။)
ရေးသူ။ ။ ဓမ္မစရိယ ဦးဋ္ဌေးလှိုင်။
