- စွမ်းအင်မေတ္တာ၊ ပွားသူမှာ၊ ချမ်းသာအိပ်နိုး၊ မြင်မက်သည်။
- လူနတ်စသား၊ မေတ္တာထား၊ အများချစ်ကြသည်။
- နတ်ကောင်းနတ်မြတ်၊ စောင့်ရှောက်လတ်၊ ဘေးလွတ်ကင်းဝေးသည်။
- လက်နက်မီးတောက်၊ အဆိပ်ပျောက်၊ မရောက်ရှောင်ကွင်းသည်။
- စိတ်ဓါတ်ငြိမ်လွယ်၊ မျက်နှာဝယ်၊ ချစ်ဖွယ်အဆင်း ကြည်လင်သည်။
- မတွေမဝေ၊ သေရပေ၊ လားလေ ဗြဟ္မာပြည်။
- မေတ္တာအကျိုး၊ ဆယ့်တစ်မျိုး၊ တန်ခိုးတက်လာသည်။
- ၀ိပဿနာ၊ မြတ်ချမ်းသာ၊ လွယ်စွာပွားနိုင်သည်။
- ဘ၀စည်းစိမ်၊ မမှေးမှိန်၊ ဂုဏ်ရှိန်တက်ရသည်။
- ပစ္စုပ္ပန်မှာ၊ စိတ်ချမ်းသာ၊ မှန်စွာလက်ငင်းရရှိသည်။
- မေတ္တာအကျိုး၊ နောက်သုံးမျိုး၊ တန်ခိုးတက်ပြန်သည်။
မေတ္တာပို့တဲ့အခါ မေတ္တာခံပုဂ္ဂိုလ်ထံက ဘာမှ မျှော်နေဖို့မလိုဘူး။ သူကပေးမှာမှ မဟုတ်ပဲ။ မေတ္တာကသာ ပေးမှာပါ။ မေတ္တာကို မေတ္တာနဲ့တူအောင် လုပ်ဖို့သာ ကိုယ့်အလုပ်ဖြစ်တယ်။ မေတ္တာကို စွမ်းအားပါအောင် ပို့လွှတ်ပွားများရင် မေတ္တာအကျိုး ၁၁-မျိုး ရနိုင်တယ်။ ၁၁-မျိုးဆိုတာ
၁) ချမ်းချမ်းသာသာအိပ်ရတယ်။ ဈာန်ဝင်စားနေသလိုပဲ ငြိမ်းချမ်းတယ်။ တရားမပါဘဲ အိပ်ရင် နေ့ချင်းပြန်သေတာပဲ။
၂) ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
၃) ကောင်းတဲ့ အိပ်မက် မြင်မက်ရတယ်။
၎) လူချစ်ခံရတယ်။
၅) နတ်နှင့်တကွ လူမဟုတ်တဲ့ သတ္တ၀ါတွေရဲ့ ချစ်ခင်မှူ့ကို ခံရတယ်။ ချစ်တော့ မနှောက်ယှက်ဘူးပေါ့။
၆) နတ်ကောင်းတွေ စောင့်ရှောက်ကြတယ်။စောင့်ရှောက်တော့ ဘေးရန်ကင်းလို့ ချမ်းသာရတယ်ပေါ့။
၇) မီးပူမလောင်နိုင်ဘူး၊ အဆိပ်မထိနိုင်ဘူး၊ လက်နက်မထိနိုင်ဘူး။
၈) အအေးဓါတ်နဲ့စတာဖြစ်လို့ စိတ်တည်ငြိမ် အေးချမ်းလွယ်တယ်။ သမာဓိရလွယ်တယ်။
၉) စိတ်နှလုံး စင်ကြယ်အေးချမ်းတာဖြစ်လို့ မျက်နှာအဆင်း ကြည်လင်တယ်။
၁၀) မတွေမဝေ အိပ်ပျော်သွားသလို သက်သက်သာသာသေရတယ်။အနေသာလှတာ မဟုတ်ဘူး အသေလဲ စိတ်ချရတယ်။
၁၁) ရဟန္တာမဖြစ်သေးရင် မေတ္တာကြောင့် ဈာန်ရလို့ သေသွားပြီးတဲ့နောက် ဆင်းရဲနည်းပါး ချမ်းသာများတဲ့ ဗြဟ္မာ့ပြည်ကို ရောက်ရတယ်။
ဒီ ၁၁-မျိုးက သုတ္တန်နည်းပေါ့။
ပြီးတော့-
(၁) မေတ္တာဟာ သမာဓိရလွယ်တော့ ၀ိပဿနာဥာဏ် ဖော်ထုတ်ရတာ ချမ်းသာလွယ်ကူတယ်။စိတ်ထဲမှာ အလုံးအကျိတ်အခဲ ကင်းနေတာဖြစ်လို့ ဘယ်နေရာရှုရှု ဥာဏ်ပွင့်တယ်။
(၂) ဘ၀စည်းစိမ်မြင့်တက်ပြီး တည်ငြိမ်ရင့်ကျက်စေတယ်။
(၃) မျက်မှောက်ဘ၀မှာပဲ ချက်ချင်းလက်ငင်း စိတ်ချမ်းသာစေတယ်။ ဒီ ၃-မျိုးက အဘိဓမ္မာနည်းပေါ့။ မေတ္တာရဲ့ လုပ်ခရလဒ်ဟာ သိပ်ကြီးကျယ်တယ်။
ကောက်နုတ်ချက်။။တိပိဋကယောဆရာတော် ၏ တိပိဋက ဓမ္မလက်ဆောင် တရားတော်များ

facebook မှ ကူးယူဝေငှပါသည်။