ကဲ ဒါဖြင့်
နိဗ္ဗာန်ကို မျက်မှောက်ပြုပုံပြုနည်းက ဘယ်လိုလဲ၊ နိဗ္ဗာန်ကို ဘယ်လိုမျက်မှောက်ပြုသလဲ၊
နိဗ္ဗာန်ကို မျက်မှောက်ပြုချင်လို့ရှိရင် ဘာလုပ်ရမလဲဆိုတော့ သမထကျင့်စဉ်ကျင့်ပြီး ဝိပဿနာကူးတဲ့
ပုဂ္ဂိုလ်က တစ်လိုင်း၊ သမကျင့်စဉ်ပြီးရင် ဝိပဿနာကိုသွားရမယ်၊ ဝိပဿနာကို တိုက်ရိုက်ကျင့်တဲ့
ပုဂ္ဂိုလ်က တစ်လိုင်း၊ သမထက စ,ချင်စ၊ သို့မဟုတ် ဝိပဿနာကို တိုက်ရိုက် စ,ချင် စ၊ နည်းနှစ်သွယ်
ရှိတယ်ပေါ့။
သမထကျင့်စဉ်ကိုကျင့်၊ ကျင့်ပြီးရင်
ထိုသမထကျင့်စဉ်ရဲ့ အရှိန်အဝါတွေကို ယူပြီးတော့ ထို သမထကျင့်စဉ်က ရလာတဲ့ သမထကျင့်စဉ်ထဲမှာဖြစ်တဲ့
ဈာန်တရားထဲမှာပါတဲ့ တရားတွေကို ရှု၊ အနိစ္စ
ဒုက္ခ အနတ္တရှု အဲဒါ ဝိပဿနာပဲ၊ ရူပြီးတဲ့အခါကျတော့ ခုနက အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ သင်္ခါရအာရုံတွေ
ချုပ်ဆုံးသွားတဲ့၊ သင်္ခါရတွေကင်းသွားတဲ့ ဝိသင်္ခါရ ဆိုတဲ့ နိဗ္ဗာန်ကို အာရုံပြုတယ်၊ နိဗ္ဗာန်ကို
အာရုံပြုတဲ့အခါ ဆိုင်ရာ ဆိုင်ရာ ကိလေသာတွေကို မဂ်က ပယ်ပြီးသား ဖြစ်သွားတယ်၊ အဲဒီလမ်းနဲ့သွား၊
နိဗ္ဗာန်ကို မျက်မှောက်ပြုချင်လို့ရှိရင် ဒီကျင့်စဉ်နဲ့ပဲ သွားရမယ်။
ကဲ ဆိုပါစို့ - ပုဂ္ဂိုလ်တစ်ယောက်က
သမထကျင့်စဉ်ကနေ သွားကြည့်မယ်၊ ဘယ်လိုသွားမတုန်းဆိုတော့ ဈာန်ရအောင် (တစ်နေ့ကပြောခဲ့သလို)
စိတ်ကို အာရုံနဲ့ လေ့ကျင့်မယ်၊ ဗုဒ္ဓါနုဿတိနဲ့ လေ့ကျင့်မလား၊ ထွက်လေဝင်လေနဲ့ လေ့ကျင့်မလား၊
ဘာနဲ့ပဲ လေ့ကျင့်လေ့ကျင့်၊ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုနဲ့ စိတ်ကိုလေ့ကျင့်လိုက်၊ လေ့ကျင့်လိုက်လို့ရှိရင်
ထို အာရုံပေါ်မှာ စိတ်ဟာတည်ငြိမ်သွားမယ်၊ သမာဓိတွေ ရသွားမယ်ပေါ့၊ အဲဒီလို သမာဓိ အရှိန်အဝါကောင်းသွားလို့
ဥပစာရသမာဓိ ဈန်နားကပ်သွားတဲ့အချိန်မှာဖြစ်စေ၊ သို့မဟုတ် ဈာန်ရသွားပြီးတဲ့နောက်မှာ
ဖြစ်စေ၊ ထိုဈာန်ကနေ ထပြီးတဲ့အခါ ထိုဈာန်ထဲမှာ ပါလာတဲ့ ဝိတက်တို့ ဝိစာရတို့ ပီတိတို့
သုခတို့ ဧကဂ္ဂတာတို့ မိမိစိတ်ထဲမှာ ထင်ပေါ်ရာဖြစ်တဲ့ နာမ်တရားတွေရဲ့ သဘာဝကို ရှုတယ်။
နာမ်တရားတွေရဲ့ သဘာဝကို ရှုတယ်ဆိုတဲ့နေရာမှာ
ဘာကို ရှုရမှာတုန်း ပထမဆုံး သဘာဝလက္ခဏာကို အရင်ရှုရမယ်၊ တရားရှုတယ်ဆိုတာ သဘာဝလက္ခဏာကနေ ကြည့်ရမယ်၊
ဥပမာမယ် ပထဝီကိုမြင်တယ်ဆိုတာ ပထဝီရဲ့ သဘာဝလက္ခဏာက ဘာတုန်းဆိုလို့ရှိရင် ထဒ္ဓလက္ခဏာ - ခက်မာတယ်၊
အတုံးအခဲဖြစ်တဲ့ သဘော၊ ပျော့ခြင်းသဘော မာခြင်းသဘော၊ အဲဒါ ပထဝီရဲ့ လက္ခဏာပဲ၊ ပူတယ် အေးတယ်ဆိုတာက
တေဇောရဲ့ သဘော၊ လှုပ်ရှားတယ် တွန်းကန်တယ်ဆိုတာက ဝါယောရဲ့ သဘော၊ ဖွဲ့စည်းတယ် ယိုစီးတယ်
ဆိုတဲ့သဘောက အာပေါရဲ့ သဘောပဲပေါ့။
အဲဒီ သဘာဝလက္ခဏာတွေကို အရင်ကြည့်လို့
သဘာဝလက္ခဏာမြင်ရင် သင်္ခါရတရားကို မြင်တယ်လို့ ဆိုင်ရာ ဆိုင်ရာ တရားကို သိတယ်လို့ပြောတာ၊
နာမ်တရားကို ကြည်မယ်ဆိုရင် “ဝိတက်သည် စိတ်ကို အာရုံသို့တင်ပေးတဲ့
လက္ခဏာ ရှိတယ်၊ ဝိစာရက အာရုံပေါ်မှာ လှည့်လှည့်ပြီးတော့
နေတက်တဲ့ သဘာဝရှိတယ်၊ ပီတိက အာရုံပေါ်မှာ နှစ်ခြိုက်ကျေနပ်တဲ့သဘောရှိတယ်” အဲဒီ သဘာဝလက္ခဏာလေးတွေကို ရှုလိုက်ခြင်းသည်ပင်လျှင် အဲဒီ
တရားကို တွေ့ရှိခြင်းပဲဖြစ်တယ်၊ အဲဒါ အစစ်အမှန်ကို တွေ့ရှိခြင်းပဲ။
မိမိသန္တာန်မှာ ဖြစ်နေတဲ့ တရားတွေကို
အစစ်အမှန်ကို တွေ့ရှိသွားတယ်၊ အဲဒီလို တွေ့ရှိသွားတဲ့အခါ ဒီသဘာဝတရားတွေရဲ့ အကြောင်းတွေကို
ဆင်ခြင်စဉ်းစားတယ်၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကို တွေ့မြင်လာတယ်၊ အထူးသဖြင့် အနီးကပ်ဆုံး
အကြောင်းလေးတွေကို တွေ့လာနိုင်တယ်။
ဆိုပါစို့ - ပေါ်လာတဲ့ စက္ခုဝိညာဏ်စိတ်ကလေးကို
ရှုမှတ်တဲ့ အချိန်မှာ သို့မဟုတ် စက္ခုဒွါရဝီထိမှာဖြစ်တဲ့ စိတ်တွေကို ရှုမှတ်လိုက်မယ်ဆိုရင်
ရှုပါရုံနဲ့ စက္ခုပသာဒရုပ်တို့ဆုံလို့ ဖြစ်လာရတာလို့ ဆိုင်ရာဆိုင်ရာ အကြောင်းလေးတွေပါ
သိလာရတယ်။
ဒိထက်ပိုထင်ရှားတာပြောမယ်ဆိုလို့ရှိရင်
ဆိုပါစို့ - အာနာပါန ထွက်လေဝင်လေကနေပြီးတော့ ကြည့်လိုက်မယ်၊ ဝိပဿနာရှုနည်းကားနဲ့ ရှုမယ်ဆိုလို့ရှိရင်
ထွက်လေဝင်လေကို သေချာအာရုံစိုက်ပြီးတော့ လေ့လာကြည့်မယ်ဆိုရင် ရှုသွင်းလိုက်တဲ့ လေရယ်၊
မှုတ်ထုတ်လိုက်တဲ့ လေရယ် ဒိနှစ်ခု ရှိတယ်နော်၊ အဲဒီလေက ဘယ်နေရာမှာထိတုန်းဆိုရင် နှာသီးဖျားလေးမှာထိတယ်၊
ရှုသွင်းတဲ့နေရာလည်း နှာသီးဖျားလေးမှာ ထိတယ်၊ ရှိုက်ထုတ်လိုက်ရင်လည်း နှာသီးဖျားလေးမှာ
ထိတယ်၊ အဲဒီထိတဲ့အချိန်လေးမှာ ကြည့်လိုက်လို့ရှိရင် အဲဒီလေးလေးက တစခု၊ လေထိတဲ့နေရာလေးက
တစ်ခု၊ ထိမှန်းသိလိုက်တာလေးက တစ်ခု၊ ဘယ်နှစ်ခုဖြစ်သွားလဲ၊ ၃-ခု ဖြစ်သွားတယ်၊ အနည်းဆုံး
၃-ခုရှိတယ်ဆိုတာ ကွဲကွဲပြားပြားသိဖို့။
အရင်တုန်းကသိတာ ဒီလိုသိတာ မဟုတ်ဘူး၊
အသက်ရှူနေတယ်လို့ပဲ လုံးပြောရင် ပြောမယ်ပေါ့နော်၊ ခုက အစိတ်လိုက် အစိတ်လိုက် သိသွားတာ၊
သင်္ခါရတရားတွေကို ကြည့်တဲ့အခါ လေလေးရဲ့ သဘောကလည်းပဲ လှုပ်ရှားနေတဲ့ သဘောလေး ဆိုတာ သိတယ်၊
အဲဒီလှုပ်ရှားတာလေးက လာထိတဲ့အခါ ကာယပသာဒကလည်း အဲဒီလှုပ်ရှားမှုဆိုတဲ့ ဖောဋ္ဌဗ္ဗအာရုံလေးနဲ့
ခံယူတဲ့သဘောလေး သိလာတယ်၊ အဲဒီနှစ်ခု ဆုံမိလို့ ထိသိစိတ် ကလေး ပေါ်လာတာကိုလည်း သိလာတယ်။
တစ်ခုနဲ့တစ်ခု သဘာဝချင်း တူရဲ့လား၊
အေး -မတူတဲ့ သဘာဝလေး ၃-ခုကို ဖြစ်ခိုက်ဖြစ်ခိုက်ကလေးတွေမှာ မြင်လာ ပြီ ဆိုလို့ရှိရင်
သြော် ဝါယောဓာတ်ဆိုတာ ဝါယောဖောဋ္ဌဗ္ဗအာရုံပဲ၊
အဲဒီ ဝါယောဖောဋ္ဌဗ္ဗအာရုံဟာ ကာယပသာဒဆိုတဲ့ နှာသီးဖျား လေးကို လာထိလို့ ထိသိစိတ်ဆိုတာ ဖြစ်ရတာလို့ဆိုတော့
ထိသိစိတ်ကလေးက အကျိုးတရား၊ ဝါယောဖောဋ္ဌဗ္ဗာအာရုံနဲ့ ကာယပသာဒက အကြောင်းတရားလို့ ဒီလို အကြောင်းနဲ့
အကျိုးကို သိလာတယ်။
အဲဒီလို ဝါယောဓာတ်လေးက ရုပ်တရား၊
ဝါယောဓာတ်လေးရဲ့ ထိရာဖြစ်တဲ့ နှာသီးဖျားလေးက နာမ်တရား၊ အဲဒီနှစ်ခု ပေါင်းစပ်လို့ သိလာတဲ့
အသိလေးက ထိမှန်းသိတဲ့ အသိလေးက နာမ်တရား၊ ဒီလိုခွဲလိုက်လို့ရှိရင် ရုပ်နဲ့နာမ် ကွဲသွားတယ်၊
အရင်တုန်းကလို ငါလို့ပြောတာ မဟုတ်တော့ဘူး၊ ရှုတဲ့လေလေးရယ်၊ နှာသီးဖျားလေးရယ် သူ့နာမည်နဲ့သူ
ဖြစ်သွားတယ်၊ ငါလို့ လုံးဝမပြောတော့ဘူး အဲဒီကျတော့ သူ့သဘာဝတရားလေးတွေ၊ သူ့ရဲ့ သဘာဝလက္ခဏာလေးတွေကို
တွေ့သွားတယ်၊ တွေ့သွားပြီးတဲ့ အခါကျတော့ ခုနက ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားလေး တွေပါ
မြင်သွားတယ်၊ မြင်ပုံ မြင်နည်းကို ဒါအကျဉ်းချုပ် ပြောပြတာ၊ တခြားမှာလည်းပဲ ဒီလို မြင်ရမယ်ဆိုတာ
မှတ်ရမယ်။
အဲဒီမှာ နာမရူပပရိစ္ဆေဒဉာဏ် ဆိုတာ
အဲဒါကို ပြေတာ၊ ဒါက ရုပ်သဘောတရား၊ ဒါက နာမ်သဘောတရားလို့ ကွဲကွဲပြားပြား သိသွားတယ်၊
ဘယ်လိုကြောင့် ရုပ်, ဘယ်လိုောကာင့် နာမ်လို့ ခေါ်တုန်းဆိုတော့ ထိတဲ့လေလေးကလည်း ငါ့နှာခေါင်းထိတာပါလားလို့
မသိဘူး၊ နှာခေါင်းကလည်း လေလေးက ငါ့ထိသွားတယ်ဆိုတာ မသိဘူး၊ သိတာက စိတ်က သိနေတာ၊ အဲဒီကတည်းက
မသိတက်တာက ရုပ်၊ သတာက နာမ်ပေါ့ ကွဲမသွားဘူးလား၊ အေး အဲဒီလို ကွဲသွားလို့ရှိရင် အလားတူတွေပဲ
ကျန်တာတွေလည်း ဒီလိုကွဲဖို့ လိုတယ်ပေါ့၊ အဲဒီလို ရုပ်နဲ့နာမ်နဲ့ ကွဲသွားရင် နာမရူပပရိစ္ဆေဒဉာဏ်။
နာမရူပပရိစ္ဆေဒဉာဏ် ရပြီးတော့ ခုနက
အကြောင်းတရားကိုပါ ထည့်သွင်းစဉ်းစားနိုင်လာလို့ မြင်လာလို့ရှိရင် ပစ္စယပရိဂ္ဂဟဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်
ရလိုက်တာနဲ့ တစ်ပြိုင်နက် ကင်္ခါဝိတရဏဝိသုဒ္ဓိ - သံသယတွေ ကင်းစင်သွားတယ် ဆိုတာ ဖြစ်တယ်၊
ဘယ်လို သံသယတွေတုန်းဆိုရင် ငါဖြစ်ဦးမှာလား ဆိုတာလည်း မဖြစ်တော့ဘူး၊ မဖြစ်တော့ဘူးလားလို့လည်း
ပြောစရာ မလိုတော့ဘူး၊ ဘာဖြစ်လို့တုန်းဆို ဒီအကြောင်း ဒါဖြစ်နေလို့ ဒါဖြစ်နေတာဆိုတာ မြင်သွားပြီလေ၊ လေလေးက
နှာသီးဖျားထိလို့ ထိသိစိတ်လေးပေါ်နေတာဆိုတာ မြင်သွားသည့် အတွက်ကြောင့် ငါဖြစ်ဦးမလား
မဖြစ်တော့ဘူးလားလို့ မေးစရာ အကြောင်းမရှိတော့ဘူး၊ လေလေးက နှာသီးဖျားထိရင် ထိသိပေါ်ဦးမှာပဲ၊
ဟုတ်ကဲ့လား၊ ဒါရှိလို့ ဒါဖြစ်တယ်ဆိုတာ ဒီအကြောင်း ရှိလို့ ဒီအကျိုးရှိတယ်လို့ ပြောတာနော်၊
အဲဒီလိုမြင်သွားလို့ရှိရင် ဒါပစ္စယပရိဂ္ဂဟဉာဏ် မြင်ပုံလေးပေါ့။
အဲဒီကနေ တစ်ဆင့်တက်သွားတဲ့အခါ သိနေတဲ့
ဒီသဘာဝတရားလေးကိုပဲ ဆက်လက်ပြီးတော့အသိဉာဏ်နဲ့ ပွတ်တိုက်ပြီးတော့ အာရုံကို စိတ်နဲ့ဆက်ပြီး
လေ့ကျင့်လိုက်တဲ့အခါ မမြဲတဲ့ သဘေလေးတွေပါ မြင်လာတယ်၊ ထိလိုက်တဲ့ အခိုက်လေးနဲ့ ထိလိုက်ပြီးတဲ့မှ
သိလိုက်တဲ့ အခိုက်ကလေး၊ သိလိုက်တဲ့အခိုက်လေးပြီးရင် ပျောက်သွားတယ်၊ နောက်ထပ်တစ်ခါ ထိလိုက်တဲ့
အခိုက်ကလေး ပေါ်လာပြန်တယ်၊ ပေါ်လာပြီးရင် ပျောက်သွားပြန်တယ်၊ ထွက်သက် က တစ်ခါထိတယ်, သိလိုက်တယ်,
ပျောက်သွားပြန်ပြီ၊ စုံတွဲ စုံတွဲ ပျက်ပျက်သွားတာတွေကိုပါ မြင်လာလို့ရှိရင် ဒါမမြဲတဲ့
အနိစ္စသဘောတရားဆိုတာ မြင်လာတယ်ပေါ့၊ အဲဒါကို အသိဉာဏ်နဲ့ သမာဓိစွမ်းအား သတိစွမ်းအားတွေနဲ့
ဆက်လက်ပြီး အလုပ်လုပ်တဲ့အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပျက်ကို မြင်လာတယ်၊ တခြားသင်္ခါရတွေကိုလည်း
အဲဒီလိုမြင်လာတယ်။
ဖြစ်ပျက်မြင်လာပြီ - ဖြစ်ပျက်မြင်လာတဲ့အခါ
ဆက်ပြီးရှုတဲ့ အခါ နောက်ဆုံးမှာ ဖြစ်တာကိုတောင်မှ မကြည့်တော့ဘူး၊ ပျက်သွားတာတွေချည်းပဲ
မြင်လာတယ်။ လျင်မြန်တဲ့အခါ အပျက်တွေချည်းပဲ မြင်လာတယ်၊ သင်္ခါရတရားတွေဟာ ပျက်တာ တွေချည်းပဲဆိုတော့
ဘာဖြစ်လာတုန်း၊ ကြောက်စရာကောင်းတယ်လို့ စိတ်ထဲမှာ ဖြစ်လာတယ်၊ အမြဲတမ်းချည်း အရှိန်အဟုန်နဲ့
ပျက်နေတာတွေမြင်တော့ ကြောက်စရာကောင်းတယ်လို့ မြင်လာတယ်၊ ကြောက်စရာကောင်းတယ်လို့ မြင်လာသည့်အတွက်ကြောင့်
သင်္ခါရတရားတွေပေါ်မှာ စိတ်ပျက်လာတယ်၊ စိတ်ပျက်လာတော့ ဒီသင်္ခါရတရားတွေက လွတ်ချင်လာတယ်၊
စိတ်ပျက်လာတော့ လွတ်ရာလွတ်ကြောင်း လမ်းစ လိုက်ရှာလာတယ်၊ လမ်းစရှာရင်း သြော် - သင်္ခါရတရားတွေအပေါ်မှာ
အရင်တုန်းကလို ချစ်ခင်ခဲ့တာတွေတို့၊ စိတ်ပျက်တာတွေတို့ ဒါတွေကနေ လွတ်သွားပြီးတော့ သူ့ရဲ့
သဘာဝ သက်သက်ကလေးကို ရှုနိုင်တဲ့ အသိဉာဏ်မျိုး နောက်ပေါ်လာတာ၊ အဲဒီ ပေါ်လာတာကျတော့ သင်္ခါရုပေက္ခာဉာဏ် လို့ခေါ်တယ်။
အသိဉာဏ် ရင့်သွားပြီဆိုလို့ရှိရင်
ကြောက်စရာ ကောင်းတယ်လို့လည်း မတွေးတော့ဘူး၊ မုန်းစရာကောင်းတယ်လို့လည်း မတွေးတော့ဘူး၊
နှစ်သက်စရာ ကောင်းတယ်လို့လည်း မတွေးတော့ဘူး၊ ဒါသူ့သဘာဝပဲလို့ သဘာအရှိကို သိနေတဲ့အဆင့်
ရောက်သွားရင် သင်္ခါရုပေက္ခာဉာဏ်လို့ခေါ်တယ်။
အဲဒီ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်လာပြီဆိုလို့ရှိရင်
သင်္ခါရအာရုံတွေပေါ်မှာ သူက သဘာဝတရားတွေရဲ့ ဖြစ်မှုပျက်မှုလေးတွေနဲ့ သွားနေတာ၊ သို့သော်
သူက စိတ်အေးလက်အေး ထားပြီးတော့ သွားနိုင်တာ၊ သွားနိုင်လာလို့ ဆက်လက်ပြီးတော့ လေ့ကျင့်တဲ့အခါ
သူ့အသိဉာဏ်က သိပ်ရင့်ကျက်လာတဲ့အခါ ထိုသင်္ခါရတရားတွေရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အသင်္ခတဆိုတဲ့
နိဗ္ဗာန်ဘက်ကို ကူးတယ်။
အဲဒီမှာ ဘာတွေဖြစ်လာတုန်းဆိုတော့
- နောက်ဆုံးအချိန်လေးမှာ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်လာပြီဆို နောက်ဆုံး ဝိပဿနာဉာဏ်က ဘာလာတုန်းဆိုရင်
“ပရိကမ္မ” ဆိုတာ ပေါ်လာတယ် ပြုပြင်ပြင်ဆင်မှု၊
ပြီးတော့မှ “ဥပစာရ”
ဆိုတာ ပေါ်လာတယ်၊ အနီးကပ်ဖြစ်မှု၊
နောက်ဆုံး “အနုလောမ” ဆိုတာ ‘လိုက်လျောစွာဖြစ်တဲ့ဉာဏ်’။ အဲဒီ ပရိကံ ဥပစာ အနုလုံ ဆိုတဲ့ ဒီဉာဏ်
၃-မျိုးကလည်းပဲ သင်္ခါရအာရုံတွေမှာပဲ အာရုံ နိမိတ်တွေနဲ့ပဲ ဖြစ်နေသေးတယ်။
ဂေါတြဘူဆိုတဲ့ စိတ်ကလေး ပေါ်လာလိုက်တာနဲ့
တစ်ပြိုင်နက် သင်္ခါရအာရုံတွေကို လက်လွှတ်လိုက်တယ်၊ သင်္ခါရအာရုံတွေမှ လွတ်သွားပြီး သင်္ခါရမရှိတဲ့
အာရုံတစ်ခုကို မြင်လာတယ်၊ ပြုပြင်ရတဲ့သဘာဝတရားတွေနဲ့ အမြဲတမ်းနေလာပြီး ပြုပြင်နေရတဲ့
သဘာဝတရားတွေ ပျောက်ကွယ်သွားတဲ့ အဆင့်ကို သူက မြင်လာတယ်။ မြင်လာပြီးတော့ဟိုဘက်ကို ကူးလိုက်တာက
မဂ်စိတ်ကလေး၊ အဲဒီပေါ်လာတဲ့ မဂ်စိတ်လေးက နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ပေါ်လာတာ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။