နောက် ထိုထုသုတ္တန်
ပါဠိတော်တွေမှာ မြတ်စွာဘုရားက ‘ခန္တီ
ပရမံ တပေါတိ တိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ’
‘နိဗ္ဗာန်ကို အမြတ်ဆုံး’ လို့ အဆင့်အမြင့်ဆုံး ပန်းတိုင်အနေနဲ့ ဒီလိုဟောထားတာရှိတယ်၊
နောက်တစ်ခုက ‘နိဗ္ဗာနံ
ပရမံ သုခံ’ သို့မဟုတ် ‘နိဗ္ဗာန ပရမံ သုခံ’ ‘ချမ်းသာတွေထဲမှာ နိဗ္ဗာန်ဟာ အကောင်းဆုံးပဲ’ လို့၊ လူ့လောက လူတွေဟာလည်း ချမ်းသာ ဆိုလို့ရှိရင် သဘောကျတယ်လေ။
အဲဒီတော့ နိဗ္ဗာန်ချမ်းသာကို ဘာနဲ့
တွေးတုန်းဆိုရင် မျက်စိကမြင်ရတဲ့ အာရုံလေးပေါ်မှာ ကျေနပ်နေတဲ့ ချမ်းသာ၊ နားက ကြားရတဲ့
အသံလေးပေါ်မှာ ကျေနပ်နေတဲ့ ချမ်းသာ၊ နှာခေါင်းက နမ်းရှူရတဲ့ အနံ့၊ လျှာက အရသာခံရတဲ့
အရသာ၊ ခန္ဓာကိုယ်က အထိအတွေ့ ခံစားရတယ်၊ စိတ်ထဲမှာ ကြံစည်စိတ်ကူးပြီးတော့ ဖြစ်ပေါ်လာတဲ့
အရသာ၊ အဲဒီ အရသာလေးတွေ၊ စိတ်ထဲမှာ ကြံစည်စိတ်ကူးပြီးတော့ ရလာတဲ့ အတွေးတွေ၊ အဲဒါတွေ
ကြည့်ပြီးတော့ ဖြစ်ပေါ်လာတဲ့ သုခသောမနဿ လို့ ဆိုတဲ့ ချမ်းသာမှု ဝမ်းသာမှုလေးတွေ အဲဒီ ချမ်းသာနဲ့
နိဗ္ဗာန်ချမ်းသာကို သွားပြီးတော့ နှိုင်းယှဉ်ကြည့်တယ်၊ ချမ်းသာဆိုလို့ရှိရင် ဒီလို ချမ်းသာမျိုးပဲ
နေမှာပဲလို့ ကိုယ်ရ,တာနဲ့ သွားပြီးတော့ နှိုင်းယှဉ်ပြီးတော့ ကြည့်တက်တယ်။
အဲဒီလို နှိုင်းယှဉ်ကြည့်လုက်လိုရှိရင်
နိဗ္ဗာန်ချမ်းသာမှုကို ကာမဂုဏ်အာရုံတွေကို ရရှိလာတဲ့ ချမ်းသာခုခနဲ့ တန်းတူထားပြီးတော့
စဉ်းစားလာလို့ရှိရင် ကာမဂုဏ်အာရုံဆိုတဲ့ ချမ်းသာသုခက အတွယ်နဲ့ နှစ်သက်တာ၊ အဲဒီတော့
နိဗ္ဗာန်ချမ်းသာကိုလည်းပဲ အဲဒီလိုအတွေးနဲ့ တွေးပြီးတော့ ချမ်းသာတယ်လို့ ဒီလို ခံစားရမယ့်
ချမ်းသာသဘောမျိုး တွေးမိကောင်း တွေးမိနိုင်တယ်ပေါ့၊ ဒါကတော့ တဏှာလောဘ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေဟာ
ဒီလိုပဲ။
အဲဒီတော့ လူတွေက နိဗ္ဗာန် နိဗ္ဗာန်နဲ့
ပြောတယ်၊ နိဗ္ဗာန်ရဲ့ အရည်အသွေးလေးတွေကို အဘိဓမ္မာတသင်္ဂဟကျမ်းက ဘာပြောထားတုန်းဆို - ဒါက
အခြေခံအားဖြင့် နားလည်ထားဖို့ရာ “နိဗ္ဗာနံ ပန လောကုတ္တရ
သင်္ခါတံ”
နိဗ္ဗာန်ဆိုတာ လောကရဲ့ အထက်မှာ ရှိတယ်။
အထက်ဆိုတာ လောကနဲ့ ဆက်စပ်ပြီးတော့ မနေဘူး၊ လောကကို
လွန်မြောက်သွားတယ်လို့ ဒီလိုပြောတာ၊ လောကထဲမှာ မရှိဘူး၊ ဒါဖြင့် လောကဆိုတာ ဘာတွေပြောတာလဲဆိုရင်
ခန္ဓာတို့ အာယတနတို့ ဓာတ်တို့ ဒီဟာတွေကို လောကလို့ခေါ်တာ၊ အဲဒီ လောကလူတွေနဲ့ ဆက်စပ်မနေဘူး၊
ခန္ဓာဆိုတဲ့ လောကနဲ့ ဆက်စပ်မနေဘူး။
တစ်နည်းအားဖြင့် လောကီတရားတွေရဲ့
အထက် လောကီတရားတွေထက် သာလွန်သွားတဲ့အရာ လောကုတ္တရာ၊ လောကကို လွန်မြောက်သွားမှ တစ်နည်းအားဖြင့်
ဥပါဒါနက္ခန္ဓာလို့ ဆိုတဲ့ လောကကို လွန်မြောက်သွားတယ်၊ အဲဒီ လွန်မြောက်သွားတဲ့ အဆင့်မှာ
ရှိတယ်လို့ ပြောတာဆိုတော့ လူတွေ နေ့စဉ်တွေ့ကြုံ ခံစားနေရတဲ့ ရရှိနေကြရတဲ့ ကိုယ်တွေ့သိရှိနေကြတဲ့
ဟောဒီ ရုပ်နာမ်ဓမ္မ သင်္ခါရတွေက လွတ်ထွက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ။
“စတုမဂ္ဂဉာဏေန
သစ္ဆိကာတဗ္ဗံ” နိဗ္ဗာန်ကို သိနိုင်တာ ဘာနဲ့သိနိုင်တုန်းဆိုရင်
မဂ်ဉာဉ်လေးပါးနဲ့မှ သိနိုင်တယ်လို့ ဒီလိုပြောတာ၊ ပကတိမျက်စိနဲ့ နိဗ္ဗာန်ကို မြင်လို့မရဘူး၊
သာမန်ဉာဉ်ကလေးနဲ့လည်း နိဗ္ဗာန်ကို မြင်လို့မရဘူး၊ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်ဆိုတာ
ကိုယ်တွေ့သိတာကိုပြောတာ၊ ကိုယ့်ရဲ့ မျက်စိအောက်ဆိုတဲ့သဘောမျိုး မျက်စိဆိုတဲ့အထဲမှာ
မျက်မှောက်ပြုတယ်ဆိုတဲ့ အဓိပ္ပါယ်က ကိုယ်တိုင်မြင်တယ်၊ ကိုယ်တိုင် ကြားတယ်၊ ကိုယ်တိုင်
အနံ့ရတယ် ဒီလိုဟာမျိုးကို မျက်မှောက်လို့ ခေါ်တယ်၊ ကိုယ်တွေ့သိတာ။
အဲဒီတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တာဟာ
ဉာဏ်နဲ့မှ မျက်မှောက်ပြုနိုင်တာ၊ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဆိုတာတဲပ သာမန်စိတ်တွေနဲ့
မျက်မှောက်ပြုလို့မရဘူး၊ မသိနိုင်ဘူး။ နိဗ္ဗာန်ကို လက်လှမ်းမမီဘူးပေါ့၊ နိဗ္ဗာန်ကို မျက်စိနဲ့ကြည့်လို့
မရဘူးလို့ ဒီလိုပြောတာ၊ ဉာဏ်ဆိုတဲ့ နေရာမှာလည်းပဲ သာမန်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သေးဘူး၊
ဒါ့ကြောင့် ‘စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ’ ‘မဂ်ဉာဏ်လေးပါးနဲ့မှ
မျက်မှောက်ပြုနိုင်တယ်’ တဲ့။
‘မဂ္ဂဖလာန
မာရမ္မကာ ဘူတံ’ မဂ်စိတ် ဖိုလ်စိတ်တွေရဲ့ အာရုံဖြစ်တယ်၊
မဂ်စိတ် ဖိုလ်စိတ်တွေဟာ စိတ်မှန်လို့ရှိရင် အာရုံနဲ့ကင်းပြီး မဖြစ်ဘူးဆိုတာ ဘုန်းကြီးတို့
အကြိမ်ကြိမ် ပြောခဲ့ပြီးသားနော်၊ စိတ်ဆိုတဲ့သဘောဟာ အာရုံနဲ့ကင်းပြီးတော့ ဖြစ်တာ မရှိဘူး၊
အဲဒိတော့ မဂ်စိတ် ဖိုလ်စိတ်တွေဟာ ဘာအာရုံနဲ့ဖြစ်တာတုန်းဆိုတော့ အဲဒီ နိဗ္ဗာန်အာရုံနဲ့ဖြစ်တယ်၊
နိဗ္ဗာန်ဆိုတာ မဂ်စိတ် ဖိုလ်စိတ်တွေရဲ့ အာရုံအနေနဲ့တော့ ရှိနေတယ်ပေါ့၊ နိဗ္ဗာန်ဆိုတဲ့
အာရုံ (object) မရှိဘူးဆိုရင် မဂ်စိတ် ဖိုလ်စိတ် မဖြစ်နိုင်ဘူး။
ဆိုပါစို့ - စက္ခုဝိညာဏ်စိတ်ကလေးက
ဘယ်အာရုံနဲ့ ဖြစ်တာတုန်းဆိုရင် ရူပါရုံနဲ့ တွေ့မှ ဖြစ်တာ၊ သောတဝိညာဏ်စိတ်ကလေးက သဒ္ဒါရုံဆိုတဲ့
အသံနဲ့ဆုံမှ ဖြစ်တာ၊ ဃာနဝိညာဏ်စိတ်ကလေးက အနံ့ဆိုတဲ့ ဂန္ဓာရုံနဲ့ဆုံမှ၊ ဇိဝှာဝိညာဉ်စိတ်က
အရသာ ဆိုတဲ့ ရသာရုံနဲ့ဆုံမှ၊ ကာယဝိညာဏ်စိတ်လေးက
ဖောဋ္ဌဗ္ဗာရုံလို့ဆိုတဲ့ အထိအတွေ့ အာရုံနဲ့ဆုံမှ၊ မနောဝိညာဏ်ဆိုတဲ့ စိတ်ကလေးဟာလည်းပဲ ဓမ္မဆိုတဲ့
ကျန်တဲ့အာရုံတွေနဲ့ ဆုံစည်းမှ ဖြစ်တယ်လို့ ဒီလိုပြောတာ၊ အဲဒီ ဓမ္မဆိုတဲ့အထဲမှာ နိဗ္ဗာန်ဆိုတာ
ပါတယ်ပေါ့။
မနောဝိညာဏ်စိတ်ကလေးတွေမှာလည်းပဲ
မဂ်စိတ် ဖိုလ်စိတ်တွေပါတယ်၊ အဲဒီ မဂ်စိတ် ဖိုလ်စိတ်တွေဟာ သာမန်နဲ့ ရလာတာမဟုတ်ဘူး၊ ဝိပဿနာကျင့်စဉ်
ကျင့်ပြီးတော့မှ ဝိပဿနာစွမ်းအားကြောင့် ပေါ်လာတဲ့ စိတ်ဟာ မဂ်စိတ် ဖိုလ်စိတ်ပဲ။ ပင်ကိုယ်စိတ်တွေ
မဟုတ်ဘူးလို့ ဒီလိုပြောတယ်၊ မွေးရာပါ စိတ်တွေ မဟုတ်ဘူး၊ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပြီးတော့
ယူလိုက်တဲ့အခါကျတော့ စိတ်ဟာ ပိုပြီးတော့ သန့်ရှင်းလာတယ်, ကြည်လင်လာတယ်, ဖြူစင်လာတယ်၊
အဲဒီလို ဖြူစင်လာတဲ့အခါ အသိဉာဏ်တွေကလည်း တောက်ပလာတယ်၊ သဒ္ဓါစွမ်းအား ပညာစွမ်းအား ဝီရိယစွမ်းအား
သမာဓိစွမ်းအားတွေ အဲဒီစွမ်းအားတွေ ထက်လာတဲ့စိတ် ဝိပဿနာဉာဉ်နဲ့ တက်လာပြီး နောက်ဆုံးကျတော့မှ
မဂ်စိတ် ဖိုလ်စိတ်ဆိုတာ ပေါ်လာတာ။
ဝိပဿနာကျင့်စဉ်နဲ့ ကျင့်မှ အဲဒီ
မဂ်စိတ် ဖိုလ်စိတ်ဆိုတာ ပေါ်လာနိုင်တာ၊ ဒီအတိုင်းနဲ့ ပေါ်မလာဘူး၊ အဲဒီတော့ဟာ နိဗ္ဗာန်ကိုမြင်ချင်တယ်ဆိုလို့ရှိရင်
မဂ်စိတ် ဖိုလ်စိတ်ပေါ်လာမှပဲ မျက်မှောက်ပြုလို့ရမယ်၊ ဒိပြင် အချိန်မှာကျတော့ မှန်းဆပြီးတော့
ကြည့်ရတယ်၊ မှန်းဆကြည့်ပြီးတော့ နိဗ္ဗာန်နဲ့ ပတ်သက်ပြီးတော့ အငြင်းပွားနေစရာ ဘာမှမလိုဘူး။
နိဗ္ဗာန်နဲ့ ပတ်သက်လာလို့ရှိရင်
ကမ္ဘာမှာ နိဗ္ဗာန်အကြောင်း ရေးတာတွေ အများကြီးပဲ၊ အဲဒီ နိဗ္ဗာန်အကြောင်း ရေးတဲ့သူတွေဟာ
နိဗ္ဗာန်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဟောထားတဲ့ တရားတွေဖတ်ပြီးတော့ ကိုယ့်အတွေးတွေနဲ့ ပေါင်းစပ်ပြီးတော့
ရေးနေကြတာချည်းပဲ၊ ရ,တဲ့လူက ရေးတာမဟုတ်ဘူး၊ အတွေးနဲ့ လျှောက်ပြီးတော့ ပြောနေတယ်ဆိုတော့
အမှန်တရား ဖြစ်နိုင်ပါဦးမလား၊ (မဖြစ်နိုင်ပါဘူးဘုရား) မဖြစ်နိုင်ဘဲနဲ့ သူပြောတာမှန်တယ်၊
ငါပြောတာမှန်တယ် ဆိုပြီးတော့ နိဗ္ဗာန်နဲ့ ပတ်သက်ပြီး အငြင်းပွားနေစရာ ဘာတစ်ခုမှ မရှိဘူးနော်။
ကိုယ်ကိုယ်တိုင် မသိသေးလို့ရှိရင်၊
ကိုယ်ကိုယ်တိုင် မျက်မှောက်မပြုနိုင်သေးလို့ရှိရင် နိဗ္ဗာန်ရဲ့ အရသာဟာ သူပြော ကိုယ်ပြောပဲ
ဖြစ်ဦးမှာပဲ၊ သူပြောတာလည်း ပြည့်စုံမှာ မဟုတ်ဘူး၊ ကိုယ်တိုင်တွေ့တဲ့ အခါမှသာလျှင်
နိဗ္ဗာန်နဲ့အရသာ၊ နိဗ္ဗာန်ရဲ့ အကြောင်းကို သိနိုင်မှာဖြစ်တယ်၊ ဒါ့ကြောင့်မို့လို့ နိဗ္ဗာန်နဲ့
ပတ်သက်ပြီးတော့ controversy ဆိုတဲ့ အငြင်းပွားမှုဟာ မဖြစ်သင့်ဘူးပေါ့၊ မြန်မာပြည် စာပေဆိုင်ရာ
နိဗ္ဗာန်နဲ့ပတ်သက်ပြီး စာပေရှုထောင့်ကနေ ငြင်းနေကြတာ၊ သူရေးတဲ့နိဗ္ဗာန်က ဟုတ်တယ်, ငါရေးတဲ့
နိဗ္ဗာန်က ဟုတ်တယ်၊ သူဟောတာမှန်တယ်, ငါဟောတာမှန်တယ်ဆိုပြီး သက်သက် အချိန်ဖြုန်းနေတာမျှသာ
ဖြစ်တယ်။
နိဗ္ဗာန်ကို သိချင်လို့ရှိရင် မဂ်ဉာဏ်
ဖိုလ်ဉာဏ်ရအောင် ကြိုးစားဖို့ပဲရှိတယ်၊ ဟုတ်တယ် မဟုတ်လား၊ အဲဒီလို ကြိုးစားမှု မပြုဘဲနဲ့
သူ့နိဗ္ဗာန်က မှန်တယ် ငါ့နိဗ္ဗာန်က မှန်တယ် ဆိုတာ “ဟင်္သာတ
တောင်ဘက်က နိဗ္ဗာန်” ပဲ တွေ့မှာပဲနော်၊ အဲဒီနားက နိဗ္ဗာန်တို့,
ပဲခူးနားက နိဗ္ဗာန် ဒါပဲရှိတာ၊ အဲဒီတော့ အတွယ်အတာတွေ လုံးဝလွတ်သွားမှ နိဗ္ဗာန်ဆိုတာ တွေ့ရမှာ။
အဲဒီ အတွယ်အတာတွေ လွတ်သွားဖို့
နိဗ္ဗာန်သွားတဲ့ လမ်းကြောင်းကို မြတ်စွာဘုရားက ခင်းပြထားတယ်၊ အဲဒီ လမ်းကြောင်းကနေ လျှောက်ပြီးတော့
သွားကြည့်မှ သူ့နိဗ္ဗာန် ကိုယ့်နိဗ္ဗာန် ဒီလိုပြောမယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ ‘နိဗ္ဗာနံ
ပရမံ သုခံ’ နိဗ္ဗာန်ဆိုတာ ချမ်းသာတဲ့အထဲမှာ အကောင်းဆုံးချမ်းသာ၊
အေး အဲဒီချမ်းသာနိဗ္ဗာန်မှာ မအိုရဘူးတဲ့၊ မနာရဘူးတဲ့၊ မသေရဘူးတဲ့၊ ဟန်ကျလိုက်တာပေါ့၊
အဲဒီမှာ ငါ အမြဲတမ်းနေရမယ်ဆိုတဲ့ အတွေးတွေနဲ့ တွေးရင်တော့ နိဗ္ဗာန်ဟာ လိုချင်မှု ဘဝတဏှာနဲ့
သွားစပ်ပြီးတော့ ကြိုက်နေတဲ့ တဏှာအာရုံမျှသာ ဖြစ်မှာပဲ။
လူတွေနားထဲမှာ ချမ်းသာ ဆိုလို့ရှိရင်
သဘောကျတာ အမှန်ပဲ၊ အတွေးကိုက ချမ်းသာဆိုတာ ကိုယ်ချမ်းသာတယ်- ကြည့်လေ -နိဗ္ဗာန်မှာ ချမ်းသာကိုခံစားတဲ့
ဝေဒနာကိုက ရှိကိုရှိတာမဟုတ်ဘဲ၊ ချမ်းသာကို ခံစားတာ မရှိဘူး၊ အဲဒီတော့ နိဗ္ဗာန်နဲ့ ပတ်သက်ပြီးတော့
မြတ်စွာဘုရား ဟောထားတဲ့ တရားတော်တွေရှိတယ်၊ ဥဒါန်းပါဠိတော်မှာရှိတယ်၊ ဣတိဝုတ်ပါဠိတော်မှာ
ရှိတယ်။
အဲဒီကနေ ထုတ်နှုတ်ပြီးတော့ မဟာစည်ဆရာတော်ကြီး
ဟောထားတဲ့ “နိဗ္ဗာနပဋိသံယုတ္ထကထာ” ဆိုတာလည်းရှိတယ်၊ လယ်တီဆရာတော်ရေးထားတဲ့
နိဗ္ဗာန်အကြောင်း လည်း ရှိတယ်၊ ရှေးရှေးဆရာတော်ကြီးတွေ ရေးတဲ့ နိဗ္ဗာန်အကြောင်း လည်းရှိတယ်၊
ထိုဆရာတော်ကြီးတွေက စာပေအခြေခံပြီးတော့ အဲဒီမျက်မှောက်ပြုသွားတဲ့ ဆရာတော်တွေလည်း ရှိကောင်းရှိမယ်၊
များသောအားဖြင့် စာပေရေးရာကနေ တွေးပြီးတော့ ရေးတာက ပိုများလောက်စရာရှိတယ်၊ အဲဒီထဲမှာ
ကိုယ့်အတွေးနဲ့ ကိုယ့်အရေးနဲ့ ဒီလိုရေးနေတဲ့အထဲမှာ သွားပြီးတော့ ဘယ်သူ့နိဗ္ဗာန်က မှန်တယ်၊
ဘယ်ဝါ့နိဗ္ဗာန်က မှားတယ်လို့ ပြောနေလို့ရှိရင်တော့ အချိန်ဖြုန်းရာပဲ ရောက်မှာပဲ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။