အဲဒီတော့
တစ်ခုမှတ်ဖို့ကတော့ “နိဗ္ဗာန” ဆိုတဲ့ စကားလုံးကိုကြည့်ပြီးတော့ နိဗ္ဗာန်ရဲ့
အနှစ်သာရပိုင်းကို သိရမယ်။ “နိဗ္ဗာန် ဆိုတာ လောကုတ္တတရာတရား ဖြစ်တယ်”။ လောကုတ္တရာတရား ဖြစ်တယ်ဆိုတာ လောကနဲ့ မဆက်စပ်ဘူးဆိုတဲ့
အဓိပ္ပါယ်မျိုး တစ်ခု မှတ်ရမယ်။
နောက်စတ်ခုက “နိဗ္ဗာန်ဟာ မဂ်ဉာဏ် လေးပါးနဲ့မှ မျက်မှောက်ပြုလို့ရတယ်”၊ နိဗ္ဗာန်ဟာ မဂ်စိတ် ဖိုလ်စိတ်တို့ရဲ့ အာရုံဖြစ်တယ်၊ ‘မဂ္ဂဖလာန မာရမ္မဏ ဘူတံ’ အဲဒီလို မဂ်စိတ် ဖိုလ်စိတ်တွေရဲ့ အာရုံဖြစ်ပြီးတော့ ဘာကြောင့်
နိဗ္ဗာန်ခေါ်တုန်း၊ ‘ဝါန သင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ’၊ တစ်ဘဝနဲ့ တစ်ဘဝကို ဆက်စပ်ပြီးပေးတက်တဲ့ တဏှာကို ဝါန လို့ ခေါ်တယ်။ တစ်ဘဝနဲ့ တစ်ဘဝ ဆက်စပ်ပေးတဲ့
ဝါန ဆိုတဲ့ တဏှာကနေ လွတ်သွားတာကို နိဗ္ဗာန်လို့
ခေါ်တယ်လို့ ဒါလေးကို အကြမ်းဖျင်း မှတ်ထားရမှပေါ့။
အကြမ်းဖျင်း မှတ်ထားပြီးတော့ ကဲ
ဒါဖြင့် “နိဗ္ဗာန်ဟာ ဘယ်မှာရှိသလဲ” ? ဘယ်မှာရှိမှန်းလဲ မသိဘူး၊ ဟင်္သာတတောင်ဘက်ကရွာ သွားပြချင်
ပြနေမယ်၊ အဲဒီတော့ နိဗ္ဗာန်ဘယ်မှာရှိသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို မြတ်စွာဘုရား ဟောထားတဲ့
သုတ္တန်တစ်ခုအရ ဖြေမယ်ဆိုလို့ရှိရင် “နိဗ္ဗာန်ဆိုတာ ကိုယ့်သန္တာန်မှာပဲ ရှိတယ်” လို့ ပြောရမယ်၊ ကိုယ်နဲ့စပ်နေတယ်လို့ ပြောရမယ်၊ ဘယ်သုတ္တန်တုန်းဆိုရင်
ရောဟိတဿသုတ္တန်၊ မြတ်စွာဘုရားက ‘ဣမသ္မိံယေဝ ဗျာမမတ္တေ
ကဠေဝရေ’ (တစ်လံလောက်ရှိတဲ့ ခန္ဓာကိုယ်၊ ကိုယ့်တစ်လံတဲ့၊
လုပုလေးကလည်း သူ့တစ်လံနဲ့သူ တစ်လံပဲရှိတာပဲ၊ လူထွားကြီးကလည်း သူ့ တစ်လံနဲ့သူ တစ်လံပဲ
ရှိတာပဲ၊ ဟုတ်ကဲ့လား၊ အဲဒါလည်း သွားမငြင်းနဲ့ဦး၊ မင်းက တစ်လံမရှိဘူး, ပုပုလေးပဲ ဆိုပြီးတော့၊
ကြွက်ကလည်း ကြွက်အတောင်နဲ့ပဲ၊ ဆင်ကလည်း ဆင်အတောင်နဲ့ပဲ။ တစ်ခါ ကြွက်က ခြုံဖုတ်ထဲ တိုးလိုက်တော့
သူ့ကျောကုန်း ပြဲသွားတာ-အဲဒါ သူကပြောတယ်၊ တစ်ထွာလောက် ပြဲသွားတယ်ဆိုတော့ မင်းအကောင်ကမှ
တစ်ထွာမရှိတာ ဘယ်လိုလုပ် တစ်ထွာပြဲမလဲ ဆိုတော့ သူ့လက်နဲ့သူ ထွာရင်တော့ တစ်ထွာတဲ့၊ အဲဒီတော့
သူ့ဟာနဲ့သူ ပြောရမှပေါ့၊ အဲဒီတော့ ကိုယ့်အတိုင်းအတာနဲ့ကိုယ်)။
လူတွေရဲ့ ခန္ဓာကိုယ်ဟာ တစ်လံလောက်ရှိတယ်၊
‘ဣမသ္မိ
ံယေဝ ဗျာမမတ္တေ ကဠေဝရေ’ ဟောဒီခန္ဓာကိုယ်ထဲမှာ သသညမှိ သညာရှိ၊
သမနေကေ စိတ်ရှိတဲ့ ခန္ဓာကိုယ်ထဲမှာတဲ့ ‘လောကဉ္စေဝ ပညာပေမိ’ လောကလို့လည်း သတ်မှတ်တယ်၊ ‘လောကသမုဒယဉ္စ’ လောကဖြစ်ကြောင်းတရား ရှိတယ်လို့လည်း ပြောတယ်၊ ‘လောကနိရေဓဉ္စ’ လောကချုပ်ငြိမ်းရာတရား ရှိလိုလို့ပြောတယ်၊ ‘လောနိရောဓ
ဂါမိနီ ပဋပဒါစ’ လောကချုပ်ရာသို့ ရောက်ရာဖြစ်တဲ့ အကျင့်ရှိတယ်
ဆိုတာကိုလည်းပြောတယ်။
ဟောဒီ ခန္ဓာကိုယ်ထဲမှာ သစ္စာလေးပါးရှိတယ်လို့
ပြောတာပဲ၊ စပ်ပြီးတော့ ပြောတဲ့စကား၊ တခြား အပြင်မှာ သွားရှာရမှာမဟုတ်ဘူး၊ မြန်မာစကားလည်းရှိတာပဲ၊
‘တရားရှာ ကိုယ်မှာတွေ့’ တဲ့၊ ဒီတရားတွေဟာ ကိုယ့်သန္တာန်မှာ ဖြစ်နိုင်တဲ့ တရားတွေပေါ့။
သို့သော် နိဗ္ဗာန်ဆိုတာ အဖြစ်တရားမဟုတ်ဘူး ဆိုတာတော့ သိရမယ်၊ အဖြစ်ရှိရင်
အချုပ်ရှိသွားမှာပဲ၊ အဲဒါကြောင့်မို့ နိဗ္ဗာန်ဟာ ဘယ်မှာရှိတုန်းဆို ကိုယ်မှာပဲရှိတယ်လို့
အဲဒီသုတ္တန်အရ ပြောမယ်ဆိုရင် ပြောလို့ရတယ်၊ အေး တချို့ အဋ္ဌကထာတွေမှာ ပြောတယ် “နိဗ္ဗာနံပိ
ခန္ဓာပဋိပတ္တမေဝ” တဲ့၊ ခန္ဓာနဲ့စပ်ပြီးတော့မှ နိဗ္ဗာန်ကိုပြောလို့ ရတယ်လို့ ပြောတာ၊ ဟောဒီ
လူ့ခန္ဓာတွေထဲမှာ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။