Friday, January 11, 2013

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ တဘဝသံသရာ


♣ အခြေခံနိဒါန်း

သော ဇာတော ယေန ဇာတေန,

ယာတိ ဝံသော သမုန္နတိံ၊ 
ပရိဝတ္တိနိ သံသာရေ,
မရိတော ကော ဝါန ဇာယတေ။

ဇာတေန-ရှေးကံအထူး,ရှိခဲ့ဘူးသဖြင့်,မီရှူးသန့်စင်, ဖွားမြင်၍ လာသော၊

ယေနပုတ္တေန-ကျောက်ကောင်းတလုံး,ပမာသုံးသို့,တိုင်းလုံးထင်ရှား,အကြင်သားကြောင့်၊ ဝံသော-ဆွေရင်းမျိုးချ,သူသူငါမျှ,မကသယ်ကျုံး,တနွယ်လုံးသည်၊ သမုန္နတိံ-အောက်တန်းမှမြင့်, အဆင့်ဆင့်ဖြင့်, စွင့်စွင့်တက်လှမ်း, အထက်တန်းသို့၊ ယာတိ-ယခုလည်းကောင်း၏, နောင်လည်း ကောင်းလျက်, ကောင်းကောင်းပုံသေ, ရောက်နိုင်ပေ၏၊
သောပုတ္တော-တနွယ်လုံးပင်, စုံအလင်ဖြင့်, ဂုဏ်အင်ပွားကြောင်း, ထိုသားကောင်းသည်၊ 
ဇာတော-အမျိုးသားတို့,တိုးပွားဘို့ရာ,မွေးဖွားသည်ဟု ဆိုထိုက်ပါပေ၏၊ 
ပရိဝတ္တိနိသံသာရေ-တပြောင်းပြန်ပြန်, အဖန်ဖန်ဖြင့်, မှန်မှန်ပြောင်းလွှဲ, သံသရာထဲ၌၊ 
မရိတော-တဘဝဇာတ်, အဆုံးသတ်၍, နေရပ်ရှောင်သွေ, သေလေပြီးသော၊
ကောဝါ-ဘယ်နတ် ဘယ်လူ,အဘယ်သူသည်မူလည်း၊ 
နဇာယတေ-ရုပ်သစ် နာမ်သစ်, ခန္ဓာသစ်ဖြင့်, အသစ်လဲကာ မဖြစ်ဘဲရှိပါအံ့နည်း။[ဟိတောပဒေသ,ကထာမုခ(၁၅)။]


သားကောင်းတယောက်,တွန်းပေါ်ပေါက်က,သူ့နောက်ဆွယ်ကျုံး,တနယ်လုံးလည်း၊,ကံဘုန်းဆင့်လှောက်, အမြင့်ရောက်၏၊ သို့လောက်နောက်ဖွား ကျေးဇူးများမည့်,ထိုသားကိုသာ,ဖွားမြင်လာဟု,ကောင်းစွာကြိုဆီး ,မြှောက်ပင့်ချီးလော၊ သေပြီးတဖန်,အားရချီးမြှင့်,မမြောက်သင့်သည်,သူနှင့် ငါနှင့် တူရုံကိုး။


♣ သံသရာ ♣

“သံ=ဆက်စပ်၍+သရ=ဖြစ်ခြင်း” ဟူသော ပါဠိစကားကို “သံသရာ” ဟု ခေါ်ကြ၏၊ ထို့ကြောင့် ရုပ်ခန္ဓာအစဉ် နာမ်ခန္ဓာအစဉ်တို့၏ အဆက်မပြတ်အောင် ဆက်၍ဆက်၍ ဖြစ်နေသော အစဉ်ကို “သံသရာ” ဟုမှတ်ပါ၊ သတွာ တယောက်အတွက် ဘဝများစွာ ထိုသံသရာသည် မရေမတွက်နိုင်အောင် ကြာခဲ့လေပြီ၊ ကံတခုဖြင့် ပိုင်းခြား၍ ပြောရလျှင် တဘဝ၌ ပဋိသန္ဓေဟု ခေါ်အပ်သော ရုပ်နာမ်မှစ၍ စုတေသည့် ရုပ်နာမ်တိုင်အောင်ဖြစ်နေသော အစဉ်ကိုလည်း “တဘဝ (တသံသရာ” ဟု ခေါ်နိုင်ပါသည်။

♣စဉ်းစားခဲ့ခြင်း♣

မိမိသည် အလွန်ငယ်ရွယ်စဉ်အခါဝယ် အဖိုးထံမှ၎င်း, ဘုန်းတော်ကြီးကျောင်းသို့ ရောက်သောအခါဆရာသမားများ၏ အထံမှ၎င်း ရှေးသူတော်ကောင်းသူမြတ်လောင်းတို့၏ နုစဉ်အခါတုန်က အဖြစ်ဘဝကဖြစ်ခဲ့သော အစဉ်များကို၎င်း,အထူးအားဖြင့် လွန်ခဲ့သောဘဝကဖြစ်စဉ်ကို၎င်း အလွန်သိလိုသောဆန္ဒ ဖြစ်ခဲ့ပါသည်၊

ထိုဆန္ဒအလျောက်ရှေ့ဘဝက ဖြစ်ခဲ့သော အစဉ်များကို၎င်း,အထူးအားဖြင့် လွန်ခဲ့သောဘဝက ဖြစ်စဉ်ကို၎င်း အလွန်သိလိုသောဆန္ဒ ဖြစ်ခဲ့ပါသည်၊ ထိုဆန္ဒအလျောက် ရှေ့ဘဝဖြစ်စဉ်ကို တွေး၍တွေး၍ ကြည့်၏,ဘာမျှ မပေါ်လာပါ၊ “နတ်အိပ်မက်ပေးတတ်သည်” ဟု ကြားဘူးသောကြောင့် တရံတခါ အိပ်မက်မက်ဘို့ရန် တောင့်တ၍အိပ်၏,မက်ကား မမက်ခဲ့ပါ။

♣ ယခုဘဝ ♣

ဤသို့ တောင့်တပါလျက် ရှေးဘဝက အကြောင်းအရာကိုမျှ မသိရသောအခါ မိမိဉာဏ်ကို မကျေနပ်သလို ဖြစ်ရပါသည်၊ သို့သော် ယခုတဘဝ အကြောင်းအရာကိုကား အေတော်များစွာပင် မှတ်မိနေ၏၊ ဤသို့ မှတ်မိသမျှကို ပြန်၍စဉ်းစားသောအခါ “တဘဝသံသရာ” သည်ပင် ဝတ္ထုဇာတ်လမ်းပမာ ဝမ်းသာဝမ်းနဲ ဖြစ်စရာတွေနှင့် အားတက်စရာ သံဝေဂရစရာတွေ ရောပြွမ်း၍နေသည်ကို တွေ့ရပါသည်၊

ထို့ကြောင့်ရေး၍ ပြနိုင်သော ယခုတဘဝ အကြောင်းအရာကိုသာ ရေးပြရပါတော့မည်။


♣ ကိုယ်တိုင်ရေးရခြင်း ♣

ပုဂ္ဂိုလ်တပါး၏ ကြောင်းအရာကို အခြားပုဂ္ဂိုလ် တပါးက ရေးသားရာ၌ ထင်ရှားသော အကြောင်းအရာသို့ရောက်ဘို့ရန် နေ့စဉ်ရက်ဆက် ထူထောင်ရသော,မထင်ရှားသော ဉာဏ်ဝီရိယ အကြောင်းအရာကိုကား မရေးသားနိုင်ပါ၊ နောင်လာနောက်သားတို့ အတုယူဘွယ် အကြောင်းအရာမှာ ကြီးကျယ်ခြင်း မဟုတ်ဘဲ,ထိုအဆင့်သို့ ရောက်ဘို့ရန်ကြိုးစားရသော ဉာဏ်-ဝီရိယအလုပ်သာ ဖြစ်ပါသည်၊ ထိုဉာဏ်-ဝီရိယအကြောင်းအရာသည် နောင်လာနောက်သားတို့အတွက် လမ်းညွှန်ဖြစ်နိုင်

ပါသည်၊ ထို့ကြောင့် မိမိသေပြီးမှ အမွှန်းတင်၍ အတ္ထုပ္ပတ္တိရေးခြင်းကို မလိုလားသည့်အတွက် မိမိ၏ကောင်း-အဆိုး အကြောင်းအမျိုးမျိုးကို ကိုယ်တိုင် ရေးပြရပါသည်။

♣ အကျဉ်းချုပ် အစီအစဉ်♣

ပုဂ္ဂိုလ်တယောက်၏ စိတ်နေစိတ်ထား ဖြစ်ရပုံသည် တိုင်းပြည်နိုင်ငံနှင့်လည်း ဆက်သွယ်၏၊ မွေးရာ နယ်ပယ်ဒေသနှင့်လည်း ဆက်သွယ်၏၊ မွေးရာဌာန ရပ်ရွာနှင့်လည်း ဆက်သွယ်၏၊ မိဘမျိုးရိုးနှင့်လည်း ဆက်သွယ်၏၊ ဆရာသမားများနှင့်လည်း ဆက်သွယ်၏ထိုစိတ်နေစိတ်ထား အတိုင်းပင် ဉာဏ်-ဝီရိယများလည်း ဖြစ်ပေါ်ရ၏၊

ဉာဏ်ဝီရိယ ကောင်း-မကောင်း လိုက်၍လည်း တိုးတတ်မှု ဆုတ်ယုတ်မှုဖြစ်ရ၏၊ ထို့ကြောင့် မိမိအကြောင်းအရာကိုပြရာ၌ တိုင်းပြည်နိုင်ငံမှစ၍ အခြေခံအဖြစ်ဖြင့် ပြရပါလိမ့်မည်၊ [ထိုသို့ပြန်ရာ၌ သာ၍ရှင်းအောင် “ဥုးဓမ္မဂုတ္တ” ဟု မှည့်ထားအပ်သော နိမ္မိတ (ဖန်ဆင်းအပ်သော )ရဟန်းတပါးက မေးသည့်ဟန်ဖြင့် ရေးသားပါမည်၊ ဓမ္မ-တရားလမ်းမှန်ကို+ဂုတ္တ-စောင့်ရှောက်သောပုဂ္ဂိုလ်။]


♣ ကိုယ်တော်တိုင် ဟောရိုး♣

ကိလေသာကုန်ခန်း၍ ဘဝလမ်းအဆုံးသို့ရောက်တော်မူကြသော ဘုရား ပစ္စေကဗုဒ္ဓါနှင့် ရဟန္တာဖြစ်ပြီးသော ထေရာထေရီ အလီလီသော ယောက်ျားမွန် မိန်းမမြတ်တို့သည် မိမိတို့၏ အတ္ထုပ္ပတ် ဖြစ်စဉ်ကို နောင်လာနောက်သားတို့ အတုယူရစ် ရှောင်ကြဉ်ရစ်ကြဘို့ရန် အပဒါန်ပါဠိတော်ယယ် ဟောဖေါ် ထုတ်ပြတော်မူကြပေသည်၊

ထိုအရှင် မြတ်တို့၏ ထုံးကို နှလုံးသွင်းကာ ထိုအရှင်မြတ်တို့အား လွန်ရွာရိုကျိး ဥုးနှိမ်ချိုး၍ ရှိခိုးကန်တော့ပါသည်။


♣ အချုပ် ♣

ရှင်တော်ဘုရား,ထေရ်အများတို့, ရှည်လျားဖြစ်စဉ်,မှတ်တမ်း တင်ဘို့,ကြည်လင်မိန့်သံ, အပဒါန်ကို,နာခံရထုံး,စိတ်ဝယ်သုံးလျက်,နှလုံးရွှင်ပျ,ဥုးတင်သ၍,သဘဝတွင်,ကိုယ်ဖြစ်စဉ်ကို,စာတွင်ကျနေ, တင်ကာပြပိမ့်,နှောင်းထ ရှင်လူ,လိုရာဟူသည်,…မတူ ကျိုးကြောင်း ဖုံဖုံတည်း။

*****

အရှင် ဇနကာဘိဝံသ
သာသနာ ၂၅၁၃
ကောဇာ ၁၃၃၁
ပြာသိုလ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ