အေး လူပီပီပြင်ပြင်နဲ့ ဖြစ်လာတဲ့
ပုဂ္ဂိုလ်ကျတော့ မဟာဝိပါက် စိတ် ၈-ခုထဲက ဉာဏသမ္ပယုတ်စိတ်နဲ့ ပဋိသန္ဓေနေတာရှိတယ်, ဉာဏဝိပ္ပယုတ်စိတ်နဲ့
ပဋိသန္ဓေနေတာ ရှိတယ်။ ပဋိသန္ဓေဉာဏဝိပ္ပယုတ်စိတ် ၄-ခုထဲက တစ်ခုခုနဲ့ ပဋိသန္ဓေနေပြီဆိုရင်
အဲဒီပုဂ္ဂိုလ်မှာ သန္ဓေထဲက ဉာဏ်မပါဘူး၊ ဉာဏဝိပ္ပယုတ်စိတ်လို့ဆိုတော့ ဟိတ်အနေနဲ့ ပြောမယ်ဆိုရင်
အလောဘဟိတ်ရှိတယ်, အဒေါသဟိတ်ရှိတယ်, အမောဟဟိတ်ဆိုတဲ့ အသိဉာဏ် မပါလာဘူး၊ မပါတော့ သူ့မှာ
ဒီမပာာဝိပတ် ဉာဏဝိပ္ပယုတ်စိတ် ၄-ခုမှာ ဖြစ်နိုင်တဲ့ဟိတ်က အလောဘဟိတ်နဲ့ အဒေါသဟိတ်၊ ဟေတု
ဆိုတာ fortify လုပ်နိုင်တဲ့၊ စွမ်းဆေင်နိုင်တဲ့စွမ်းရည် သတ္တိရှိတယ်။ “ဟေတုပစ္စယော” ရဲ့ စွမ်းဆောင်နိုင်မှုက ပြင်းထန်တယ်၊
အားကောင်းတယ်၊ ဒါကြောင့်မို့လို့ ဟေတု ဆိုတဲ့ ဟိတ်နှစ်မျိုးနဲ့ပဲ သူက မွေးဖွားလာတဲ့ပုဂ္ဂိုလ်ဖြစ်လို့
အမောဟဆိုတဲ့ ပင်ကိုယ်ဟိတ် အသိဉာဏ်နဲ့ဆိုင်တဲ့ ဟိတ် ပါမလာဘူး၊ ဟိတ်နှစ်မျိုးနဲ့ပဲ မွေးတဲ့သူဖြစ်လို့
သူ့ကို “ဒွိဟိတ်ပုဂ္ဂိုလ်” လို့ ခေါ်တာနာ်၊ ဒွိဟေတုက ပုဂ္ဂိုလ်တဲ့။
ခုနက ဥပေက္ခာသန္တီရဏနဲ့ ပဋိသန္ဓေနေပြီ
ဆိုလို့ရှိရင် အဲဒီ ပုဂ္ဂိုလ်က အလောဘ ဆိုတာလည်း မပါဘူး, အဒေါသ ဆိုတာလည်း ပါဘူး, အမောဟဆိုတာဝေလာဝေး၊
ဟိတ် လုံးဝမပါလို့ ‘အဟေတုက’ အဟိတ်ပုဂ္ဂိုလ်လို့ ဒီလိုပြောတာ၊ ဟိတ်ဆိုတာ အဲဒီ “ဟေတုပစ္စယော” က ဟေတုကို ရည်ညွှန်းတာနော်၊ အရပ်ထဲမှာ
ပြောတဲ့ ဟိတ်မရှိဘူး ဆိုတာက အဓိပ္ပါယ်တခြားနော်၊ အဲဒါနဲ့ မဆိုင်ဘူး။
အဲဒီတော့ အဟိတ်ပုဂ္ဂိုလ်ဆိုတာ တိရစ္ဆာန်တွေ
တချို့သော ပြိတ္တာတွေ ငရဲသားတွေ - အဲဒီ အပါယ်လေးဘုံသားတွေပေါ့၊ ပြိတ္တာကို နှစ်မျိုးခွဲထားလို့
အပါယ်က ၄-ဘုံ ဖြစ်နေတာ၊ သုတ္တန်ပါဠိတော်တွေမှာ ၃-ဘုံဟောတယ်နော်၊ ငရဲ တိရစ္ဆာန် ပြိတ္တာ
ဒီ ၃-ဘုံပဲ ရှိတယ်၊ အသူရကယ် ဆိုတာကတော့ ပြိတ္တာ အမျိုးအစားထဲက တစ်မျိုးလို့ မှတ်ရမှာပေါ့။ အဲဒီ အပါယ် ၄-ဘုံ သားတွေကျတော့
အဟိတ်၊ ဒါကြောင့်မို့ လူတွေကပြောတယ် အဟိတ်တိရစ္ဆာန်၊ တိရစ္ဆာန်ကို အဟိတ်နဲ့တွဲပြီးပြောတယ်၊
သူတို့ရဲ့ သန္ဓေကိုက မမီဘူး။
ဒါဖြင့် တိရစ္ဆာန်လေးတွေကို သင်ရင်တော့
မတက်ဘူးလား ဆိုတော့ သူတို့မှာ သင်ရင်တော့ တက်တယ်တဲ့ သညာတော့ ရှိတယ်။ သညာရှိလို့ သင်ထားရင်တော့
တက်တာပေါ့၊ မှတ်တဲ့ စိတ်လေးတွေတော့ ရှိတာပေါ့။ သို့သော်လည်း ပညာဆိုတဲ့ အနေအထားမျိုးသူတို့မှာ
ရောက်မလာဘူး၊ သက်လို့ရတဲ့ အနေအထားလေးတော့, မှတ်တဲ့စိတ်တော့ သူတို့မှာ ရှိတယ်ပေါ့၊ အမှတ်အသားလေးတော့
ထားတယ်၊ ဒကြောင့်မို့ ခွေးတွေ training ပေးတဲ့အခါကျတော့ အနံ့လေးနဲ့ တစ်ခုခုနဲ့ အမှတ်အသားလေး
ခုပ်ပေးထားပြးတော့ ခိုင်းတာပေါ့၊ သင်္ကေတလေးတွေနဲ့ ခိုင်းပေးသွားတယ်။
ကဲ ကောင်းပြီ၊ လူသားတွေမှာ ဉာဏဝိပ္ပယုတ်
ဝိပါက်စိနဲ့ ပဋိသန္ဓေနေလာတဲ့ “ဒွိဟိတ်ပုဂ္ဂိုလ်” ဟာ ဒီဘဝမှာ မဂ်တရားဖိုလ်တရား ရလောက်အောင် အဆင့်မမီဘူးလို့
ပြောရမယ်။ အဲဒီတော့ ဉာဏ်မဖြစ်နိုင်ဘူးလို့ ပြောတာမဟုတ်ဘူးနော်၊ သင်လို့ ဉာဏ်ကတော့ ဖြစ်လာမှာပဲ၊
အသစ်တော့ ဖြစ်လာနိုင်တယ်၊ မြန်မာစကားမှာရှိတယ် မဟုတ်လား၊ “နဂိုရှိမှ နဂိုင်းထွက်”
ဆိုတာ။ သူက နဂိုမပါဘူး၊ နဂိုမပါတော့ စမ်းရည်သတ္တိ သိပ်မထက်ဘူးပေါ့၊ အခုမှ လေ့ကျင့်ယူရတဲ့
အသိဉာဏ်မျိုးဆိုတော့ ပင်ကိုယ်က အခြေခံကောင်းတဲ့ အသိဉာဏ်မျိုး မဟုတ်ဘူး။
အဲဒါကြောင့်မို့လို့ လူတွေ တစ်ယောက်နဲ့တစ်ယောက်
သင်တဲ့အခါမှာ ကွာခြားမှုဖြစ်သွားတာ၊ တချို့ကျတော့ လွယ်လိုက်တာ၊ ဘာပြောလိုက်ပြောလိုက်
လွယ်လွယ်လေး၊ တချို့ကတော့ ခက်နေတယ်၊ ဘာမှလည် နားမလည်ဘူး၊ ဒါက ဉာဏဝိပ္ပယုတ်နဲ့ ဉာဏသမ္ပယုတ်၊
အဲဒီတော့ ဒွိဟိတ်နဲ့ ပဋိသန္ဓေ နေလာတဲ့ ပုဂ္ဂိုလ်သည် ဒီဘဝမှာ ဈာန် မဂ် ဖုလ် ရဖို့ အနေအထားတော့
မရှိဘူး၊ သို့သော် ကြိုးစားရမယ်၊ မကြိုးစားဘဲတော့
မနေရဘူး၊ ကြိုးစားခြင်းသည် နောက်ဘဝအတွက် အခြေခံကောင်းတွေ ရသွားနိုင်တယ်။
အဲဒါကြောင့်မို့ မြန်မာနိုင်ငံမှာ
အရင်တုန်းက “ဒွိဟိတ်ပုဂ္ဂိုလ်လား, တိဟိတ်ပုဂ္ဂိုလ်လား” လို့ အငြင်းပွားပြီး တိဟိတ်ပုဂ္ဂိုလ်မှ ဈာန် မဂ် ဖိုလ်
ရနိုင်တာ ဖြစ်သောောကာင့် ဒွိဟိတ်ပုဂ္ဂိုလ်တွေက ဘာမှ လုပ်မနေနဲ့ဆိုတဲ့ အဓိပ္ပါယ်မျိုးပြောကြတယ်။
အဲဒီ အဒိပ္ပါယ်မဟုတ်ဘူးနော်၊ ဒွိဟိတ်ပုဂ္ဂိုလ်တွေအနေနဲ့ ဒီဘဝမှာ အဆင့်မီပေမယ့် ကြိုးစားရမယ်၊
ကြိုးစားသလောက်တော့ သူရောက်သွားမှာပဲ၊ သို့သော်လည်း အဆင့်မြင့်သည် အထိတော့ သူ မပေါက်ရောက်နိုင်ဘူး၊
ဘာဖြစ်လို့ မပေါက်ရောက်နိုင်လဲဆိုတော့ အခြေခံက ဒါလောက်ပဲ လက်လှမ်းမီတာကိုး၊ အခြေခံစွမ်းအား
IQ က သိပ်မမြင့်ဘူးပေါ့၊ သိပ်မမြင့်သည့် အတွက်ကြောင့် အဆင့်အမြင့်ကြီးကို မရနိုင်ဘူး။
တစ်ခါလူသားထဲမှာ မဟာဝိပါတ် ဉာဏသမ္ပယုတ်စိတ်
၎-ခု နဲ့ ပဋိသန္ဓေတည်တဲ့ ပုဂ္ဂိုလ်ကျတော့ အလောဘဆိုတဲ့ ဟိတ်လည်းရှိတယ်, အဒေါသဆိုတဲ့ ဟိတ်လည်း
ရှိတယ်, အမောဟ ဆိုတဲ့ ဟိတ်လည်းရှိတယ်၊ ဟိတ် -၃မျိုးရှိတဲ့ အတွက်ကြောင့် သူ့ကို တိဟိတ်
ပုဂ္ဂိုလ် လို့ခေါ်တယ်။ တိဟေတုက ဆိုတဲ့ ပါဠိကို ကြည့်ပြီး တိဟိတ် ပုဂ္ဂိုလ်တဲ့၊ သူ့ကျတော့
ထက်မြတ်တယ်၊ ဘာလေး သင်လိုက်သင်လိုက် သူက အင်မတန်မှ သိလွယ်တယ်၊ ဉာဏ်က ထက်မြတ်တယ်, လျင်မြန်တယ်,
ဖြတ်လက်တယ် ဆိုတဲ့ အနေအထားမျိုး ရောက်တယ်။
ဒွိဟိတ်ပုဂ္ဂိုလ် တိဟိတ်ပုဂ္ဂိုလ်ကို
အကြမ်းဖျဉ်းအားဖြင့် ဘယ်လိုလုပ် သိနိုင်တုန်းလို့ မေးမယ်ဆိုလို့ရှိရင် တိဟိတ်ပုဂ္ဂိုလ်ဟာ
မထိုင်းမိုင်းဘူး၊ “သုဘာသိတ
ဒုဗ္ဗာသိတ ဿအတံ္ထ ဇာနာတိ” တဲ့၊ ကောင်းသဖြင့် ပြောတဲ့စကားလား၊မကောင်းသဖြင့်
ပြောတဲ့ စကားလား၊ အဆိုးနဲ့အကောင်း အကျိုးနဲ့အကြောင်း ခွဲခြားပြီး သိနိုင်တယ်လို့ ဆိုရင်
တိဟိတ်ပုဂ္ဂိုလ်လို့ပဲ ပြေရမယ်။ တချို့ပုဂ္ဂိုလ်ကျတော့ အဆိုးလား အကောင်းလားလည်း မသိဘူး,
အကျိုးလား အကြောင်းလားလည်း ဆိုတာလည်း မသိဘူး၊ အဲဒီလို မသိလို့ရှိရင် ဒါဒွိဟိတ်ပုဂ္ဂိုလ်ပဲ၊
ထက်မြတ်မှုမရှိတဲ့ ပုဂ္ဂိုလ်ပဲ။ အဲဒီ ပုဂ္ဂိုလ်နှစ်ဦးမှာ တိဟိတ်ပုဂ္ဂိုလ်ဖြစ်လာပြီဆိုရင်တော့
ဒီဘဝမှာ ကြိုးစားရင် ကြိုးစားသလောက်, ဝီရိယစွမ်းအားမြင့်ရင် မြင့်သလောက် အသိဉာဏ်အား
ပေါက်ရောက် လာနိုင်တယ်တဲ့၊ ဒီဘဝမှာ မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်တယ်။
အဲဒီ တိဟိတ် ပုဂ္ဂိုလ်ထဲမှာ ထပ်ပြီး
ခွဲကြည့်မယ်ဆိုရင် ‘ပစ္ဆိမ ဘဝိက’ ဆိုတဲ့ ပုဂ္ဂိုလ်မျိုး ရှိသေးတယ်။ သူ့ရဲ့ဘဝဟာ နောက်ဆုံးပဲလို့
ဆိုတဲ့ အနေအထားမျိုးရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ပစ္ဆိမဘဝ၊ ကံအနေအထားအရ သူကကျတော့ ဉာဏ်ဟာ ပိုပြီး
တော့ထက်မြက်လမ့်မယ်လို့ ယူဆရတယ်၊ စိတ်စွမ်းအားတွေလည်း ပိုပြီးတော့ မြင့်မားလိမ့်မယ်၊
ဆိုလိုတာက level တို့ ဒီဂရီတို့ ဆိုတာ နေရာတိုင်းမှာ ရှိမယ်ပေါ့၊ တိဟိတ်ပုဂ္ဂိုလ်ရဲ့
level ထဲမှာလည်း ပိုပြီးတော့ထက်တဲ့ တိဟိတ် ပုဂ္ဂိုလ်ရဲ့ level ဆိုတာ ရှိသေးတယ်။
ပင်ကိုယ်က ဉာဏ်ထက်လို့ တိဟိတ်ပုဂ္ဂိုလ်
ဖြစ်လာပြီ ဆိုလို့ရှိရင် စာပေတွေမှာ ဘယ်လိုသုံးတုန်းဆိုလို့ရှိရင် ဥပနိဿယသမ္ပတ္တိ တဲ့၊
အခြေခံကောင်းတွေ ရှိနေတဲ့ ပုဂ္ဂိုလ်တဲ့၊ အဲဒီပုဂ္ဂိုလ်မျိုးဟာ
ဘုရားနဲ့တွေ့ပြီး တရားနာလိုက်ရပြီဆိုရင် ကျွတ်သွားတဲ့ ပုဂ္ဂိုလ်မျိုးပေါ့၊ တရားထူး တရားမြတ်
ရသွားတယ်။ သို့သော်လည်း အဲဒီလို ဥပနိဿယသမ္ပတိ အခြေခံကောင်းတွေ ရှိသော်လည်း တရားထူး တရားမြတ်မရတဲ့
ပုဂ္ဂိုလ်ရော မရှိနိုင်ဘူးလား ဆိုလို့ရှိရင် ရှိတယ်၊ အများကြီးရှိတယ်၊ ဟောဒီ ပရိသတ်တွေထဲမှာလည်းပဲ
အခြေခံကောင်းတွေရှိပြီး တရားထူး တရားမြတ် မရသေးတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်နော်။
ဥပနိဿယသမ္ပတ္တိလို့ ဆိုတဲ့ တိဟတ်ပဋိသန္ဓေ
အနေအထားပေမယ့်လို့ ဘာဖြစ်လို့ မရသေးတာတုန်းဆိုလို့ရှိရင် မရင့်ကျက်သေးတာလည်း ဖြစ်လိမ့်မယ်,
မလုပ်သေးတာလည်း ဖြစ်လိမ့်မယ်, ဆန္ဒမပြင်းထန်သေးတာလည်း ဖြစ်လိမ့်မယ်။ အခြေခံအကြောင်းကတော့
သူက စွမ်းအားတွေ အများကြီးလိုတယ်လေ၊ ပြီးတော့ မြတ်စွာဘုရား တရားဟောတဲ့အခါမှာ ဘယ်ပုဂ္ဂိုလ်က
ဘယ်တရားနဲ့ တန်တယ်ဆိုတာ မြတ်စွာဘုရားက ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်ကို ကြည့်ပြီးတော့ သူနဲ့တန်တဲ့တရား တစ်ခါတည်းဟောတော့
အသိဉာဏ်က ချက်ချင်း ပွင့်သွားတယ်။
မြတ်စွာဘုရားကနည်းလမ်းတွေ အကုန်သိတော့
နည်းလမ်းစုံသုံးတယ်။ ကျန်တဲ့ သာဝကတွေကျတော့ ဘုရားဟောတဲ့ တရားထဲကနေ ရမ်းပြီးတော့ ဟောရတာဆိုတော့
လူအုပ်ထဲကို ခဲနဲ့ပစ်ရင် မှန်တဲ့သူကို မှန်မှာပေါ့။ တရားဟောရတာက အဲဒီလို ရမ်းပြီးတော့
ကြဲနေရတဲ့ဟာမျိုးပဲ။ ဘုရားဟောတဲ့တရားတွေ ယူပြီးဟောတော့ ထိတဲ့သူ ထိတယ်, မထိတဲ့သူ မထိဘူးပေါ့၊
ပေါက်ရောက်တဲ့သူ ပေါက်ရောက်တယ်, မပေါက်ရောက်တဲ့သူ မပေါက်ရောက်ဘူး၊ စိတ်ထဲ တွေ့သွားတဲ့သူရှိတယ်,
စိတ်ထဲ မတွေ့တဲ့သူလည်း ရှိမှာပဲ၊ ဘာဖြစ်လို့တုန်းဆိုရင် စိတ်ကိုသိလို့ လွဲမှားမှု မရှိတော့ဘူး။
အဲဒီထဲမှာ ဥပနိဿယသမ္ပတ္တိ ဆိုတဲ့ အခြေခံကောင်းတွေ ရှိတဲ့
တိဟိတ်ပုဂ္ဂိုလ်တွေတောင်မှပဲ တစ်ခါတစ်ရံ သူတို့ အခြေအနေကောင်းတွေ ပျက်စီးသွားတာတွေ ရှိတက်သေးတယ်တဲ့။
ဒါက သတိထားစရာ ကောင်းတယ်။ ပျက်စီးသွားတာ ဘာကြောင့် ပျက်စီးတာတုန်းဆိုရင် နံပါတ်(၁)က
external condition ကြောင့်ဖြစ်တယ်၊ အပေါင်းအသင်းပဲ။ ပါပမိတ္တ မကောင်းတဲ့သူနဲ့ ပေါင်းမိတယ် ဆိုလို့ရှိရင် အခြေခံကောင်းတွေ ပျက်စီးသွားနိုင်သေးတယ်။
ဆိုပါစို့ - မိတ်ဆွေယုတ်နဲ့ ပေါင်းမိသွားတဲ့အတွက်ကြောင့် ကံငါးပါး ကျူးလွန်မိရင် (ကံငါးပါးဆိုတာ
အာနန္တရိယကံငါးပါးကို ပြောတာ၊ အမိကို သတ်တဲ့ကံ, အဖကိုသတ်တဲ့ကံ, ရဟန္တာကို သတ်တဲ့ကံ, သံဃာကို
သင်းခွဲတာ၊ သံဃာ သင်ခွဲတာ ကတော့လူတွေနဲ့ မဆိုင်ဘူး၊ ရဟန်းတွေနဲ့ပဲ ဆိုင်တယ်၊ သံဃာသင်းခွဲတာကို
ကျူးလွန်နိုင်တဲ့ပုဂ္ဂိုလ်က ရဟန်းပဲ ဖြစ်ရမယ်၊ လူမဟုတ်ဘူး၊ သံဃဘေဒကကံ ထိုက်တယ်ဆိုတာ
လူဝတ်ကြောင်မှာ မထိုက်ဘူး၊ သို့သော် အားပေးအားမြှောက် ပြုမယ်ဆိုရင် အပြစ်တော့ ဖြစ်တယ်၊
သို့သော် အာနန္တရိယကံအဆင့် ကံကြီးဆိုတာတော့ ဖြစ်တယ်၊ နောက် လောဟိတုပ္ပါဒကကျတော့ ရဟန်းဖြစ်ဖြစ်
လူဖြစ်ဖြစ် ထိုက်နိုင်တယ်၊ ဘုရားကို သွေးစိမ်းတည်အောင် လုပ်တယ်) အဲဒီ ကံငါးပါးကို ကျူးလွန်မိတယ်ဆိုရင်
အခြေအနေကောင်းတွေ ပျက်စီးသွားတက်တယ်။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) ၁၂၁-၁၂၈ မှ ပူဇော်ပါသည်။
*** ဆက်ရန်*** အခန်း(၄) စိတ်ဖြစ်ပုံကိုလေ့လာခြင်း(၁) (ဂ) ကို ဆက်လက်ပူဇော်ပါမည်။