အသွင်နှင့် အမြင်
သင်္ကန်းဝတ်ရာ၌
မည်သည့်အရောင်ကို ဝတ်ရမည်ဟု တိတိကျကျ သတ်မှတ်၍ ခွင့်ပြုတော်မူထားသည် ကို မတွေ့ရပါ၊
မဝတ်ကောင်းသော သင်္ကန်းအရောင်များကိုကား တိတိကျကျ သတ်မှတ်ထားသည်ကို တွေ့ရ၏၊ ထိုအရောင်များမှာ
(၁) သဗ္ဗနီလ-အပြာရောင်, မီးခိုးပြာရောင်,
ညိုပြာရောင်
(၂) သဗ္ဗပီတက-ဝါလွန်းသောအရောင်၊
(၃) သဗ္ဗလောဟိတက-နီရဲလွန်းသောအရောင်၊
(၄) သဗ္ဗမဉ္ဇိဋ္ဌက-ညိုမောင်းသောအရောင်, ပန်းရောင်၊
(၅) သဗ္ဗကဏှ-အမဲရောင်၊
(၆) မဟာရင်္ဂ-ကင်းခြေများကျောကုန်းရောင်(ရသေ့အဝတ်ရောင်)၊
(၇) မဟာနာမ-နှစ်ရောင် သုံးရောင်ခြယ်သင်္ကန်း,
ဖက်ရွက်ရော်ရောင်များ ဖြစ်သည်။(ဝိ-၃, ၄၂၃)
သင်္ကန်းရောင်ကို တိကျစွာ သတ်မှတ်၍ ခွင့်ပြုမထားသော်လည်း
အများအားဖြင့် “အညို, အဝါ, အနီ” ဟူသော အရောင်သုံးမျိုးကိုသာ ဝတ်ဆင်ကြောင်း စာပေ၌ တွေ့ရ၏၊
ထိုတွင် အညိုရောင်သည် ဝိနည်းနှင့်လည်း လျော်,
သူတော်ကောင်းတို့နှင့်လည်း လျောက်ပတ်, ဣနြေ္ဒလည်းရ, အညစ်အပေလည်း ခံ၏။
ထို့ပြင် “အသီတိမဟာထေရာ မေဃဝဏ္ဏံ ပံသုကူလံ
ဧကံသံ ကရိတွာ-ရှစ်ကျိတ်သော မဟာထေရ်တို့သည် မိုးတိမ်ရောင်ပံသုကူသင်္ကန်းကို လက်ကန်တော့တင်၍(ဒီ.ဋ္ဌ-၁,
၄၁)}}ဟူသော စကားရှိ၏၊ ထိုစကားတွင် “မေဃဝဏံ္ဏ”ဟူသောပုဒ်ကို “မိုးတိမ်ညိုရောင်(သီဋီသစ်-၁, ၁၉၄၊ မဋီ-၂, ၁၈၆):ဟု
ဖွင့်ဆို၏၊ ဤစကားကို ကောက် ချက်ချလျှင် အသီတိမဟာသာဝကများလည်း အညိုရောင်သင်္ကန်း ဝတ်တော်မူကြကြောင်း
ထင်ရှား၏၊
ထိုကြောင့်
ပထမရွှေကျင်ဆရာတော်ဘုရားကြီးနှင့် ရွှေကျင်ဆရာတော်အဆက်ဆက်တို့သည် အညိုရောင် (အုတ်ခဲရောင်၊
ပိန္နဲညိုရောင်)ကို နှစ်သက်စွာ ဝတ်ရုံတော်မူကြ၏။
သာမန်အညိုရောင်မဝတ်ရဟု
တားမြစ်ချက်ကို ပါဠိအဋ္ဌကထာဋီကာတို့၌ မတွေ့ရပါ၊ ညိုပုပ်ပုပ် ပြာနှမ်းနှမ်း သပြေသီးမှည့်ရောင်ကိုသာ
ဘုရားရှင်ပယ်တော်မူသည်၊ အချို့ပုဂ္ဂိုလ်များကား သာမန်အညိုရောင်ကို လုံးဝမဝတ် ကောင်းသည့်အနေဖြင့်
ပြောဆိုကြ၏၊ အညိုရောင်ဝတ်လျှင် ပါရာဇိကကျမလောက်
ရင့်သီးစွာ ပြောဆိုသည်ကို ကြားရဘူး၏၊ ထိုစကားသည် “သဗ္ဗနီလကာနိ စီဝရာနိ” မှ နီလသဒ္ဒါကို
ယူရိုးယူစဉ် အညိုရောင်ဟု ယူရာမှ ဂိုဏ်းဂဏရေး,
ပုဂ္ဂိုလ်ရေး အာဃာတများကြောင့် ကျယ်ပွားလာသော စကားသာ ဖြစ်ဖွယ်ရှိ၏။
ချဲ့ပါဥုးမည်-နီလသည် ယူရိုးယူစဉ်အရ အညိုရောင်ဖြစ်သည်၊
သို့သော် မသုံးကောင်းသော သင်္ကန်း, ဖိနပ်တို့၏ အရောင်တို့တွင် နီလကို “နှမ်းကြတ်ပွင့်ရောင်”ဟု ဖွင့်၏၊ နှမ်းကြတ်ပွင့်ရောင်မှာ
အပြာရောင် ဖြစ်သည်၊(ဝိ.ဋ္ဌ-၃, ၃၆၇၊ ခုဒ္ဒဋီဟောင်း-၉၉၊ ခုဒ္ဒဋီသစ်-၂၈၄၊မြန်ဓာန်-၂)၊ ပါဠိသက္ကတအဘိဓာန်တို့၌
နီလသဒ္ဒါ အမဲရောင်ဟောဟု ဆို၏။(ဓာန်-၉၆၊အမရ-၅, ၁၄၊ထောမနိဓိ)၊ "The dark blue or black colour, blue or green or black" ဟူသော သက္ကတအင်္ဂလိပ်အဘိဓာန်နှင့် "dark-blue, blue-black, blue-green"ပါဠိအင်္ဂလိပ်အဘိဓာန်များ အဆိုအရ နီလသဒ္ဒါ အပြာရင့်ရောင်,
အပြာရောင်, အနက်ရောင်, အစိမ်းရောင်များကိုပါ
ဟောနိုင်၏။
ပြအပ်ခဲ့သော ပါဠိအဋ္ဌကထာဋီကာနှင့် ဂန္ထန္တရကျမ်းအဆိုများကို
ကြည့်လျှင် “နီလစီဝရ”ဟူသည် အပြာရောင်သင်္ကန်း, ညိုပြာရောင်သင်္ကန်း, စိမ်းညိုရောင်သင်္ကန်းများကို
ဆိုလိုသည်၊ ထိုသင်္ကန်းများကိုသာ ဘုရားရှင် တားမြစ်တော်မူသည်၊ သာမန်အညိုရောင်သင်္ကန်းကို
တားမြစ်သည်မဟုတ်ပါ၊ အမှန်မှာ ဘုရားရှင်တားမြစ်တော်မူ
ထားသော အရောင်မှတစ်ပါး ဝိနည်းနှင့်လည်းလျော်, ပညာရှိသူတော်ကောင်းတို့ အစဉ်အလာလက်ခံခဲ့သော အရောင်လည်းဖြစ်, ဣနြေ္ဒရသော အရောင်လည်းဖြစ်လျှင် ဝတ်ရုံသုံးစွဲသင့်သည်၊
ဤမျှသော စကားစဉ်ဖြင့် ရွှေကျင်ဆရာတော်ဘုရားကြီး၏ ကြည်ညိုဖွယ်အသွင်တော်ကို မှန်းဆပူဇော်ပါသည်။
ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ ဂမ္ဘီရာဂမ္ဘီရမဟာနိဗ္ဗုတဒီပနီကျမ်းလာ
နိဗ္ဗာန်နှင့်စပ်သော အမြင်များမှာ အလွန်ကြည်ညိုအားရဖွယ် ကောင်းလှ၏၊ ထိုကျမ်း၌ နိဗ္ဗာန်နှင့်စက်သော ပိဋကတ်တော်လာ အကြောင်းအရာ အချက်အလက်များကို
ကိုးကားထားသည်မှာလည်း စုံလင်လှ၏၊ ကွန်ပျူတာခေတ်ဟု ဆိုရသည့် ယနေ့ မျက်မှောက်ခေတ်၌ ကွန်ပျူတာဖြင့်
ရှာလျှင်ပင် ထိုမျှလောက် စုံလင်မည်မထင်၊ စုံအောင်ရှာနိုင်သည်ပင် ဆိုစေဥုးတော့ ဆရာတော်ကဲ့သို့ မှန်ကန်အောင် ကောက်ချက်ချနိုင်ဖို့
မလွယ်ပါ၊ ထိုကျမ်းစာကို ကြည့်သောအားဖြင့် ပထမရွှေကျင်ဆရာတော်သည် နိဗ္ဗာန်နှင့်စပ်၍ စာတွေ့ရော
လက်တွေ့ပါ ဉာဏ်ကျက်စားထားသည်ကို မှန်းဆ ကြည်ညိုရ၏။
သို့သော် စာမေးပွဲဘွဲ့များစွာ ရထားသော ဂိုဏ်းတစ်ပါးမှ
စာချဘုန်းကြီးတစ်ပါးက ထိုကျမ်းလာစကားများကို ရစရာမရှိအောင် ပျယ်ရယ်ပြုပြောနေသည်ကို
ကြားရဘူး၏၊ မိမိက ထိုဘုန်းကြီးအား “အရှင်ဘုရား အဲဒီကျမ်းစာကို သေချာကြည့်ဘူးသလား၊ အဲဒီကျမ်းစာထဲမှာ
ကိုးကားထားတဲ့ အထောက်အထားတွေကို သေချာကြည့်ဘူးသလား၊
“သိမှ သိ, မသိကို သိတယ်၊ မသိလျှင်
သိ, မသိကို မသိ” ဆိုတာ သိပ်မှန်တယ်၊ ဆရာတော်ကြီးရဲ့
အရည်အချင်းကို တကယ်တမ်း သိတော်မူတဲ့ မာန်လည်ဆရာတော်ဘုရားကြီးကတော့ အဲဒီကျမ်းစာကို လက်ခံတဲ့အကြောင်း
ပဥှာဝီမံသနကထာကျမ်းမှာ တွေ့ရတယ်၊ အဲဒါကိုရော
ဖတ်ဘူးသလား” လို့ မေးတော့ ဝေ့လည်လည်နှင့် ပြန်ဖြေပုံ ထောက်တော့ သေချာဖတ်ဘူးဟန်မတူပါ၊
တစ်ဆင့်ကြားနှင့် ဝေဖန်ပြောဆိုဟန် တူ၏။
“ပထမရွှေကျင်ဆရာတော်ကြီးဆိုတာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊
အကျင့်ပိုင်းမှာ စာတွေ့ရော လက်တွေ့ပါ နှစ်မျိုးလုံးပိုင်နိုင်တဲ့ ဆရာတော်ကြီးဖြစ်တယ်ဆိုတာ
စိတ်နှလုံးကောင်းရှိသူအားလုံး လက်ခံထားကြတာပါ၊ သာမန် အကျင့်, သာမန်အသိရှိသူအနေနှင့်
ဝေဖန်လို့ကတော့ ဆိုက်ကားသမားတစ်ယောက်က “မင်းတုန်းမင်းကြီး ဖာလူဒါ သောက်မသွားရှာတာ ငါသနားတယ်ကွာ”
လို့ ပြောသလို ဖြစ်နေမှာပေါ့ဘုရား” ဟု ဆက်ပြီးပြောလိုက်ရ၏၊ ထိုသို့ပြော လိုက်မှ တိတ်သွား၏။
အမှန်မှာ နိဗ္ဗာန်မည်သို့မည်ပုံရှိသည်ဟု သိဖို့ထက်
အကျင့်မှန်ဖို့သာ ပဓာနဖြစ်၏၊ နိဗ္ဗာန်အကြောင်း မည်သို့ ပင် မှန်အောင်ပြောသော်လည်း အကျင့်မမှန်လျှင်
နိဗ္ဗာန်နှင့် ဝေးမည်၊ အကျင့်မှန်မှ နိဗ္ဗာန်သို့ ရောက်မည်၊ နိဗ္ဗာန်ကို ကိုယ်တိုင်ရောက်လျှင်
နိဗ္ဗာန်အကြောင်း ကောင်းကောင်းသိမည်၊ ထိုကြောင့် နိဗ္ဗာန်နှင့်စပ်၍ အမှားအမှန် ပြောဆို
မှုသည် ပဓာနမဟုတ်၊ ရေးကြီးခွင်ကျယ်ဝေဖန်စရာမဟုတ်၊
အကျင့်မှန်,
မမှန်သာ ဝေဖန်စိစစ်ဖို့ လို၏၊ အကျင့်မှန်ဖို့နှင့် ထိုအကျင့်မှန်ကို အားထုတ်ဖို့သာ
ပဓာနဖြစ်၏၊ ဤမျှသောစကားစဉ်ဖြင့် အကျင့်ပိုင်းမှာ စာတွေ့ရော လက်တွေ့ပါ ရှိသော ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏
အားကျကြည်ညိုစရာ အမြင်တစ်စိတ်တစ်ဒေသကို ပူဇော်ပါ၏။
ရွှေကျင်နိကာကာယ နှစ်တစ်ရာ့ငါ့ဆယ်ပြည့် အထိမ်းအမှတ်စာစောင်မှ အရှင်သုဇနာဘိဝံသ၏ ဆောင်းပါးကို ပူဇော်ပါသည်။