မြန်မာစကားတွင် “တု”ဟူသော စကားရှိ၏၊
“(၁)တူအောင်လုပ်သည်၊ (၂)ဖက်ပြိုင်သည်”ဟု အဓိပ္ပာယ် ၂မျိုးထွက်သည်၊ ထို၂မျိုးတွင် ဤဆောင်းပါး၌
တူအောင်လုပ်ခြင်းကို ရည်ညွှန်းလိုပါသည်၊ တုခြင်း သည် မကောင်းတုနှင့် ကောင်းတုဟု ၂မျိုးရှိ၏၊
မကောင်းသောသူ၏ အပြုအမူ, အပြောအဆို, အနေအထိုင်, အစားအသောက်, ဝတ်စားဆင်ယင်မှု, သွားပုံလာပုံစသည်အတိုင်း
ပြုမူနေထိုင်းခြင်းသည် မကောင်းတုမည်၏။
ယနေ့ခေတ်သည်
သတင်းစီးဆင်းပျံ့နှံ့မှု အလွန်မြန်ဆန်သဖြင့် ကမ္ဘာ့ရွာကြီးဟု ပြောရလောက် အောင် နယ်ကျဉ်းလာ၏၊
နိုင်ငံတကာမှ သရုပ်ပျက်ယဉ်ကျေးမှုများ၏ ကူးစက်မှုမှာလည်း မြန်ဆန်လှ၏၊ ကိုယ့်ဘဝ ကိုယ့်အခြေအနေနှင့်
တော်၏, မတော်၏ဟု ဆင်ခြင်စဉ်းစားမှုမရှိဘဲ နာမည်ကြီးသူလုပ်သလို တုပကာ လိုက်လုပ်တတ်ကြ၏၊
နာမည်ကြီးသူကို တုသည့်အတွက်
အထိုက်အလျောက်
တူကောင်းတူမည်ဖြစ် သော်လည်း ထိုနာမည်ကြီးသူကဲ့သို့ နံပါတ်ဝမ်းမဖြစ်နိုင်တော့ပါ၊ ထိုသူနှင့်တူသူ
နံပါတ်တူးသာ ဖြစ်ဖို့ရှိ၏၊
ကိုယ့်နည်းတူ လိုက်တုသူများနေလျှင်
နံပါတ်တူးဖြစ်ဖို့ပင် ခဲယဉ်း၏။
အကယ်၍များ
ဟိရီဩတ္တပ္ပဟူသော လောကပါလတရားကင်းမဲ့သည့် သရုပ်ပျက်နေထိုင် စား သောက်ပုံကို အထင်ကြီးပြီး
အတုယူပြုမူခဲ့လျှင်ကား ကိန်းဂဏန်းထဲမှ တူးမဟုတ်ဘဲ ထမင်းဟင်းတူးသည့် တူးခြင်းမျိုးဖြစ်ကာ
ယခုဘဝမှာ အများ၏ တူးတူးခါးခါး အမုန်းပွားခံရပြီး သုံးမရသည့်အခြေအနေမျိုး ရောက် သွားတတ်၏၊
တမလွန်မှာလည်း ငရဲအိုးတွင် တူးခြစ်ချိုးကပ်ကာ အပါယ်လေးပါးမှ ခွာမရသည့် အခြေအနေမျိုး
ဖြစ်သွားနိုင်သည်၊ ဤသို့ မတုပသင့်သည်ကို တုပသူမှာ ထူးခြားပြောင်မြောက်သူမဖြစ်ဘဲ နံပါတ်တူးç
သို့မဟုတ် တူးတူးခါးခါး အမုန်းပွားခံရသူသာ ဖြစ်နိုင်ရကား ထိုသူ့အတွက် “တု-တူ-တူး”ဟုသာ
ဆိုထိုက်၏။
ပိဋကစာပေ၌
ကောင်းသောသူကို “အရိယ”ဟုသုံးနှုန်း၍ ကောင်းသောသူနှင့် တူအောင်တုခြင်းကို “အရဟတံ အနုကရောမိ”ဟု သုံးနှုန်း၏၊ ကောင်းသောသူကို အမျိုးအစားခွဲလျှင်
(၁)
အကျင့်ကောင်းသူ
(၂)
သွားလာနေထိုင်ပုံ ကြည်ညိုဖွယ်ကောင်းသူ
(၃)
ဝတ်ပုံစားပုံ ကြည်ညိုဖွယ်ကောင်းသူ
(၄)
အသိပညာ ထူးချွန်ကောင်းမွန်သူဟု ၄မျိုးရှိ၏၊ အကျင့်ကောင်းသူကို အာစာရအရိယာç သွားလာနေထိုင်ပုံ
ကြည်ညိုဖွယ်ကောင်းသူကို ဒဿနအရိယာ, ဝတ်ပုံစားပုံ ကြည်ညိုဖွယ်ကောင်းသူကို လိင်္ဂအရိယာ,
အသိပညာ ထူးချွန်ကောင်းမွန်မှန်ကန်သူကို ပဋိဝေဓအရိယာဟု ပိဋကစာပေ၌ သုံးနှုန်း၏၊
ထို၎မျိုးတွင်
(၁)
ယုံကြည်မှု သဒ္ဓါတရားနှင့် ပြည့်စုံသူ,
(၂)
ကောင်းသော ကိုယ်ကျင့်သီလတရားနှင့် ပြည့်စုံသူ,
(၃)
စွန့်လွှတ်အနစ်နာခံမှု စာဂတရားနှင့် ပြည့်စုံသူ,
(၄)
ဆင်ခြင်သိမြင်မှု ပညာတရားနှင့် ပြည့်စုံသူတို့ကို အကျင့်ကောင်းသူ၏ဟု ဆိုရ၏။
အကျင့်ကောင်းသူတိုင်းသည်
အများကအကျိုးမဲ့အချိန်ဖြုန်းနေချိန်တွင် ရတနာသုံးပါးကိစ္စ, ကုသိုလ် ကောင်းမှုကိစ္စတို့၌
စိတ်ကိုကြည်လင်စွာထား၍ ယုံကြည်မှုအပြည့်ဖြင့် အလုပ်လုပ်လေ့ရှိ၏၊ လုပ်သမျှ ကိစ္စတိုင်း၌
ကိုယ်ကျင့်သီလကို အခြေခံ၍ လုပ်၏၊
ကိုယ့်မှာရှိသောပစ္စည်းကို မိမိတစ်ဦးတည်း အသုံးမပြုဘဲ လှူဒါန်းပေးကမ်းဝေငှကာ စွန့်လွှတ်အနစ်နာခံလေ့ရှိ၏၊
မည့်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ ဉာဏ်ဖြင့် ဆင်ခြင်တိုင်းထွာ၍
လုပ်လေ့ရှိ၏၊ အကျင့်ကောင်းသူမှာ အရာရာ၌ သဒ္ဓါတရားက ရှေ့ဆောင်သည့်အတွက် ဘုရားစသော သူတော်ကောင်းကြီးများကို
ကြည်ညိုလေးစားစိတ်အမြဲရှိနေ၏၊
ဘုရားရှင်၌ ကြည်ညိုလေးစား သူသည် ကြည်ညိုဖွယ်မဆောင်သော သွားလာနေထိုင်ဝတ် ဆင်စားသောက်မှုမျိုးကို
မလုပ်ဖြစ်ပါ၊ ဘုရားစသော သူတော်ကောင်းကြီးများ နှစ်သက်တော်မူအပ်သော သွားလာနေထိုင်ဝတ်ဆင်စားသောက်မှုမျိုးကိုသာ ပြုမူကျင့်ကြံဖြစ်၏။
ဘုရားစသော သူတော်ကောင်းကြီးများ နှစ်သက်တော်မူအပ်သော သွားလာနေထိုင်ဝတ်ဆင်စား သောက်မှုမျိုးကို ပြုမူကျင့်ကြံနေထိုင်ခြင်းသည်သာ
ကြည်ညိုဖွယ်ကို ဆောင်နိုင်၍ ထူးချွန်ကောင်းမွန်မှန်ကန်သော အသိပညာကိုလည်း ဖြစ်စေနိုင်သည်၊
အချုပ်အားဖြင့် အကျင့်ကောင်းသူဖြစ်လျှင်
(၂)နံပါတ် သွားလာ နေထိုင်ပုံ ကြည်ညိုဖွယ်ကောင်းသူ
(၃)နံပါတ်ဝတ်ပုံစားပုံ ကြည်ညိုဖွယ်ကောင်းသူ (၄)နံပါတ် အသိပညာ ထူးချွန်ကောင်းမွန်သူများလည်း
ကျွဲကူးရေပါနည်းအရ အလိုလို ဖြစ်လာနိုင်သည်။
အကျင့်ကောင်းသူများကို တုပါများလျှင် အကျင့်ကောင်းသူနှင့် တူလာကာ ထူးခြားသောပုဂ္ဂိုလ်
ဖြစ်လာသည်မှာ ဓမ္မတာဖြစ်၏၊ ဘုရားရှင်တို့သည်ပင် ရှေးရှေးဘုရားရှင်များ ကျင့်ကြံနည်းအတိုင်း အတုယူ ကျင့်ကြံတော်မူခဲ့သောကြောင့်
“တထာဂတ”ဟု အမည်တော်တွင်လျက် ထူးခြားမြင့်မြတ်ဆုံးသောပုဂ္ဂိုလ် ဖြစ်တော်မူခဲ့ကြ၏။[တထာ-ထိုရှေးဘုရားရှင်များနည်းတူ+အာဂတ-ကျင့်လာတော်မူသော
မြတ်စွာဘုရား၊]
ထိုကြောင့်
အကျင့်ကောင်းသူကို အတုယူထိုက်၏၊ ကောင်းတုတုသူအတွက် ရည်ရွယ်၍ “တု-တူ-ထူး”ဟု ဆိုလိုခြင်း ဖြစ်သည်။
ကောင်းသူကိုတု၍
ကောင်းသူနှင့်တူကာ ထူးခြားမြင့်မြတ်သူဖြစ်လာလျှင် လောကနှင့် သာသနာ တော်အား လွန်စွာကျေးဇူးများ၏၊
လက်တွေ့အားဖြင့် သူငယ်တော်တောရ ဆရာတော်ကို ညွှန်းလိုပါသည်၊ နှစ်၂၀အတွင်း၌ လောကအကျိုးနှင့်
သာသနာတော်အကျိုးအတွက် သာမန်လူတို့ တွေးပင်မတွေးဝံ့သည့် ယနေ့တွေ့မြင်ကြားသိနေရသော တိုးတက်အောင်မြင်မှုမျိုးကို
ရရှိအောင်လုပ်နိုင်ခဲ့သည်မှာ တောရဆရာတော် သည် “တု-တူ-ထူး”ပုဂ္ဂိုလ်အမျိုးအစား၌ ပါဝင်သောကြောင့်
ဖြစ်သည်၊
တောရဆရာတော်၏ တပည့်အဆက် ဆက်တို့သည် ဆရာတော်၏ အဆုံးအမလမ်းညွှန်ချက်
အတိုင်း ကျင့်ကြံနေထိုင်နိုင်ကြမည်ဆိုလျှင် ဓမ္မပူဇာ ပဋိပတ္တိပူဇာဖြင့် ပူဇော်ရာရောက်၍
“တု-တူ-ထူး” ပုဂ္ဂိုလ်အမျိုးအစားများဖြစ်ကာ လောကနှင့် သာသနာ တော်အား ကျေးဇူးများသူများဖြစ်ပါလိမ့်မည်၊
ထိုသို့သော တပည့်များကြောင့် တောရသာသနာလည်း အရှည်တည်တံ့ထွန်းလင်းတောက်ပကာ
လောကနှင့်
သာသနာတော်အား အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
သန္တေ သန္တေ သုနိဿာယ, သန္တာ သန္တာ သုဝဍ္ဎရေ၊
သန္တာ သန္တာ သုဝဍ္ဎန္တာ, ဇောတေန္တိ ဇိနသာသနံ။
သန္တေ သန္တေ-သဒ္ဓါပညာ, စဉ်မကွာဘဲ, ယှဉ်ကာသီလ, အမှီရ၍, ကြည်စွဖွေးဖြူ,
ပေးအလှူဟု, ဖေးကူ စာဂ, နမူနာပြလျက်, ထာဝရကောင်းစွာ, အလောင်းအလျာဝင်, ပေါင်းတကာအရှင်တို့ကို၊
သုနိဿာယ-ကံအမှုညီ, ဌာန်လူ့ပြည်၌, တုမှီပေါင်းသင်း, အကြောင်းရင်းကြောင့်၊ သန္တာ သန္တာ-သဒ္ဓါပညာ,
စဉ်မကွာဘဲ, ယှဉ်ကာသီလ, အမှီရ၍, ကြည်စွဖွေးဖြူ, ပေးအလှူဟု, ဖေးကူစာဂ, နမူနာပြလျက်, ထာဝရကောင်းစွာ, အလောင်းအလျာဝင်,
ပေါင်းတကာအရှင်တို့သည်၊ သုဝဍ္ဎရေ-လောကဓမ္မ, ဌာန်နှစ်ဝတွင်, စံပြတန်ဖိုး, အမှန်တိုး၍, အကျိုးများစေ,
တိုးပွားလေကုန်၏၊ သုဝဍ္ဎန္တာ-လောကဓမ္မ, ဌာန်နှစ်ဝတွင်, စံပြတန်ဖိုး, အမှန်တိုး၍, အကျိုးများစေ,
တိုးပွား လေကုန်သော၊ သန္တာ သန္တာ-သဒ္ဓါပညာ, စဉ်မကွာဘဲ, ယှဉ်ကာသီလ, အမှီရ၍, ကြည်စွဖွေးဖြူ,
ပေးအလှူဟု, ဖေးကူစာဂ, နမူနာပြလျက်, ထာဝရကောင်းစွာ,
အလောင်းအလျာဝင်, ပေါင်းတကာအရှင်တို့သည်၊ ဇိနသာသနံ-ငါးမာရ်နှောင်များ, အောင်ဘုရား၏,
ဘောင်ထားထုံးပြ, အသုံးချဖို့, ဆုံးမအပ်ရာ, အမြတ်သာသနာတော်ကို၊ ဇောတေန္တိဖြိုးတက်မောက်ကြွ,
အောက်မကျဘဲ, တောက်ပထွန်းလင်းစေကြလေ ကုန်သတည်း။ (ကျေးဇူးတော်ရှင် ပဌမရွှေကျင်ဆရာတော်ဘုရားကြီး၏
မဟာသိဿကောဝါဒ-၃၁၉ ဂါထာကို အနက်တန်ဆာ ဆင်ထားသည်။)
သူငယ်တော်တောရ နှစ်နှစ်ဆယ်ပြည့် အထိမ်အမှတ်စာစောင်မှ ကျေးဇူးရှင်ဆရာသမား (အရှင်သုဇနာလင်္ကာရာဘိဝံသ)၏ ဆောင်းပါးကို ပြန်လည် ဓမ္မဒါနပြုပါသည်။