Thursday, April 11, 2013

မကြိုက်ပေမယ့် လုပ်နေရင် ကြိုက်လို့


အခါတစ်ပါး ဗုဒ္ဓမြတ်စွာ ဇေတ၀န်ရွှေကျောင်း ကိန်းအောင်းမွေ့လျော်နေတော်မူစဉ်အခါမှာပေါ့။

သာဝတ္ထိနဲ့ ဇေတ၀န်ကျောင်းကြားမှာ ကလေးတွေအများကြီး တစ်ပျော်တစ်ပါး ရေအိုင်ထဲက ရေတွေ ပက်ပြီး ငါးတွေ ဖမ်းနေကြတယ်၊ ငါးတွေ သတ်ဖြတ်နေကြပါတယ်။

ဒီနေရာမှာ ပါဠိတော့က "ကုမာရက"လို့ သုံးနှုန်းထားတာမို့ အသက်ငယ်ရွယ်သေးတဲ့ ကလေးတွေလို့ ထင်ပါတယ်။

အဋ္ဌကထာမှာ ၇-နှစ်ကနေ ၁၅-နှစ်အထိကို "ကုမာရက၊ ဗာလ(ကလေး)"လို့ သုံးနှုန်းပြီး၊ ၁၅-နှစ်အထက်မှ အသက် ၂၀-အထိကို "ယုဝါ-(လူပျို)" လို့သုံးနှုန်းကြောင်း ဖွင့်ပြပါတယ်။ ဒါကတော့ ကြားဖြတ်ပြီး မှတ်စရာပေါ့။

ဆက်ကြပါစို့…ခုနကလေးတွေ ငါးဖမ်းနေတာကို ဗုဒ္ဓမြတ်စွာ နံနက်ခင်း ဆွမ်းခံဝင်ရင်း မြင်တော်မူလို့ အကျွမ်းဝင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးတွေနား ကြွသွားတော်မူပြီး

"ကလေးတို့၊ မင်းတို့ ဒုက္ခ(ဆင်းရဲ)ကို ကြောက်ကြသလား၊ ဆင်းရဲကို ကြိုက်ကြသာလား"

"အရှင်ဘုရား တပည့်တော်တို့ ဆင်းရဲကို ကြောက်လှပါတယ်၊ မကြိုက်ပါဘူး"

ကလေးတွေအဖြေကို ကြားလိုက်ရတော့ မြတ်ဗုဒ္ဓရဲ့ စိတ်တော်ထဲမှာ " သြော်သတ္တ၀ါတွေ သတ္တ၀ါတွေ.. ဆင်းရဲမှုကို လိုချင် နှစ်သက်မှု မရှိပဲသာလျှင် ဆင်းရဲကြောင်းတွေကို လုပ်နေကြတာပဲ၊ အဲသလို လုပ်တာဟာ ဆင်းရဲကို လိုချင်တာနဲ့ အတူတူပါပဲ၊ ဆင်းရဲကို လိုချင်တယ် ပြောရမှာပဲ [ဣမေ သတ္တာ အတ္တနော ဒုက္ခံ အနိစ္ဆန္တာ ဧ၀ ဟုတွာ ဒုက္ခဟေတုံ ပဋိပဇ္ဇန္တာ အတ္တနော တံ ဣစ္ဆန္တာ ဧ၀ နာမ ဟောန္တိ၊ (ဥဒါန-ဌ၊ ၂၆၇)] လို့တွေးတောဆင်ခြင် သိတော်မူပြီး ဒီလိုဥဒါန်းကျူးတော်မူပါတယ်


သုံးဘုံလောက၊ ဒုက္ခပေါကြွယ်၊
ထိုသည့်ဒုက္ခ၊ ကြောက်ကြသူမယ်။
မျက်မှောက်တခြား၊ တစ်ပါးမျက်ကွယ်၊
မပြုရ၊ ပါပအသွယ်သွယ်။

ပါပဆိုးညစ်၊ စွန့်ပစ်ရှောင်ခွါ၊
ထိုသူအများ၊ ပြန့်ပွားချမ်းသာ၊
ချမ်းသာမျိုးမျိုး၊ စိုးမိုးထိန်ဖြာ၊
နောက်ကာလ၊ လွတ်ရသံသရာ။ (၀ိသုဒ္ဓါရုံ သက်တော်ရှည် ၀ါးတန်းဆရာတော်ကြီး)

မကောင်းမှုများ၊ ပြုထားသူမှာ၊
ဖြစ်ရာဘ၀၊ ဒုက္ခမကွာ၊
ဒုက္ခမျိုးမျိုး၊ လွတ်ရေးကြံကာ၊
ဘယ်လိုပြေး၊ လွတ်ရေးမမြင်ပါ။

သစေ ဘာယထ ဒုက္ခဿ, သစေ ဝေါ ဒုက္ခမပ္ပိယံ၊
မာကတ္ထ ပါပကံ ကမ္မံ, အာဝိ ၀ါ ယဒိ ၀ါ ရဟော။

သစေ စ ပါပကံ ကမ္မံ, ကရိဿထ ကရောထ ၀ါ၊
န ေ၀ါ ဒုကၡာ မပုတ်တၳိ, ဥေပစၥပိ ပလာယတံ။(ဥဒါန-၁၃၇)

"သင်တို့တတွေ အပါယ်လေးပါးမှာခံစားရမည့်ဆင်းရဲဒုက္ခ၊ သုဂ္ဂတိဘ၀မှာဖြစ်ရင်တောင်မှ အသက်တိုခြင်း၊ လူနုံလူမွဲ လူဆင်းရဲဖြစ်ခြင်း စတဲ့ ဆင်းရဲတွေကို မလိုချင် မနှစ်သက်ရင် လူသူလေးပါးမျက်မှောက်မှာဖြစ်စေ၊ လူမမြင်သူမမြင် မျက်ကွယ်မှာဖြစ်စေ

ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုတွေမှာ ညှဉ်းဆဲသတ်ဖြတ်မှု၊ ခိုးဝှက်မှု၊ လိမ်လည်ကောက်ကျစ်မှု၊ သူတစ်ပါးသာဖြူ သမီးဖြူ ဖျက်ဆီးမှု၊ မူးယစ်သုံးစွဲမှု ၊ ကုန်းတိုက်မှု၊ မနာလိုမှု၊ သူတစ်ပါးကို ပျက်လိုပျက်စီး ကြံစည်မှု စတဲ့ မကောင်းမှုတွေကို မလုပ်ကြပါနဲ့၊ မပြုကြပါနဲ့၊ မပြောကြပါနဲ့၊ မကြံကြပါနဲ့၊

အေး…အဲသလို မကောင်းမှုကို ပြုလိုက်မိ ပြောလိုက်မိ ကြံလိုက်မိလို့ ငရဲစတဲ့ အပါယ်လေးပါးမှာဖြစ်စေ လူဘ၀တွေမှာဖြစ်စေ အဲဒီမကောင်းမှုတွေ မကျိုးပေးရင်တော့ ဟိုနားပြေးရင် ဒီမကောင်းမှုလိုက်မှာ မဟုတ်ဘူး ဒီနားပြေးရင် မကောင်းမှု လိုက်မှာ မဟုတ်ဘူးလို့ ကြံစည်စဉ်းစား ပြေးသွားပေမယ့် လွတ်လမ်းမမြင်တော့ပါဘူး။၊ ဒါကြောင့် မကောင်းမှုကို မပြုကြပါနဲ့ ကွယ်" လို့ မိန့်တော်မူလိုရင်းပါ။

ကိုယ်ပြုတဲ့ အကုသိုလ်ကံဟာ ဂတိဆိုတဲ့ဘ၀ဆိုးရင် ဆိုးသလောက်၊ ကလာ-ဆိုတဲ့ မင်းရော ပြည်သူပါ ဆိုးသွမ်းတဲ့ကာလနှင့် ကြုံရင်ကြုံသလောက်၊ ပယောဂ-ဆိုတဲ့ လုံ့လညံ့ရင် ညံ့သလောက်၊ ဥပဓိ-ဆိုတဲ့ ရုပ်ဆိုးရင် ဆိုးသလောက် အကျိုးပေးက ပိုပြီးဆိုးဝါးသွားနိုင်ပါတယ်။

ဒါကြောင့် လူလယ်ရော လူကွယ်ရာမှာပါ မကောင်းမှုကို မပြုမိဖို့ သတိပေးတော်မူတာပါ။ ဒီဒေသာနာတော်ကို နာယူရတဲ့ ကလေးတွေ ဘာဖြစ်သွားတယ် ဆိုတာမပါပါဘူး။

ဒီဝတ္ထုဖတ်လိုက်မိတော့ ဆရာတော်တစ်ပါး ပေးတော်မူတဲ့ သြ၀ါဒကို သတိရမိတယ်.." ကိုယ်ကြိုက်တာ ကိုယ်လုပ်" တဲ့၊ ဒီဝတ္ထုမှာတော့ ကိုယ်မကြိုက်ရင် မလုပ်နဲ့လို့ပဲ ပြောရမှာပေါ့။ ဟုတ်တယ် အားလုံးဟာ မကောင်းတာကို မကြိုက်ကြပါဘူး၊ ကောင်းတာကိုမှ ကြိုက်ကြတယ်၊ ကဲ...ဘယ်ဟာကြိုက်သလဲ ? မကြိုက်ပေမယ့် လုပ်နေရင် ကြိုက်လို့ပဲတဲ့နော်…

♣♣ စာကိုး။ ။ ဥဒါနပါဠိ၊ အဋ္ဌကထာ၊ သက်တော်ရှည်ဝါးတန်းဆရာတော်မှတ်စု၊ ပရမတ္ထစက္ခုကျမ်း။

အားလုံး ကံကောင်းကြပါစေ.. ကောင်းကံတွေသာ ပြုမိကြပါစေ…

♣♣ ပုံပိုင်ရှင်အမည်မသိ၍ ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ