Monday, August 20, 2012
မိုးညိုညိုလေးမှာ မိုးအကြောင်းတွေးမိတာလေးပါ
ဒီနေ့ မိုးကောင်းကင် တစ်ခုလုံး ငိုတော့မလိုဖြစ်နေတယ်၊ အရပ်မျက်နှာအားလုံးကလည်း ပွင့်လင်းမှု မရှိ၊ မှိုင်းလို့ ရီလို့၊
တစ်ခါတစ်ခါ တဖြောက်ဖြောက်နဲ့ မိုးပေါက်ကလေးတွေ ကောင်းကင်ကနေ ကြွေကျလာတတ်သေးတယ်။
ကြွေကျလာတဲ့ မိုးပေါက်ကလေးတွေကိုကြည့်ရင်း မိုးပုလဲလို့ တင်စားရမှာကလဲ ခပ်ခက်ခက်ပါပဲ၊ မိုးအုံ့လို့ ဇက်ကြောတွေလေးပြီ ခေါင်းကလည်း အုံနေပြီလေ။
ရာသီဥတုကို အပြစ်မတင်ချင်ပါဘူး၊ ကိုယ်စိုက်ပျိုးခဲ့တဲ့ ခါးသီးတဲ့အစေ့တွေကြောင့် ခါးသက်သက်ဝေဒနာကို ပြန်လည်ရိပ်သိမ်းနေရတာပါလေ…။
ရွာတော့လည်း ရွာလို့၊ မရွာတော့လည်း မရွာလို့ဆိုပြီး လူတွေရဲ့ ပြစ်တင် ရှုံ့ချမှုကို ခံနေရရှာတဲ့ မိုးရာသီရဲ့ ဇာတ်လိုက်ဖြစ်တဲ့ မိုးမင်းကိုလည်း ကိုယ်ချင်းစာမိပြန်တယ်။ ဟဲဟဲ…မိုးမင်းဆိုလို့ ဇာတ်မင်းသာ ပြောတာမဟုတ်ဘူးနော်…
နောက်ပြီး ငယ်ငယ်က ရခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကလည်း ဘယ်လိုရောက်လာသည်မသိ၊ ထိုးစစ်ဆင်ရခြင်းမရှိပဲ ရင်ထဲမှာ နေရာအပြည့်ယူပြီး တပ်စွဲထားပြန်ပေါ့။
မရွာပဲ မမည်းပါနဲ့ မိုးနတ်မောင်၊
ပိန်းပိတ်လို့မှောင်
ရွာမယောင် ဟန်ဆောင်နှင့်သူမြူး
ရွှေမိုးညို မြောက်ကိုတိမ်းတယ်
ခြိမ်းသင့်ပါဘူး..။… တဲ့
ကာရန်တွေ ညီမညီမသိ၊ စာလုံးတွေ မှန်မမှန်လည်း မသိတော့ပါ၊ ဒီကဗျာလေးက ရင်ထဲမှာ နေရာယူလာတာတော့ အမှန်ပါ။
ဒီကဗျာလေးက ရင်ထဲမှာ နေရာယူလာပြန်တော့ မြတ်ဗုဒ္ဓဟောတော်မူခဲ့သည့် မိုးလေးမျိုးကို ပြေးပြီး သတိရမိလိုက်ပြန်တယ်.
♣ ၁။ ဂဇ္ဇိတာ နော ၀ဿတာ။
ချုန်းသာ ချုန်း၍ မရွာသော မိုး။
♣ ၂။ ၀ဿိတာ နော ဂဇ္ဇိတာ၊
ရွာသာ ရွာ၍ မချုန်းသော မိုး။
♣ ၃။ နေ၀ ဂဇ္ဇိတာ နော ၀ဿိတာ၊
ချုန်းလည်း မချုန်း ရွာလည်း မရွာသောမိုး..။
♣ ၄။ ဂဇ္ဇိတာ စ ၀ဿိတာ စ။
ချုန်းလည်းချုန်း ရွာလည်း ရွာသောမိုး။ (အံ-၁၊ ၄၁၆)
မိုးလေးမျိုးထဲမှာ ဒီနေ့ အုံ့မှိုင်းနေတဲ့ မိုးကတော့ နံပါတ် ၁ နှင့် ၂ မိုးနဲ့တူနေပါတော့တယ်။
ချုန်းသံတွေ မပေးပဲ တစ်ခါတလေ မိုးပေါက်ကလေးတွေ မြေပြင်ကို ကြွေကျပြီး မပြောမဆို ကြွေကျနေတဲ့ မိုးပေါက်ကလေးတွေက ရပ်စဲသွားတတ်တယ်လေ…။
လူ့လောကလည်း ဒီလိုပါပဲ…
တစ်ချို့သူတွေဆို အပြောက မိုးချုန်းသံပမာ ဆူညံလို့ပေါ့၊ ဒါပေမယ့် တကယ်တန်လက်တွေ့လုပ်ကြစို့ ဆိုရင် မလုပ်တော့ဘူး၊
ဒီလိုလူမျိုးကို အပြောသမား၊ လေသမားလို့ သူ့ထိပ်မှာ တံဆိပ်ရိုက်လိုက်ကြတယ်။ အဲဒီလူဟာ တစ်ခါတစ်လေ "အာလူး" ဖြစ်သွားလိုက် တစ်ခါတစ်လေမှာ "ပဲ" ဖြစ်သွားလိုက်ပေါ့။ တစ်ချို့ကဆို သင်္ကြန်အမြောက်လို့ တောင် ကင်ပွန်းတပ်ပေးလိုက်ကြသေး..။
တစ်ချို့သော သူတွေကျပြန်တော့ တစ်မျိုး..ငါဘာလုပ်ပြမယ်ဆိုပြီး ကြော်ငြာမနေ, ချုန်းပြမနေဘူး၊ ဒီအလုပ်ကို လုပ်သင့်တာပဲဆိုပြီး လုပ်လိုက်တယ်၊..မပြောပဲလုပ်တတ်သူပေါ့။ သူကိုတော့ အသံတိတ်နဲ့လုပ်တတ်သူလို့ ဆိုရမှာပေါ့။
တစ်ချို့သောသူတွေကတော့ ပြောလည်းမပြောပါဘူး၊ လုပ်လည်း မလုပ်ပါဘူး။ ဒီလိုလူတွေလည်း ရှိပြန်တယ်။ ဒီလိုလူမျိုးကိုတော့ ဘယ်လိုများ ကင်းပွန်းတပ်ကြလေမလဲမသိတော့ပါဘူး….။ တစ်ချို့တော့ ရေခဲတုံးလို့ ပြောတာကြားဖူးတယ်၊ လူအေးပေါ့။
အဲ…နောက်တစ်ယောက်ကျပြန်တော့ ပြောလည်းပြောတယ်၊ ပြောတဲ့အတိုင်း တကယ်လည်း အလုပ် လုပ်တယ်။ သူကတော့ ပြောသလိုလုပ်ပြီး လုပ်သလိုပြောတဲ့သူလို့ တံဆိပ်ကပ်ပေးကြမယ် ထင်ပါရဲ့။ အပြောသမားကို သင်္ကြန်အမြောက်ဆိုတော့ ခုပုဂ္ဂိုလ်ကိုတော့ တကယ့်အမြောက်လို့ ပြောရမယ်ထင်ပါရဲ့။ ဒီလိုလူတွေကလည်း လောကမှာ ဒုနဲ့ဒေးပါပဲ..။
အဲဒီအထဲမှာ ကိုယ်က ဘယ်လိုလူမျိုးလဲ စဉ်းစားမိတယ်၊ အင်း… ပြောရရင်တော့ အထင်ကြီးကြလေမလားနော်… ကျုပ်ကတော့ နံပါတ်(၁)ပုဂ္ဂိုလ်ပါ။ မိတ်ဆွေကော နံပါတ်ဘယ်လောက်လဲ ???
လောကမှာ အဲဒီလို ပုဂ္ဂိုလ်လေးမျိုးရှိတဲ့ အကြောင်းကို မြတ်ဗုဒ္ဓက
♣ ၁။ ဘာသိတာ ဟောတိ နော ကတ္တာ
ပြောပြီး မလုပ်တဲ့ပုဂ္ဂိုလ်။
♣ ၂။ ကတ္တာ ဟောတိ နော ဘာသိတာ
လုပ်ပြီး မပြောတဲ့ပုဂ္ဂိုလ်။
♣ ၃။ နေ၀ ဘာသိတာ ဟောတိ၊ နော ကတ္တာ။
မပြောလည်းမပြော မလုပ်လည်းမလုပ်တဲ့ပုဂ္ဂိုလ်။
♣ ၄။ ဘာသတိတာ စ ဟောတိ ကတ္တာ စ။
ပြောလည်းပြော လုပ်လည်းလုပ်တဲ့ပုဂ္ဂိုလ်၊ ----တဲ့။
ပထမ၀လာဟကသုတ်၊ ဒုတိယ၀လာဟကသုတ် ဆိုပြီး ညွှန်ပြဟောတော်မူခဲ့တာပါ။ ဗဟုသုတအဖြစ်အကျယ်ကြည့်ချင်ရင်တော့ အင်္ဂုတ္တိုရ်ပါဠိတော် ပထမတွဲ ၄၁၆-၇ စသည်မှာ ကြည့်နိုင်ပါတယ်။
အထက်မှာ ပြောခဲ့တဲ့ ကဗျာလေးကတော့ဖြင့် ချုန်းသာချုန်းတတ်ပြီး မရွာတဲ့မိုးကို ဟန်ဆောင်ကာ ညိုမည်မပြပါနဲ့ ခြိမ်းမပြပါနဲ့ မိုးရယ်… လို့ မိုးကိုပဲ ခနဲ့လေသလား….
သို့မဟုတ်.. ဆင်ဖမ်းမယ် ကျားဖမ်းမယ် စသဖြင့် အပြောသမား လေလုံးတွေထွားပြီး အလုပ်နဲ့သက်သေမပြနိုင်သူ ကျွန်ုပ်လိုလူတွေကို ရည်ရွယ်ပြီး ကြည်စယ်တဲ့သဘောနဲ့ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့လေးများ စပ်ထားခဲ့လေသလား ဆိုတာကိုတော့ ကဗျာဆရာကိုယ်တိုင်သာ သိနိုင်တော့မည်တမုံ့….။
တွေးမိသမျှ ရေးမိတာကို တင်ပြခြင်းဖြစ်၍ အမှားပါလျှင် သည်းခံပေးကြပါဦးဗျာ...
Labels:
ဆောင်းပါးရနံ့
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ