Thursday, August 9, 2012

ထမင်းပွဲမှာ ဆားငန်ရင် မယားကို ရန်မတွေ့နဲ့

ဟင်းအစပ်မတဲ့လို့ ထမင်းဝိုင်းမှာ ဒေါသရမ်းအိုးတွေပေါက်ကွဲတဲ့ အိမ်ထောင်စုတွေကို မြင်တွေ့ဖူး ကြမှာပါ၊ တစ်ခါတစ်ခါ အဲဒီဒေါသက အိမ်ထောင်ရေး ထိခိုက်တဲ့အထိ ကူးစက်သွားတတ်ပါတယ်။
ဘာမဟုတ်တဲ့ အကြောင်းလေးတွေက ကြီးမားခိုင်ခံ့တဲ့ အိမ်ထောင်တစ်ခုကိုတောင် ဖြိုခွဲပစ်နိုင်ပါတယ်။ အလွန်ချစ်ကြတဲ့ ချစ်သူနှစ်ဦးကိုလဲ ခွဲခြားပစ်နိုင်တယ်။ ဒါကြောင့် ဒေါသလေးတွေ လျှော့ပြီး ဖြေဆည်ရာတရားလေးတွေ လက်ကိုင်ထားဖို့ လိုအပ်လှပါတယ်။ ဒါလေးဖတ်ကြည့်ပါဦး…။

မန္တလေးမြို့ မစိုးရိမ်ဆရာတော်သည် အဘိဓမ္မာ ပို့ချရာ၌ သဘာဝကျကျ လောကနှင့် ဟပ်မိအောင် ပြောဆိုပို့ချလေ့ရှိ၏။ ဆဋ္ဌသံဃာယနာခေတ်၌ ရန်ကုန်သို့ ကြွရောက်၍ သီတင်းသုံးစဉ် ရန်ကုန်တက္ကသိုလ် ကထိက ဦးလှမောင် ဦးဆောင်သော ဒကာအတော်များများ ဆရာတော့်ထံ အဘိဓမ္မာ သင်ယူကြ၏။

တစ်နေ့တွင် ဆရာတော်က
“မင်းတို့ ထမင်းပွဲမှာ ဟင်းတစ်ခွက် ဆားငန်နေလျှင် အဘိဓမ္မာ သဘောအရ မည်သူ့ကို အပြစ်တင်မလဲ” ဟု မေးမြန်းလိုက်၏။
ဦးလှမောင်က “ထမင်းချက်သည့် အိမ်ရှင်မက ဆားမမြီးဘဲ မဆင်မခြင် ထည်းသဖြင့် အိမ်ရှင်မကို အပြစ်တင်ရမည်ဖြစ်ကြောင်း” လျှောက်လေသည်။

“ဆားငန်တဲ့ အရသာကို သိတဲ့စိတ်က ဘယ်စိတ်လဲကွ”
“ဇိဝှါဝိညာဏ် စိတ်ပါဘုရား”
“ကုသလ၀ိပါက် ဇိဝှါဝိညာဏ်လား၊ အကုသလ၀ိပါက်ဇိဝှါ ၀ိညာဏ်လား”
“အကုသလ၀ိပါက်ပါဘုရား”
“အကုသလ၀ိပါက်ဆိုတာ ကုသိုလ်အကျိုးလား၊ အကုသိုလ်အကျိုးလား”
“အကုသိုလ်အကျိုးပါဘုရား”
“ဒါဖြင့် ဟင်းချက်တဲ့ အိမ်ရှင်မနဲ့ မဆိုင်ပါဘူးကွ၊ ကိုယ်အကုသိုလ်က ကိုယ့်ကို ပြန်အကျိုးပေးတာပါ”

ဒကာကြီး ဦးလှမောင်တို့လည်း ဆရာတော် သဘာဝကျကျ ရှင်းလင်းပြလိုက်သဖြင့်
“ဆာငန်လျှင် မယားကို ရန်မတွေ့တော့ပါဘုရား” ဟု လျှောက်ထားလိုက်ကြရတော့၏။

 (မစိုးရိမ်ဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ ထေရုပ္ပတ္တိကထာမှ ပြန်လည်တင်ပြပါသည်။)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ