မြေသြဇာကောင်းမွန်သော လယ်ယာတွင် အနည်းငယ် စိုက်ပျိုးရုံမျှဖြင့် သီးနှံများ လုံလောက်အောင် ရရှိတတ်၏။ သာသနာတော်မြတ်ကြီးနှင့် ကြုံရခိုက် ရတနာသုံးပါးကျေးဇူးဂုဏ်ကို သိမြင်သောပုဂ္ဂိုလ်တိုင်းအဖို့ သက်တမ်းများသည် တိုတောင်းလှ၏။ အချိန်တွေ နည်းပါးလှသည်။ လုပ်စရာအလုပ်ကောင်းကြီးတွေ များစွာရှိနေ၏။ ပဒေသာပင်ကို မတွေ့စဖူး ဆွတ်ခူးရသကဲ့သို့ လက်မလည်နိုင်အောင် ရှိကြရသည်။
လောက၌ သိသူတို့သည် ပို၍ အလုပ်လုပ်လေ့ရှိကြ၏။ အရင်းနည်းနည်းနှင့် အမြတ်များများရသည်ကို မြင်ကြရသောကြောင့် ဖြစ်သည်။ လူညံ့များကား ပျင်းလောက်အောင် အချိန်ကုန်ခဲ့နေကြ၏။
ဤနေရာ၌ စစ်ကိုင်းတောင်ရိုး လှေသင်းမင်းကျောင်းဆရာတော်ကြီးအကြောင်းကို ဖော်ပြပါဦးမည်။
လှေသင်းမင်းကျောင်းဆရာတော်သည် ဧရာဝတီမြစ်အတွင်းသို့ ရေချိုးဆင့်လေ့ရှိရာ ရေမျောလာသော ထင်းများကို ကမ်းပေါ်`၌ ဆယ်ယူစုပုံထား၏။ နည်းနည်းချင်း ကျောင်းသို့ ထမ်းသယ်၏။
ဆောင်းအခါ သံဃာများ မီးလှုံရန် ကျောင်းတွင်း`၌သာမက ကျောင်းပေါက်မှ ၀က်ချက်ရွာဝင်အထိ နှစ်မိုင်ခန့် လမ်းတစ်လျှောက် မီးဖိုများ ဖိုပေး၏။ ဘုရားကိုလည်း မီးပုံလှူ၏။ ယုတ်စွအဆုံး ခွေးများအတွက်ပင် မီးဖိုပေးလေ့ရှိသည်။
ဧရာဝတီမြစ်ထဲမှ သဲများကို ထမ်းသယ်၍ ကျောင်းဝင်း`၌ ခင်းထား၏၊ တစ်နေ့ နည်းနည်း နည်းနည်းဖြင့် လှည်းအစီးပေါင်း တစ်ထောင်တိုက်ခန့်ရှိသည်။
ကျောင်းဝင်း တစ်ပြင်လုံးနှင့် သံဃာများ ဆွမ်းခံကြွရာ နှစ်မိုင်ခန့် လမ်းတစ်လျှောက်လုံး နံနက်တစ်ကြိမ် ညတစ်ကြိမ် တံမြက်လှည်း၏။
အလိုအလျောက် သန့်ရှင်းနေ၍ဖြစ်စေ၊ အခြားသူများက လှည်းထား၍ဖြစ်စေ ပြောင်နေသော်လည်း ထပ်၍ လှည်းမြဲလှည်း၏။
“ကာယ ဝေယျာဝစ္စ၊ သေနာသန ကုသိုလ်ဇော ဖြစ်သဟဲ့” ဟု မိန့်တော်မူသည်။
ကျောင်းတိုက်သံဃာများအတွက် ချိုးရေ၊ သုံးရေ၊ သောက်ရေ အားလုံး မိုးမလင်းမီ ခပ်ထည့်နှင့်ပြီး ဖြစ်လေသည်။ သံဃာငယ်များက သိ၍ ဦးအောင် ခပ်ထည့် ထားလျှင်လည်း ထိုရေများကို ဘုရားလှူပြီး ဧရာဝတီမြစ်သို့ ဆင်းကာ ခပ်မြဲခပ် ထည့်တော်မူ၏။ ရေတစ်အိုး ပြည့်ရန်ပင် မလွယ်ကူချေ။
သံဃာများသုံးရန် ဒန်ပူတံ ကနုတံများကိုလည်း သောင်းသိန်းချီ၍ ကိုယ်တိုင် သပ်တော်မူ၏။
ဘုရားရှင်ကိုလည်း ဆီမီး၊ ပန်း၊ ရေ လှူးရိုးလှူစဉ်မျှမက ရာသီဥတု အလိုက် ဆောင်းအခါ မီးဖို၍ လှူခြင်း၊ နွေအခါ ယပ်ခပ်၍ လှူခြင်းများကိုလည်း ပြုတော်မူသည်။ (သိန်းထီပေါက်မှ လှူမည့်သူများ အတုယူရန်)
ထိုအလုပ်များကို ကျောင်းထိုင် အဓိပတိ သက်ရွယ်ကြီး ဆရာတော်ကြီးတစ်ပါး အဖြစ်ဖြင့် လုပ်နေခြင်းဖြစ်၏။ တစ်ဖက်က စာချခြင်း၊ တရာဟောခြင်း၊ စာရေး(ကျမ်းပြု)ခြင်းနှင့် တရားအားထုတ်ခြင်းများ လုပ်သည့်ကြားက နေ့စဉ် လုပ်တော်မူသော်လည်း လူသိမခံ။ (ယခုခေတ် ပကာသန မက်သူများအတုယုရန်)
ရဟန်းငယ်များ အိပ်ရာက နိုးမှသာ ရေခပ်ပြီး တံမြက်လှည်းပြီး၊ မီးဖိုပြီး ဖြစ်နေသည်ကို အမြဲတွေ့နေကြရ၏။ မအိပ်မနေ အလုပ်လုပ်တော်မူသည်။
ရတနာသုံးပါးအတွက် သံဃာများအတွက် ဤမျှ အနစ်နာခံတော်မူသော်လည်း မိမိအတွက် အခြားသူများ တာဝန်တက်မည်ကိုမူ နည်းနည်းကလေးမျှ လိုလားတော်မမူ။
တစ်ချိန်တွင် ၀မ်းသွန်ရောဂါဖြစ်၍ သေမည်ထင်သဖြင့် သုဿာန်သို့ ဒရွတ်ဆွဲ အထောက်ထောက်နား၍ ညတိတ်တဆိတ် ထွက်သွား၏။ မိုးလင်း၍ ရှာကြသောအခါ မြေပုံတစ်ခု၌ ခေါင်းဆိက်မြောနေရင်း “ငါသေရင် မင်းတို့ ဒုက္ခ မများအောင်လို့” ဟု မိန့်တော်မူသည်။
ဆရာတော်ကား သေလျှင် အလောင်းကို ကိုယ်တိုင်ထမ်း၍ သုဿာန်ပို့ သဂြိ င်္ုဟ်တော်မူသေးသည်။
ကမ္မဋ္ဌာန်းထိုင်လျှင် ပြီးတာပဲဟု ယူဆတော်မူကြဘဲ အချိန်အခါ အခြေအနေ ပေးသလောက် ဒါနမှ စ၍ ပါရမီလုပ်ငန်းတို့ကို မလွတ်တမ်းအရယူတော်မူကြသည်။
မြတ်ဗုဒ္ဓကိုယ်တိုင်လည်း အတိုင်းအတာ သင်္ချာအကန့်အသတ်ရှိသော ချမ်းသာကို စွန့်လွတ်ရဲမှ ကျယ်ပြန့်သော ချမ်းသာကို ရမည်။ ဟု မိန့်တော်မူသည်။
(ဓမ္မစရိယဦးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူး မှ)
ဆရာတော်၏ အတ္ထုပ္ပတ္တိကို ဖတ်ရှုရင်း (အနစ်နာခံ၍ အသာမစံလိုသောဆရာတော်ပါ တကား)ဟု ကြည်နူးမဆုံး ကြည်ညိုမဆုံးဖြစ်မိသည်။ စာရှုသူများအားလည်း တဆင့် ဖြန့်ဝေဓမ္မဒါနပြုလိုက်ပါသည်။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ…။
