ဗုဒ္ဓဘွဲ့တော်
လက္ခဏာတော်ကြီးငယ်၊ အသွယ်သွယ်ဖြင့်၊ သပ္ပါယ်လှစွာ၊ ကိုယ်အင်္ဂါဝယ်၊ ပါရမီတော်အဟုန်၊ ကိုယ်လုံးခြုံ၍၊ မွှမ်းထုံသင်းကြူ၊ သယမ္ဘူဟု၊ ဉာဏ်တူကင်းလတ်၊ အရဟတ်ဖြင့်၊ သတ်ဖြတ်ခပင်း၊ ကိလေရှင်းသား၊ ဉာဏ်ရင်းမဟာ၊ ကရုဏာနှင့်၊ သမ္မာသမ္ဗောဓိ၊ အစရှိလတ်၊ ဉာဏ်တော်မြတ်၏၊ ကိန်းဝပ်စံပျော်၊ ခန္ဓာပေါ်ဝယ်၊ ဘွဲ့တော်ဗုဒ္ဓ၊ တင်ပါရသည်... လောကထွဋ်ထား၊ မြတ်ဘုရား။
ဇိနဘွဲ့တော်
ဘုန်းတော်ထန်လျှမ်း၊ ကျွန်းထိပ်ပန်းကား၊ အစွမ်းနှိမ်နှင်း၊ နယ်ပယ်တွင်းမှ၊ လွတ်ကင်းထွက်ငြား၊ မာရ်နတ်သားတည်း၊ ထပ်ပွါးအသစ်၊ မဖြစ်နိုင်စေ၊ ကိလေဘိသင်၊ မာရ်နှစ်အင်လောင်း၊ အကြောင်းသမုဒယ၊ ပယ်ချပိုင်ပိုင်၊ သိနိုင်သမှု၊ ခန်မစ္စုဟု၊ နှစ်ခုမာရ်နှင့်၊ ပေါင်းငါးအင်ကို၊ ပင်ဗောဓိမင်း၊ အောင်မြေတွင်း၌၊ မကြွင်းကုန်စင်၊ အောင်ပွဲယဉ်သည်... မြတ်ရှင်ဇိနဘွဲ့တော်ဘုရား။
♣♣♣ မဟာဂန္ဓာရုံဆရာတော် ♣♣♣
