ပညာမဲ့က ရွှေထူတဲ့ဘုရားမှ ရိုသေတယ်၊ ပညာရှိက ဘုရားသဘာဝသူမို့ အားလုံးကို ရိုသေတယ်။ ပညာမဲ့က ဘုရားရှာထွက်တယ်၊ ပညာရှိက အခွင့်ရတိုင်း ဂုဏ်တော်(၉)ပါးကို ပွားများတယ်၊ ပညာမဲ့က နာမည်ကြီးသူပြောရင် ယုံကြည်တယ်။ ပညာရှိက နာမည် ကြီးတိုင်မယုံ၊ ယုတ္တိရှိမှယုံတယ်။ ပညာမဲ့က အထူးအဆန်းကို မြတ်နိုးတယ်။ ပညာရှိက သဘောမှန်မှ မြတ်နိုးတယ်။ ပညာမဲ့က ထုံးစံကို လေးစားတယ်။ ပညာရှိက အသိဥာဏ်ကို လေးစားတယ်။
ယေဘုယျသေဘာ ပြောရရင် အရာဝတ္ထုတိုင်းမှာ အပေါ်ယံ အသွင်သဏ္ဍာန်နဲ့ အတွင်းသားအနှစ်သာရလို့ (၂)ပိုင်း ရှိတတ်ပါတတယ်။ အနှစ်သာရ အတွင်းသားဟာ အပေါ်ယံအသွင်သဏ္ဍာန်ဆိုတဲ့ ဥခွံထဲမှာ သန္ဓေတည် ပေါက်ဖွားလာတတ်တာမျိုးဖြစ်ဖို့ အလွယ်တကူမြင်တယ်။ မြင်နိုင်ခဲလှပါတယ်။ နောက်ပြီး အမျိုးမှန် အဖိုးတန်ဖြစ်တဲ့ ဒီအနှစ်သာရဟာ အသွင်သဏ္ဍာန်ရှိတဲ့ အရာတိုင်းမှာတော့ ရှိနေနိုင်တာမဟုတ်ပါဘူး။
ဥပမာ “သစ်မွှေး”ဆိုတာ ပင်စည်အတွင်းမှာ တည်ရှိမြဲဖြစ်ပေမယ့် အသွင်တူ အပင်တိုင်းမှာ ရှိချင်မှရှိတတ်တာပါ။ အဲဒီလို ခွဲခြားရှာဖွေရတာ ခက်ခဲလွန်းတဲ့အခါ သစ်ပင်တူအားလုံးကို မီးရှို့ကြည့်ပြီး ရှာဖွေရတယ်လို့ ဆိုပါတယ်။ လောကမှာ အဖိုးတန် အနှစ်သာရတိုင်းကိုတော့ သစ်မွှေးရှာသလို ရှာဖွေလို့ မဖြစ်နိုင်ပါဘူး။ အဲဒီအခါမှာ အနှစ်သာရဆိုတာ မြင်တတ် မြင်နိုင်ခဲလို့ ရှားပါးစာရင်းဝ်းပြီး အဖိုးတန် ရတနာ ဖြစ်လာပါတယ်။ နောက်ပြီး သူရှေ့မှာ အသွင်သဏ္ဍာန်ဆိုတဲ့ အကာအကွယ် တစ်ခုရှိနေတာမို့ အနှစ်နဲ့အကာကို မှန်ကန်စွာ ခွဲခြား စီစစ်နိုင်သူတွေကတော့ အနှစ်ကို အကာထင်၊ အကာကိုလည်း အနှစ် ထင်ချင်ထင်နေ တတ်ပါတယ်။
တစ်ခုတုန်းက စာရေးသူဟာ ကိုမျိုးမင်းဆိုတဲ့ လူငယ်တစ်ဦးနဲ့ ဆုံခဲ့ဖူးပါတယ်။ သူဟာ မြန်မာပြည်မှာ မွေးဖွားသူ ဖြစ်ပေမယ့် နိုင်ငံခြားမှာ ပညာသင်ပြိး ပြည်ပမှာပဲ အနေများသူဖြစ်ပါတယ်။ သူရဲ့မိဘတွေဟာ ရတနာ သုံးပါးကို နှစ်နှစ်ကာကာ ယုံကြည်ဆည်းကပ်ကြတဲ့ ဥပါသကာတွေပါ။ ဒါပေမယ့် သူကတော့ ဘာသာရေးဘက်မှာ တတ်သိနားလည်မှု အားနည်းနေပါသေးတယ်။
သူက စာရေးသူကို ပြောပါတယ်။ “အရှင်ဘုရား၊ ဘာသာတိုင်းမှာ ကောင်းမွန်တဲ့ အချက်တွေရှိတာပဲ၊ နောက်ပြီး ကျင့်စဉ်အနေနဲ့လည်း သိပ်ကွာတာမှ မဟုတ်ဘဲ၊ တပည့်တော်တို့မှာ ဒါန၊ သီလ၊ ဘာဝနာဆိုတာရှိသလို တခြား ဘာသာတွေမှာလည်း အလှူဒါနပြုတာ၊ ဥပုသ်စောင့်တာ၊ တရားကျင့်တာတွေ ရှိနေတာပဲ။ ဒီတော့ ဘယ်ဘာသာကိုပဲ ကိုးကွယ်၊ ကိုးကွယ် ကောင်းကျိုးရပုံကတော့ အတူတူပဲမဟုတ်လား။ ဒါကြောင့် တစ်ခါတလေ ဘာသာတွေကို အကုန်ပေါင်းစုပြီး ကမ္ဘာပေါ်မှာ ဘာသာတစ်ခုတည်းဆိုရင် ကိုးကွယ်မှုနဲ့ ဆိုင်တဲ့ပြဿနာတွေ နည်းသွားမယ်လို့ထင်ပါရဲ့ဘုရား။”
ဒါနဲ့ စာရေးသူက မြတ်စွာဘုရားရဲ့ အဆုံးအမသြ၀ါဒ အနည်းငယ်ကို ပြောပြပြီး ဗုဒ္ဓမြတ်စွာသာသနာတော်ရဲ့ အနှစ်သာရကို လက်တွေ့မြည်းစမ်း ကြည့်စေနိုင်အောင် တရားစခန်ဝင်ဖို့ စီစဉ်ပေးပါတယ်။ နောက်ပြီး သူ့ကို ဓမ္မပုံပြင် တစ်ပုဒ်ကိုလည်း ပြောပြလိုက်ပါတယ်။ အဲဒီပုံပြင်ဟာ နမ္မား ဆရာတော် (ဦးဥာဏ)ရဲ့ ဓမ္မ ပုံပြင်ပဲ ဖြစ်ပါတယ်။

ဟိုရှေးရှေးတုန်းက ရွှေနိုင်ငံနဲ့ ငွေနိုင်ငံဆိုတဲ့ အိမ်နီးချင်းတိုင်းပြည် နှစ်ခုရှိခဲ့ဖူးတယ်။ အဲဒီနှစ်နိုင်ငံစလုံးမှာ ဘုရင်မင်းမြတ်တစ်ပါးစီ အုပ်ချုပ် စိုးစံနေသတဲ့။ တစ်နေ့တော့ နယ်စမ်မှာရှိတဲ့ ရွာကလေးတစ်ရွာကို အကြောင်း ပြုပြီးတော့ နှစ်နိုင်ငံစကားများကြသတဲ့။ အဲဒီအခါ ရွှေနိုင်ငံက ဘုရင်ကြီးက “ဒီရွာကလေးကို အကြောင်းပြုပြီး နိုင်သူက ယူစတမ်းလုပ်မှ ရှုံးသူလည်းသက်သာ၊ နိုင်သူလည်းအကျိုးရှိမယ်”လို့ တွေးမိပြီး ငွေနိုင်ငံက ဘုရင်ကြီးထံ အကြောင်းကြားသတဲ့။
ငွေနိုင်ငံက ဘုရင်ကြီးကလည်း အဲဒီအကြံကို သဘောတူလိုက်ပြီး ပညာရှိချင်း ပညာပြိုင်ဖို့ ရက်သတ်မှတ် ပေးလိုက်ပါတယ်။ အဲဒီအခါမှ ငွေနိုင်ငံက ဘုရင်ကြီးဟာ နန်းတော်ထဲမှာရှိတဲ့ ပညာရှိအမတ်တွေကို ခေါ်စေပြီး “ဘယ်သူဟာ ရွှေနိုင်ငံက ပညာရှိအမတ်နဲ့ ပညာပြိုင်မလဲ၊ ပြိုင်ရဲသူ ရှေ့တော်မှောက်ထွက်ခဲ့စမ်း”လို့ အမိန့်ရှိတော်မူတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်မျှ ထွက်ပေါ်မလာဘူးတဲ့။ “ဒီကဖြင့် ပညာပြိုင်ဖို့ ရက်တောင် သတ်မှတ်ပေးပြီးပြီ၊ ပြိုင်ရဲသူမရှိရင် ဘယ့်နှယ်လုပ်ကြမလဲ”လို့ ဘုရင်မင်းကြီးက ထပ်ပြီးအမိန့်ရှိမှ “အရှင်မင်းကြီးဘုရား … ရွှေနိုင်ငံက ပညာရှိအမတ်နဲ့ ပညာပြိုင်ရဲသူရှိလျှင် အခွန်တော်ငွေ တစ်သိန်းထွက်သော ရွာကြီးကို ရွာစားအဖြစ် ဆုတော် လဘ်တော်ပေးမယ်လို့ နိုင်ငံတစ်ဝန်း ကြော်ငြာမောင်းခတ်ရင် ပြိုင်ရဲသူ ပေါ်လာပါလိမ့်မယ်ဘုရား”လို့ နန်းတွင်းအမတ်ကြီးတွေက သံတော်ဦး တင်ကြသတဲ့။
အဲဒါနဲ့ ငွေနိုင်ငံဘုရင်ကြီးဟာ အမတ်ကြီးတွေပေးတဲ့ အကြံအတိုင်း နိုင်ငံတစ်ဝန်း ကြော်ငြာ မောင်းခတ် ခိုင်းတဲ့အခါ ရွာတစ်ရွာရဲ့ ထန်းတောထဲမှာ မောင်နီဆိုသူကလည်း ထန်းရည်မူးပြီး လဲနေသတဲ့။ သူက မောင်းခတ်သံ ကြားရတာနဲ့ “ဟယ် ဒီအသံကတော့ တကယ်ဟန်သကွယ့်၊ ငနီအရက်သမားကို အထက် သိကြားမကိန်း ဆိုက်တာပဲ”လို့ ကြိမ်းဝါးပြီး မောင်းခတ်တဲ့ သူကို ခေါ်ကာ “ဟေ့ မောင်းဆရာ၊ အကြောင်းရှာ မနေနဲ့တော့၊ အပေါင်းသဟာတွေ မပြိုင်ရဲတဲ့ပွဲကို ငါဝင်ကာနွှဲ၍ ကြဲလိုက်မယ်၊ ဘုရင်မင်း တရားကြီးကိုသာ သံတော်ဦးတင်လိုက်”လို့ ပြောပါရော။ ဒါနဲ့ မောင်းဆရာက “တစ်ဆိတ်လောက် ခင်ဗျားရဲ့နာမည်ကို အမိန့်ရှိပါဗျာ”ဆိုတော့ “ဟေ့ ရွာတောင်ဆီက မောင်နီ”လို့ ပြောပြီးလှည့်ထွက်သွားသတဲ့။
ဒါနဲ့ မောင်းဆရာကလည်း ရေမိုးချိုးပြီး နန်းတော်ကို လာခဲ့ဖို့မှာကြားပြီး ရှင်ဘုရင်ထံကို ပညာပြိုင်မယ့်သူ ရခဲ့ကြောင်းကို သံတော်ဦး တင်လိုက်ပါတယ်။ အတော်ကြာတဲ့အခါ မောင်နီဟာ ရေမိုးချိုးပြီး နန်းတော်ကို ရောက်လာသတဲ့။ ဘုရင်မင်းမြတ်ကလည်း ၀မ်းမြောက်ဝမ်းသာနဲ့ မောင်နီကို နန်းတွင်းမှာပဲ ပြုစုကျွေးမွေးထားဖို့ အမိန့်ရှိတယ်။ မောင်နီဟာ နန်းတွင်းမှာ စားသောက်ပြီး ဒီအတိုင်းပဲ နေပါတယ်။ ပညာပြိုင်ဖို့ သတ်မှတ် ထားတဲ့ရက် နီးကပ်လာတဲ့အခါ မောင်နီကို ပညာရှိအမတ်တို့ရဲ့ အ၀တ်တန်ဆာ အဆောင်အယောင်တွေ ပေးအပ် ၀တ်ဆင်စေပြီးတော့ ပြိုင်ပွဲကျင်းပမယ့် နယ်စပ်ရွာကို လွှတ်လိုက်ပါသတဲ့။
နှစ်နိုင်ငံနယ်စပ်မှာ မှူးကြီးမတ်ကြီးများ စုံညီတဲ့အခါ ပညာရှိချင်း ပညာပြိုင်ပွဲစ စေပါတယ်။ ပညာရှိချင်း ပညာစမ်းကြတာကလည်း အထူးအဆန်းပဲ။ ဒါတိုင်းလို နှုတ်မေး၊ နှုတ်ဖြေလုပ်တာဟာ သိလွယ်တာမို့ အခု ပြိုင်ရမှာကတော့ ပါးစပ်က စကားတစ်လုံးမျှ မပြောရပဲ (အသံတိတ်) ကိုယ်အမူအရာနဲ့ပဲ မေးရ - ဖြေရမှာတဲ့။ အဲဒီလိုနဲ့ ပြိုင်ပွဲစတင်တဲ့အခါ ရွှေနိုင်ငံ ပညာရှိအမတ်ကြီးကစပြီး မေးခွန်းထုတ်ပါတယ်။ သူက “မင်းတို့ ငွေနိုင်ငံ ဘုရင်သည် ငါးပါးသီလ လုံခြုံရဲ့လား”ဆိုတဲ့ အဓိပ္ပါယ်နဲ့ လက်(၅) ချောင်း ထောင်ပြသတဲ့။
အဲဒီအခါ မောင်နီက ဘယ်လို တွေးလိုက်သလဲဆိုတော့ (အရက်သမားဆိုတော့ အရက်သမားတွေး တွေးပါတယ်) “ငါ့ကို သူတို့က အရက်သောက်မှန်း သိပုံပေါက်တယ်။ သိလို့သာ မင်း .. တစ်နေ့ကို အရက်(၅) ပုလင်း ကုန်အောင် သောက်နိုင်ရဲ့လား”လို့ မေးတာဖြစ်မှာပဲဆိုပြီး “အရက် (၅)ပုရင်းမကဘူး (၁၀) ပုလင်းတောင် ကုန်အောင် သောက်နိုင်ရဲ့”ဆိုတဲ့ အဓိပ္ပါယ်နဲ့ လက်(၁၀)ချောင်းကို ထောင်ပြလိုက်တယ်။ ဒါကို ရွှေနိုင်ငံ ပညာရှိ အမတ်ကြီးက “သူတို့ ဘုရင်သည် (၅)ပါး သီလသာမက (၁၀)ပါး သီလတောင် လုံတယ်ဆိုပါကလား”လို့ အောက်မေ့ပါသတဲ့။
ဆက်လက်ပြီး ရွှေနိုင်ငံပညာရှိ အမတ်ကြီးက မေးပြန်ပါတယ်။ သူက “မင်းတို့ ငွေနိုင်ငံ ဘုရင်မင်းမြတ်သည် တိုင်းသူပြည်သားတို့ကို ရင်ဝယ်သားကဲ့သို့ သနားပါရဲ့လား”ဆိုတဲ့ အဓိပ္ပါယ်နဲ့ ရင်ဘတ်ကို လက်ဝါးနဲ့ သပ်ပြပြီး မေးပါတယ်။ ဒီအခါမှာလည်း မောင်နီက “အင်း .. မင်းအရက် (၁၀)ပုလင်းသောက်ရင် ရင်မပူဘူးလား”လို့ မေးတယ်ထင်ပြီး “ဘယ့်နှယ် .. ရင်ပူရုံတွင်ကမလဲ၊ ကျောရော ရင်ရော အကုန်ပူသွားတာပဲ”ဆိုတဲ့ အဓိပ္ပါယ်နဲ့ နောက်ကျောရော ရင်ဘတ်ပါ လက်ဝါးနဲ့သပ်ပြသတဲ့။ ဒီတော့ ရွှေနိုင်ငံက ပညာရှိအမတ်ကြီးက “သြော် .. သူတို့ဘုရင်သည် ကျောသားရင်သား မခွဲခြားဘဲ တိုင်းသားပြည်သူတွေကို ကြင်နာသနားတော်မူသတဲ့၊ တော်ပါပေတယ်။ တော်ပါပေတယ်”ဆိုပြီး ငွေနိုင်ငံဘက်ကို အနိုင်ပေးကာ သူ့တိုင်းပြည် ပြန်သွားပါသတဲ့။
ဒီဓမ္မပုံပြင်မှာ အဓိက ဆိုလိုချင်တာက အတွင်း အနှစ်သာရကို မစီစစ်ဘဲ အပေါ်ယံအသွင် သဏ္ဍာန်အားဖြင့် ကြည့်မယ်ဆိုရင် ပုံပြင်ထဲက အရက်သမားဟာ ပညာရှိယောင် ထင်ရပေမယ့် အတွင်းသဘော ရည်ရွယ်ချက် ကတော့ ပြဒါးတစ်လမ်း သံတစ်လမ်း၊ မိုးနဲ့မြေပမာ ကွာခြားလှတာကိုပါ။ အဲဒီဥပမာလိုပဲ ပညာရှိနဲ့ ပညာမဲ့တို့ဟာ အပေါ်ယံမှာတော့ သူလည်းဒါနဲပြု၊ သီလဆောက်တည်၊ ကိုယ်လည်းပဲဒါနပြု၊ သီလဆောက်တည် တူချင်တူ နေနိုင်ပါတယ်။ ဒါပေမယ့် အတွင်းစိတ်ဓါတ် ရည်ရွယ်ချက်ကတော့ အဖြူ နဲ့ အမည်းကွဲလွဲပါတယ်။
ပညာမဲ့သူက အတိုးပေးသူလို နောင်ဘ၀ ငါကောင်းစာဖို့ ဒါနပြုတယ်၊ ပညာရှိကတော့ သာသနာတော်ကို ပူဇော်လိုလို့ ဒါနပြုတယ်။ ပညာမဲ့က ငရဲကြောက်လို့ သီလထိန်းတယ်၊ ပညာရှိက မတည်မြဲတဲ့ ခန္ဓာကိုယ်ကို ဒုစရိုက်တွေနဲ့ မမွေးမြူလိုလို့ (တစ်နည်းဆို) မိမိကြောင့် တခြားသူ ဆင်းရဲ ဒုက္ခမဖြစ်စေလိုလို့ သီလထိန်းတယ်၊ ပညာမဲ့က နတ်ပြည်ရောက်ဖို့ ဥပုသ်စောင့်တယ်၊ ပညာရှိက တစ်နေ့ တစ်ရက် တဏှာကျွန်အဖြစ်က လွတ်ငြိမ်းတဲ့ ချမ်းသာသုခကိုရဖို့ ဥပုသ်စောင့်တယ်။ ပညာမဲ့က ရွှေထူတဲ့ ဘုရားမှ ရိုသေတယ်၊ ပညာရှိက ဘုရား သဘာဝ သိသူမို့ အားလုံးကို ရိုသေတယ်၊ ပညာမဲ့က ဘုရားရှာထွက်တယ်၊ ပညာရှိက အခွင့်ရတိုင်း ဂုဏ်တော်(၉)ပါးကို ပွားများတယ်၊ ပညာမဲ့က နာမည်ကြီးသူပြောရင် ယုံကြည်တယ်၊ ပညရှိက နာမည်ကြီးတိုင်းမယုံ၊ ယုတ္တိရှိမှယုံတယ်။ ပညာမဲ့က အထူးအဆန်းကို မြတ်နိုးတယ်။ ပညာရှိက သဘောမှန်မှ မြတ်နိုးတယ်။ ပညာမဲ့က ထုံးစံကို လေးစားတယ်။ ပညာရှိက အသိဥာဏ်ကို လေးစားတယ်။ အဲဒီလို စသည်ဖြင့် အပေါ်ယံ အသွင်သဏ္ဍာန်ချင်း တူနိုင်ပေမယ့် အတွင်းအနှစ်သာရကတော့ ကွဲပြားခြားနိုင်ပါတယ်။