Wednesday, June 20, 2012

ကြက်သွန်ဖြူ အကြောင်း သိမှတ်စရာများ

ကြက်သွန်ဖြူ အကြောင်း သိမှတ်စရာများ

ကြက်သွန်ဖြူဟာ အာရှတိုက်အလယ်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀၀) ကျော်ကတည်းက စိုက်ပျိုးခဲ့တယ်လို့ ယုံကြည် ကြပါတယ်။ အလယ်ပိုင်းကနေ တဆင့် ခွဲဖြာပျံ့နှံ့လာပြီး၊ ဟိမ၀န္တာတောင်တန်းဒေသ ကနေ တာကတ်စ်စတန် (Turkestan) ဒေသ အထိ စိုက်ပျိုးလာကြပါတယ်။ ဘီစီ ၂၆၀၀ လောက်တုန်းက အီဂျစ်လူမျိုးတွေဟာ ကြက်သွန်ဖြူကို အင်မတန် တန်ဖိုးထားကြပြီး၊ ဂါဇာမှာ ကြီးမားတဲ့ပိရမစ်တည်ဆောက်တဲ့အခါ အလုပ်သမားတွေကို ကြက်သွန်ဖြူ စားစေ ခဲ့ပါတယ်။ ဂရိအားကစားသမား တွေဟာလည်း သူတို့ခွန်အား ကောင်းစေရန် ကြက်သွန်ဖြူစားကြပါတယ်။ ဒါကြောင့် ရှေးဟောင်း ဂရိနဲ့ ရောမစစ်သား၊ သင်္ဘောသားနဲ့ ကျေးလက်ဒေသက လူတွေရဲ့ ကြက်သွန်ဖြူ စားသုံးမှုဟာ အင်မတန် ကြီးမား ပါတယ်။ ဒီ့အပြင် အာဖရိကတိုက်က လယ်သမားတွေဟာလည်း ကြက်သွန်ဖြူကို ကြိုက်နှစ်သက်ကြပါတယ်။
ကမ္ဘာ့အနောက်ခြမ်းမှာ ကြက်သွန်ဖြူကို သိရှိလာကြတာကတော့ ဥရောပတိုက်က ပထမဦးဆုံး စွန့်စားရှာဖွေ သူတွေ ကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ့နောက်ပိုင်းတော့ ပျံ့နှံ့မှုဟာ လျင်မြန်လာပါတယ်။ အမေရိကတိုက်မှာတော့ ပြင်သစ်နိုင်ငံသား အခြေချသူတွေက (New Orleans) နယူအော်လေယွန် မြို့မှာ ပထမဦးဆုံး စတင်စိုက်ပျိုးခဲ့ပါတယ်။ ကယ်လီဖိုးနီးယားက ယနေ့ကြက်သွန်ဖြူ စိုက်ပျိုးတဲ့နေရာတွေကိုတော့ ခရစ်ယာန်သာသနာပြုအဖွဲ့တွေက ယူဆောင်လာခဲ့တာပါ။ အင်္ဂလိပ် ရိုးရာ ဟင်းလျာတွေမှာတော့ ကြက်သွန်ဖြူဟာ အင်မတန် ရှားပါးပါတယ်။


အပင်အနေအထား။

ကြက်သွန်ဖြူဟာ နှစ်နှစ်ခံပင် အမျိုးအစားဖြစ်ပြီး၊ အပင်ရင့်သန်လာတဲ့ အချိန်မှာ အမြင့်နှစ်ပေအထိ ရှည်နိုင်ပါတယ်။ အဓိကပင်စည်မှာ အရွက်တွေပါဝင်ပြီး ပင်စည်ဟာ ၂၅ ကနေ ၁၀၀ စင်တီမီတာအထိ ရှည်လျားပါတယ်။ အရွက်ပြားဟာ ၃၀ ကနေ ၆၀ စင်တီမီတာ အထိရှည်လျားပြီး၊ အရွက်အကျယ်ကတော့ ၂ ကနေ ၃ စင်တီမီတာ အထိ ကျယ်ပြန့်ပါတယ်။ ဒါကြောင့် အရွက်ပုံစံဟာ ရှည်လျား၊ ကျဉ်းမြောင်းပြီး မြက်ပင်ပုံစံမျိုး ရှိပါတယ်။ အလယ်မှာ ခေါက်ရိုးကျိုးနေပြီး၊ ဆန့်ကျင်ဘက် အရွက်ပြားနှစ်ခုက ထောင်မတ်နေပါတယ်။

အပွင့်တွေကတော့ မြေအောက်ပင်စည်ဖု ကနေ တည့်တည့်တက်လာတဲ့ ရိုးတံရဲ့အဆုံးမှာရှိပါတယ်။ ပန်းပွင့်လေးရဲ့ ထိပ်က လုံးဝန်းပြီး ဘေးမှာအဖြူရောင်အပွင့်လေးတွေ အစုလိုက်ရှိပါတယ်။ ပန်းပွင့်တွေဟာ အရောင်မတူကြပါဘူး။ အဖြူ ရောင်၊ ပန်းရောင်နဲ့ ခရမ်းရောင်တို့ ဖြစ်ကြပြီး၊ ပွင့်လွှာ ၆ ခုပါရှိပါတယ်။ အရွယ်အစား ကတော့ ၃ ကနေ ၅ မီလီမီတာ ရှည်လျားပါတယ်။ ပန်းပွင့်တွေဟာ အများအားဖြင့် မျိုးပွားရာမှာ မအောင်မြင်တဲ့အတွက်၊ မျိုးစေ့ပြန်ရဖို့ဆိုတာ အတော်ရှားပါးပါတယ်။

ကြက်သွန်ဖြူရဲ့ ထိပ်ပိုင်းဟာ ပုံမှန်အားဖြင့် ၄ ကနေ ၈ စင်တီမီတာ ကျယ်ဝန်းပြီး၊ အဖြူ ကနေ ပန်းရောင် သို့ ခရမ်းရောင် ကို ပြောင်းသွားတတ်ပါတယ်။ ထိပ်ပိုင်းမှာ (၈) ခုကနေ (၂၅) ခုနီးပါး ရှိတဲ့ ကြက်သွန်ဖြူ ဥမွှာလေးတွေ ပေါင်း စပ် ပါ ၀င် နေပါတယ်။ မြေအောက်က ကြက်သွန်ဖြူ ဥကြီးကတော့ သဘာဝရဲ့ပေါင်းစပ်မှုတွေနဲ့ ဖြစ်ပေါ်လာပြီး၊ ဘေးမှာ ကြက်သွန်ဖြူ ဥမွှာလေးတွေ အမြောက်အများ ပါဝင်ပါတယ်။အတွင်းသားဟာ အိတ်လေးတခုလိုမျိုး ဖြစ်နေပြီး အတွင်းမှာ ကြက်သွန်ဖြူ ဥလေးတွေပါဝင်ပါတယ်။ အပြင်မှာတော့ အမြှေးပါးနဲ့ ပြန်လည် ဖုံးအုပ်ထားပါတယ်။


စိုက်ပျိုးခြင်း။

ကြက်သွန်ဖြူဟာ တောရိုင်းထဲမှာ မပေါက်ရောက်ပါဘူး။ စိုက်ပျိုးရင်းကနေ တိုးတက်လာတယ်လို့ ထင်ရပါတယ်။ တကယ်တော့ အာရှတိုက် အနောက်တောင်ဘက်ပိုင်းက တောတွေထဲမှာ ရှင်သန်တဲ့ (Allium longicuspis) လို့ခေါ်တဲ့ မျိုးစိပ်ကနေ ဆင်းသက်လာတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ကြက်သွန်ဖြူတွေဟာ မြေဆီသြဇာ ကြွယ်ဝတဲ့ စိုစွတ်ပြီး၊ သဲဆန်တဲ့မြေဆီလွှာတွေမှာ ရှင်သန်သော်လည်း တခါ တလေ တော့ နုန်းမြေ သို့ သဲမြေမှာလည်း ရှင်သန်ပါတယ်။ ကြက်သွန်ဖြူစိုက်ခင်းတွေဟာ နေရောင်ကောင်းကောင်းရတဲ့ နေရာ တွေမှာ ရှိသင့်ပါတယ်။ ဒီ့အပြင် ပေါင်းပင်တွေ ပေါက်ရောက်မှုလည်း ရှင်းလင်းသင့်ပါတယ်။

အိမ်စိုက်ကြက်သွန်ဖြူစိုက်ခင်းတွေဟာ စိုက်ပျိုးရန် မျိုးစေ့ကို မထုတ်လုပ်ပေးနိုင်ပါဘူး။ သူတို့ဟာ ကြက်သွန်ဥကနေ တဆင့်မျိုးပွားကြတာပါ။ ဒါကြောင့် ကြက်သွန်ဖြူဥကြီးကို သူ့အမွှာလိုက် ခွဲစိတ်နိုင်ပါတယ်။ ကြက်သွန်ဖြူ အနေတော် ဥတလုံးဟာ (၁၀) မွှာ ကနေ (၁၂) မွှာအထိ ရှိနိုင်ပါတယ်။

ကြက်သွန်ဖြူတွေဟာ မိုးရေမရှိပဲလည်း ရှင်သန်နိုင်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ ကြက်သွန်ဖြူ ဥလေး ရရှိဖို့ ဆိုတာ တော့ ပုံမှန်ရေလောင်းရပါတယ်။ သူတို့ဟာ ဆောင်းရာသီ စိုက်ပျိုးပင် တခုဖြစ်ပြီး မြေပြင် ပေါ်မှာ ရှင်သန် ကြီးထွား ရင်း ဆောင်းတွင်းကို ကုန်လွန်စေပါတယ်။ ပြီးနောက်တော့ နွေရာသီမှာ ရိတ်သိမ်းပါတယ်။ ရာသီဥတု မဆိုးဝါးဘူး ဆိုရင်တော့ သူတို့ဟာ တဆောင်းလုံးရှင်သန်ပြီး၊ ရာသီအေးတဲ့ဒေသတွေမှာတော့ သူတို့ဟာ တဆောင်းလုံး ငြိမ်သက်နေပါတယ်။ ဒီလိုအချိန်မျိုးမှာတော့ ကြက်သွန်ဖြူတွေကို မြေငွေ့ထိန်းအုပ်ပေးသင့်ပါတယ်။

နွေဦးရာသီဖြစ်တဲ့ ဖေဖော်ဝါရီ သို့ မတ်လတွေမှာ စောစောစိုက်ပျိုးမယ်ဆိုရင် အပင်တွေစတင်ညှိုးခြောက်လာတဲ့ သြဂုတ်လမှာ နှုတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တော့ နွေရာသီဟာ စိုစွတ်ပြီး အေးနေသင့်ပါတယ်။ ဒါဆို စက်တင်ဘာလလယ်လောက်အထိ အပင်တွေကို ရိတ်သိမ်းဖို့ အဆင်မပြေလောက်ပါဘူး။

ကြက်သွန်ဖြူရဲ့ ထိပ်ပိုင်းဟာ တခုတည်းသော မျိုးပွားနိုင်တဲ့ အပိုင်းဖြစ်ပါတယ်။ ကြက်သွန်ဖြူအမွှာလေးတွေရဲ့ အခန်းလေး တွေဟာ ဓါးနဲ့လှီးလို့ပဲ ဖြစ်ဖြစ်၊ ၀ါးစားလို့ပဲဖြစ်ဖြစ်၊ ထုချေလိုက်လို့ပဲဖြစ်ဖြစ် ပျက်စီးသွားမယ်ဆိုရင်  ပျက်စီး သွားမယ်ဆိုရင် ဆဲလ်အခန်းထဲမှာ သိုလှောင်ထားတဲ့ အင်ဇိုင်း ခေါ် သက်ရှိ ကလပ်စည်းတွေက အစပြုပြီးတော့ ဆဲလ်အရည်တွေထဲမှာ သိုလှောင်ထားတဲ့ ဆာလ်ဖာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ ပျက်စီးသွားမှာဖြစ်ပါတယ်။ အဲ့ဒီ့ဒြပ်ပေါင်းတွေဟာ စူးရှပြီး၊ ပူတဲ့အရသာနဲ့ ကြက်သွန်ဖြူရဲ့ ပြင်းထန်တဲ့အနံ့ကို ထုတ်လုပ်ပေးဖို့ တာဝန်ရှိပါတယ်။

ကြက်သွန်ဖြူ များများစားခဲ့ရင် နောက်နေ့မှာ အသက်ရှူတဲ့အခါ၊ ချွေးထွက်တဲ့အခါမှာ ကြီးမားတဲ့သက်သေခံ ဖြစ်စေ ပါတယ်။ ဒါကတော့ ကြက်သွန်ဖြူရဲ့ ပြင်းထန်တဲ့ ဆာလ်ဖာဒြပ်ပေါင်းအနံ့တွေဟာ  allyl methyl sulfide ဓာတ် အဖြစ်ဖွဲ့စည်းလိုက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ့ဒြပ်ပေါင်းဟာ အစာမကြေပဲနဲ့ သွေးထဲကို ၀င်ရောက် သွားပါတယ်။ သွေးကနေ တဆင့် သူ့ကိုစွန့်ထုတ်မယ့် အရေပြားနဲ့ အဆုပ်တွေဆီကို ရောက်ရှိသွားပါတယ်။ ဒါကြောင့် အစာချေဖို့အတွက် နာရီပေါင်းများစွာ ကြာသလို အဲ့ဒီ့ကြက်သွန်ဖြူဒြပ်ပေါင်းတွေကို စွန့်ထုတ်ဖို့လည်း နာရီ ပေါင်းများစွာ ထပ်ကြာပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူစားခြင်းရဲ့ အကျိုးသက်ရောက်မှုဟာ အချိန်အတော် ကြာပါတယ်။


ဆေးဘက်ဆိုင်ရာအသုံးချမှု။

ကြက်သွန်ဖြူဟာ သွေးတိုးတာကို လျှော့ချနိုင်ပါတယ်။ နှလုံးရောဂါကိုလည်း ကာကွယ်နိုင်ပြီး၊ နားကိုက်တာကိုလည်း ကုသ နိုင်ပါတယ်။ ကိုယ်ခံအားကို တိုးတက်စေပြီး သွေးလှည့်ပတ်မှုစနစ်ကိုလည်း ကောင်းမွန်အောင် နှိုးဆွပေးပါတယ်။ သွေးထဲမှာရှိတဲ့ သကြားပမာဏကိုလည်း ပုံမှန်ဖြစ်စေရန် ကူညီပေးပါတယ်။ ဆီးချိုရောဂါကိုလည်း ကုသနိုင်ပါတယ်။ ဒီ့အပြင် အအေးမိရောဂါနဲ့ အဖျားရောဂါ တို့ကိုကုသတဲ့ နေရာမှာလည်း ကျယ်ပြန့်စွာ အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူ စားခြင်းအားဖြင့် အသည်းကိုလည်း ကောင်းမွန်စေပါတယ်။ သဘာဝအရလည်း ကြက်သွန်ဖြူကို ကပ်ပါးပိုးမွှားတွေက ကြောက်ရွှံ့ပါတယ်။ ဒါကြောင့် ရိုးရာဆေးနည်း အဖြစ်လည်း ကပ်ပါးရောဂါတွေကို ကုသရန်အတွက် အသုံးချပါတယ်။

သတိပြုသင့်သောအချက်များ။

ခွဲစိတ် ကုသခံပြီးခါစနဲ့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရပြီးတဲ့အခါတွေမှာ ကြက်သွန်ဖြူ အသုံးပြုသင့်ခြင်းကို သတိထား သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူဟာ သွေးထွက်ခြင်းပမာဏကို များလာနိုင်စေပါတယ်။ ကိုယ်ဝန်ဆောင်စဉ် နဲ့ ကလေးနို့တိုက်စဉ် ကာလတွေမှာလည်း ကြက်သွန်ဖြူ စားသုံးခြင်းကို သတိထား သင့်ပါတယ်။ ကြက်သွန်ဖြူဟာ အခန့်မသင့်ရင် အစာမကြေခြင်း၊ အစာအိမ်နာခြင်းတို့ ဖြစ်စေနိုင်ပြီး၊ ထွက်လာတဲ့ နို့ရည်အရသာကို ကလေး မကြိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

အခြား မှတ်သားဖွယ်ရာ။
ကြက်သွန်ဖြူသည် ဆီးဝမ်းကိုရွှင်စေပြီး ခွန်အားကိုဖြစ်စေပါတယ်။ မျက်စိကိုလည်း အကျိုးပြုပါတယ်။ သွေး၊ သည်းခြေကိုလည်း တိုးပွားစေပါတယ်။ လေနှင့် သလိပ်ကိုလည်းနိုင်ပါတယ်။ နှလုံးရောဂါ၊ နာတာရှည်ရောဂါနှင့် ၀မ်းဗိုက်အောင့်ခြင်း၊ ချုပ်ခြင်း၊ ခံတွင်းမကောင်းခြင်း၊ ချောင်းဆိုးခြင်း အစရှိသည့် ရောဂါများကို နိုင်နင်းပါတယ်။ ဒီ့အပြင် ဥတလုံးကြက်သွန်ဖြူရဲ့ သေးငယ်သော အစိတ်အပိုင်းတခုကို နားတွင် ထည့်ထားပါက နားကိုက်ခြင်းကို ပျောက်ကင်းစေပါတယ်။ နောက်ဆုံးအချက်ကတော့ မြွေအစရှိသော အဆိပ်အမျိုးမျိုးတို့ကို ကာကွယ်ရန်လည်း အသုံးပြုကြပါတယ်။

-- ခိုင်ခိုင် --

Ref: http://www.spicesmedicinalherbs.com/garlic-allium-sativum-veggie.html
       အရှင်နာဂသိန် (ပုံပြဆေးအဘိဓာန် ပဌမတွဲ) ၁၉၆၇ အောက်တိုဘာတွင် ပုံနှိပ်သည်။  

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ