စိတ်နှင့်တွဲဖက်၍ မောဟ ထကြွလာသောအခါ အကုသိုလ်စိတ်
မကောင်းစိတ်ဖြစ်နေပြီဟု ဆိုရပေသည်၊ ဤ ပရိယုဋ္ဌာနမောဟ၏ ဖုံးကွယ်မှုကြောင့်
ဒုစရိုက်အကုသိုလ်၏ နောင်ရေးနောင်တာ
ခံစားရမည့် မကောင်းကျိုးကိုလည်း မသိကြရ၊ ယခု လောလောဆယ် ယုတ်မာညစ်ညမ်း
ဆိုးသွမ်းမှုအပြစ်ကိုလည်း မသိကြရ၊ ထို့ကြောင့် မောဟဖြစ်ပေါ်လာသောအခါ နဂိုက
ပညာရှိ သူတော်စင်တို့ သည်ပင် အပြစ်ကို မမြင်နိုင်ဘဲ ဒုစရိုက်အမှုကို
ပြုမိကြလေတော့သည်၊ ဤမောဟသည် အကုသိုလ်စခန်း၌ အလွန်ဆိုးသွမ်း မိုက်မဲသော
တရားမျိုးပင်တည်း၊ ဤလောက၌ မိုက်မဲမှုဟူသမျှဝယ် ဤမောဟသာလျှင် အခြေတည်လျက်
ရှိလေသည်။
ပညာရှင်ကြီး မောဟဖိစီးပုံ
ဟရိတစ မည်သော ငါတို့ ဘုရားအလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော
စည်းစိမ်ကြီးကို စွန့်လွှတ်လျက် တောထွက်၍ ရသေ့လုပ်ပြီးလျှင် ဈာန်အဘိညာဉ်ကို
ရလေသည်၊ ထို့နောက် မိုးကာလအခါဝယ် ဟိမဝန္တာ၌ မိုးများသောကြောင့်
ဗာရာဏသီပြည်သို့ ကြွလာ၍ ဘုရင့်ဥယျာဉ်တော်မှာ သီတင်းသုံးတော်မူလေသည်၊
ထိုဗာရာဏသီပြည့်ရှင်ကား ရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် မိတ်ဟောင်းပေတည်း၊
ထို့ကြောင့် မြင်လျှင်မြင်ချင်း လွန်မင်းစွာကြည်ညိုရကား
ဥယျာဉ်တော်အတွင်းမှာ သီတင်းသုံးရန် တောင်းပန် လျှောက်ထား၍
ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လျက် နံနက်တိုင်း နန်းတော်မှာ မိမိကိုယ်တိုင်
ဆွမ်းကပ်လေသည်။အခါတစ်ပါး၌ကား တိုင်းပြည်ဝယ် သူပုန်ထသောကြောင့် ဘုရင်ကိုယ်တိုင် နှိမ်နင်းရန် ထွက်ခါနီးမှာ ဆရာရသေ့ကို မမေ့ရစ်ဖို့ရန် မိဖုရားအား အတန်တန်မှာပြီးမှ ထွက်သွားလေသည်၊ မိဖုရားလည်း အချိန်မှန်မှန် ဆွမ်းပြုစု၍ တစ်နေ့သော နံနက်မှာမူ ဆရာရသေ့ မလာသေးသည့်အတွက် ကိုယ်လက် သန့်စင်အောင် နံ့သာရေမိုး ကောင်းစွာချိုး၍ ချောမွေ့နုနယ်သော အဝတ်ကို ဝတ်ဆင်ကာ ဆရာရသေ့အလာကို စောင့်မျှောရင်း သလွန်ပေါ်မှာ ခေတ္တလျောင်းနေလေသည်။
အလောင်းတော် ရှင်ရသေ့လည်း အဘိညာဉ်သမာပတ်အစွမ်းဖြင့် ကောင်းကင်လမ်းက ကြွ၍လာခဲ့ရာ လေသာနန်း တံခါးပေါက်သို့ ရောက်သောအခါ "လျှော်တေ"ခေါ်သော ရသေ့အဝတ်သံကိုကြား၍ ဗြုန်းခနဲ အထလိုက်တွင် အမြင်မတော်သော ကိုယ်တစ်ပိုင်းမှ ခါးဝတ်လျှောကျသွားသည်ကို မြင်လေသော် သန့်ရှင်းသော စိတ်ဓာတ်ဝယ် ကိန်းဝပ်တည်နေသော အနုသယမောဟသည် ရုတ်တရက် ထကြွ၍ ပရိယုဋ္ဌာနမောဟအဖြစ်သို့ ရောက်ကာ လောဘတဏှာ ဖက်တွဲလျက် မိဖုရာလက်ကို ဆွဲပြီးလျှင် သရဲသဘက်ပမာ မှားခြင်းကြီး မှားရှာလေသတဲ့။
ကိုယ်ကျင့်အဘိဓမ္မာမှ…
တောင်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ