Monday, June 23, 2014

ဗုဒ္ဓဘာသာလက်စွဲ (၁၈) **မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိအကြောင်း**




မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိအကြောင်း

ဆရာ။    ။[ဒိဋ္ဌိ=အမြင်၊ မိစ္ဆာ=အမှား၊ သမ္မာ=အမှန်၊] မှားသော အမြင်ကို မိစ္ဆာဒိဋ္ဌိ, မှန်သော အမြင်ကို သမ္မာဒိဋ္ဌိဟုခေါ်သည်၊ နားလည်ကြရဲ့လား၊ နားလည်လျှင် ပြန်ပြောကြစမ်း။

တပည့်များ။       ။ပြန်၍ ပြော။

ဆရာ။    ။ကောင်းပြီ၊ "နောက်ဘဝရှိတယ်" ဆိုလျှင် အမြင်မှန်လား, အမြင်မှားလား။

တပည့်များ။       ။အမြင်မှန်။

ဆရာ။    ။"နောက်ဘဝ မရှိဘူး" ဆိုလျှင် အမြင်မှန်လား, အမြင်မှားလား။

တပည့်များ။       ။အမြင်မှား။

ဆရာ။    ။ကောင်းတာ (သူများကို ချမ်းသာစေတာ) လုပ်လျှင် နောက်ဘဝ၌ ကောင်းကျိုး ရမလား, ဆိုးကျိုးရမလား။


တပည့်များ။       ။ကောင်းကျိုးရမယ်။

ဆရာ။  ။မကောင်းတာ (သူများကို ဆင်းရဲစေတာ) လုပ်လျှင်နောက်ဘဝ၌ ကောင်းကျိုး ရမလား, ဆိုးကျိုးရမလား။

တပည့်များ။       ။ဆိုးကျိုးရမယ်။

ဆရာ။    ။အကောင်းဆုံး အလုပ်တွေကို လုပ်သွားလို့ ဘုရားဖြစ်သွားပြီး သတ္တဝါတွေ ချမ်းသာအောင် တရားဟောတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဆိုတာ တစ်ခါတစ်ခါ ဖြစ်ပေါ်လာနိုင်တယ်ဟု ပြောကြတယ်၊ ယုံထိုက်သလား, မယုံထိုက်ဘူးလား။

တပည့်များ။       ။ယုံထိုက်ပါတယ် ဆရာ။

ဆရာ။    ။ဘုရားဟောတဲ့ တရားတော်အတိုင်း ကျင့်ကြလျှင် မကောင်းတဲ့စိတ်တွေ မဖြစ်ဘဲ စိတ်ကောင်းရှိတဲ့ အရိယာသံဃာဆိုတာ ဖြစ်နိုင်သလား, မဖြစ်နိုင်ဘူးလား။

တပည့်များ။       ။ဖြစ်နိုင်မှာပဲ ဆရာ။

ဆရာ။    ။အရိယာဖြစ်တာ, မဖြစ်တာတော့ မသိပေမယ့် ကောင်းကောင်းနေတဲ့ ရဟန်း တော်များကို ရိုသေထိုက် လှူဒါန်းထိုက်သလား, မရိုသေ မလှူဒါန်းထိုက်ဘူးလား။

တပည့်များ။       ။ရိုသေထိုက်ပါတယ်, လှူဒါန်းထိုက်ပါတယ်။

ဆရာ။    ။လှူဒါန်းလျှင် နောက်ဘဝမှာ ကောင်းကျိုးရမလား, မရပေဘူးလား။

တပည့်များ။       ။ရမယ်ထင်တယ် ဆရာ။

ဆရာ။    ။"နောက်ဘဝရှိတယ်" လို့ အယူရှိတဲ့သူဟာ နောက်ဘဝမှာ ဆင်းရဲမှာ စိုးလို့ ဒီဘဝက ကောင်းတာတွေကို လုပ်မလား, မကောင်းတာတွေ လုပ်မလား။

တပည့်များ။       ။ကောင်းတာတွေကို လုပ်မှာပဲ ဆရာ။

ဆရာ။    ။" နောက်ဘဝမရှိဘူး" လို့ အယူရှိတဲ့ သူဟာ ကောင်းတာဖြစ်ဖြစ် မကောင်းတာ ဖြစ်ဖြစ် သူအကျိုးရှိလျှင် မလုပ်ပေဘူးလား၊ ဥပမာ-အမေသတ်မှ အကျိုးရှိ မယ်ဆိုလျှင် မသတ် ပေဘူးလား။

တပည့်များ။       ။လုပ်မှာပဲ ဆရာ။

ဆရာ။    ။မကောင်းတာကိုလဲ ဘာဖြစ်ဖြစ် သူအကျိုးရှိလျှင် လုပ်ဝံ့တဲ့သူဟာ ဒီလောကကြီးမှာ လူကောင်းဖြစ်နိုင်ပါ့မလား။

တပည့်များ။       ။မဖြစ်နိုင်ဘူး ဆရာ။

ဆရာ။    ။သူက "နောက်ဘဝ မရှိဘူး, သေလျှင် ပြီးတာပဲ" လို့ အယူရှိနေသော် လည်း နောက်ဘဝရှိနေလျှင် မကောင်းတာ လုပ်နေတဲ့သူဟာ ကောင်းတဲ့ဘဝမှာ လူတို့ နတ်တို့ ဖြစ်မလား, မကောင်းတဲ့ဘဝမှာ ငရဲတို့ တိရစ္ဆာန်တို့ ဖြစ်မလား။

တပည့်များ။       ။မကောင်းတဲ့ဘဝမှာ ဖြစ်မယ် ဆရာ။

ဆရာ။    ။သည်တော့ "နောက်ဘဝ မရှိဘူး" လို့ အယူမှား အမြင်မှားမှုဟာ "ဒီဘဝလဲ လူကောင်းတစ်ယောက် မဖြစ်နိုင်, နောက်ဘဝလဲ ငရဲကျရဦးမယ်" ဆိုလျှင် နှစ်ဖက်ရှုံးပေဘူးလား။

တပည့်များ။       ။နှစ်ဖက်ရှုံးတယ် ဆရာ။

ဆရာ။    ။"နောက်ဘဝ ရှိတယ်" လို့ ယူတဲ့သူဟာ (နောက်ဘဝ၌ ဆင်းရဲမှာ ကြောက်လို့) ဒီဘဝမှာ ကောင်းကောင်းနေလျှင် လူကောင်း မဖြစ်ပေဘူးလား။

တပည့်များ။       ။လူကောင်းဖြစ်မယ် ဆရာ။

ဆရာ။    ။အဲဒီ လူကောင်းဟာ နောက်ဘဝ ရှိရိုးမှန်လျှင် ကောင်းတဲ့ဘဝမှာ မရောက် ပေဘူးလား။

တပည့်များ။       ။ရောက်မှာပဲ ဆရာ။

ဆရာ။    ။"နောက်ဘဝ ရှိတယ်" လို့ ယူတဲ့လူဟာ ဒီဘဝလဲ လူကောင်းဖြစ်၍ နောက်ဘဝလဲ ကောင်းတဲ့ဘဝမှာ ဖြစ်တယ်ဆိုလျှင် သူဟာ ဒီဘဝရော နောက်ဘဝရော အမြတ် မရပေဘူးလား။

တပည့်များ။       ။ အမြတ်ရမယ် ဆရာ။

ဆရာ။    ။ဒါကြောင့် ဗုဒ္ဓမြတ်စွာက "နောက်ဘဝမရှိ, ကောင်းတာပြုလဲ ကောင်းကျိုးမရှိ, မကောင်းတာပြုလဲ မကောင်းကျိုးမရှိ" ဟု အယူမှား အမြင်မှားသော မိစ္ဆာဒိဋ္ဌိ ကို အပါယ် လေးပါးသို့ ရောက်အောင် အဆောင်နိုင်ဆုံးတရား, အယူမှန် အမြင်မှန်သော သမ္မာဒိဋ္ဌိကို ကောင်းသောဘဝသို့ ရောက်အောင် အဆောင်နိုင်ဆုံးတရားလို့ ဟောထားတော်မူ တယ်၊ အောက်ပါ အတိုင်း တရားတော်ကို ကလေးများ ဖတ်ကြစမ်း။
(အဖတ်လွဲလျှင် ဆရာကထောက်ပေး၊)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ