တပည့်ဝတ်ငါးပါးအဓိပ္ပာယ်။
ဆရာ။ ။ဆွမ်းတော် ရေတော် ပန်းတော် မီးတော်
ကပ်လှူရတဲ့ အကျိုးကြောင့် လူ နတ် စည်းစိမ်ကို အကြိမ်ကြိမ် ခံစားပြီး ရဟန္တာဖြစ်၍
နိဗ္ဗာန်ရသွားတယ်ဆိုတာ ကလေးများ ကြားကြပြီး မဟုတ်လား။
တပည့်များ။ ။ကြားပါတယ် ဆရာ။
ဆရာ။ ။အဲဒီဟာ ဆွမ်းလှူရုံ တစ်ခုထဲလို့ ထင်ရပေမယ့်
နောက်နောက်ဘဝမှာ နောက်ထပ် ကုသိုလ်တွေက အများကြီး ဆက်သေးတယ်ကွဲ့၊ ဆွမ်းလှူလို့
ပထမကောင်းတဲ့ဘဝရောက်ရော၊ အဲဒီ ဘဝမှာ အမေကောင်း အဖေကောင်း ဆရာကောင်း တွေနဲ့
တွေ့ရလို့ သူတို့က လိမ္မာအောင် ပြောဆိုပေးတယ်၊ ဒီတော့ ကလေးတွေက လိမ္မာပြီး ကောင်းတဲ့
အမှုတွေကိုသာ ပြုကြရော၊ အဲဒီလို မိဘကောင်း ဆရာကောင်းနဲ့တွေ့တဲ သူတွေဟာ ကုသိုလ်တွေ
နောက်ထပ် ရပြန်တယ်၊ ဒီိလို ကုသိုလ်တွေက များတော့ အပါယ်လေးပါးမှာ မဖြစ်ရတော့ဘဲ လူ
နတ် စည်းစိမ်ကို အကြိမ်ကြိမ် ခံစားပြီး နိဗ္ဗာန်ရတယ်၊ လိမ္မာဆိုတာလဲ တပည့်ဝတ်ကျေရင်
တပည့်လိမ္မာပဲ၊ သားသမီးဝတ်ကျေရင် သားလိမ္မာ သမီးလိမ္မာဖြစ်တယ်။
အဲဒီ
ဝတ်တရားတွေကို ဆရာ ရှင်းပြမယ်၊ ကလေးများရတဲ့ စာကလေးကိုရွတ်ကြစမ်း။
တပည့်များ။ ။"ဆည်းကပ်ချဉ်းခ" စသော လင်္ကာကို
သံပြိုင် ညီညီရွတ်စေ။
ဆရာ။ ။"ဆည်းကပ်ချဉ်းခ" ဆိုတာ
ဆရာ့အနားသို့ မကြာခဏသွားပြီး ပြောစရာရှိရင် ပြောရအောင် ဆည်းကပ်ရ ချဉ်းကပ်ရမယ်လို့
ဆိုတယ်။
ဆုံးမနာယူ။ ။အဝေးက ဆရာလာတာကို မြင်ရင် နေရာမှထပြီး
ဆီးကြိုရမယ်၊ လက်ထဲမှာ တစ်ခုခုပါလာရင် လှမ်းယူရမယ်။
ထံနီးလုပ်ကျွေး။ ။ဆရာ့အထံမှာ ဆရာ့အနီးမှာလုပ်ကိုင်ပေးစရာရှိရင်
ပြုစုလုပ်ကျွေးရမယ်။
သင်တွေးအံရွတ်။ ။စာကို သင်ရမယ်, ရအောင်ရွတ်အံရမယ်၊ ရပြီးရင် ကြံစီ
တွေးတောရမယ်။
ဆရာ။ ။အဲဒီဝတ် ငါးပါးထဲမှာ ကလေးများအမြဲ
ပြုရမှာကတော့ ဆုံးမတာကို လိုက်နာဖို့ ရယ်, ဆရာလာရင် နေရာမှထပေးဖို့ရယ်, စာသင်ဖို့ရယ်
အဲဒီသုံးပါးဘဲ၊ အဲဒီ သုံးပါးကို အမြဲ ပြုကြရင် တပည့်လိမ္မာတွေ ဖြစ်မှာပဲ၊
မှတ်မိကြပလား၊ အရေးကြီးတဲ့ သုံးပါးဟာ ဘာများလဲ။
တပည့်များ။ ။ရေတွက်ပြစေ။
သားသမီးဝတ်
ငါးပါးအဓိပ္ပာယ်။
ဆရာ။ ။ကိုင်း ကိုင်း, သားလိမ္မာ သမီးလိမ္မာ ဖြစ်ဖို့
ဝတ်ငါးပါးကို ဆရာပြောဦးမယ်၊ ကလေးများရတဲ့ လင်္ကာကလေးကို ရွတ်ကြပါဦး။
ကလေးများ။ ။"ကျွေးမွေး မပျက်"စသည်ကို
သံပြိုင် ညီညီရွတ်စေ။
ဆရာ။ ။"ကျွေးမွေး မပျက်" ဆိုတာ ငယ်ငယ်တုန်းက
မိမိကို မိဘတို့က ကြီးပွားအောင် ကျွေးခဲ့ မွေးခဲ့ကြသလို "မိဘတို့ အိုတဲ့အခါ
မိမိတို့ကလဲ မိဘတို့ကို ပြန်၍ မပျက်မကွက် ကျွေးရ ပြုစုရမယ်" လို့ဆိုတယ်။
ဆောင်ရွက်စီမံ။ ။မိဘတို့ လုပ်ရမယ့် အလုပ်ကိစ္စကို မိမိတို့က
ကူညီပြီးဆောင်ရွက်ပြုလုပ် ပေးရမယ်၊ စီမံစရာရှိရင်လဲ စီမံပေးရမယ်၊
မွေခံထိုက်စေ။ ။မိဘတို့ဟာ ပြောဆို ဆုံးမတဲ့ စကားကို
နားမထောင်တဲ့သားဆိုး သမီးဆိုး များအား အမွေ မပေးချင်ကြဘူး၊ ပေးလဲ သုံးဖြုန်းပြီး
ကုန်ရစ်မှာဘဲ၊ သားလိမ္မာ သမီး လိမ္မာတို့ကိုသာ ပေးခဲ့ချင်တယ်၊ ဒါကြောင့် အမွေကို
ခံယူထိုက်တဲ့ သားသမီးဖြစ်အောင် လိမ္မာရမယ်လို့ဆိုတယ်၊
လှူမျှဝေ၍။ ။မိဘများ သေသွားတဲ့အခါ ဆွမ်းတို့
သင်္ကန်းတို့ ဖိနပ်တို့ ထီးတို့ တတ်နိုင် သမျှ လှူပြီးတော့ "အမေရေ
ကုသိုလ်အဖို့ကို အမျှဝေပါတယ်, အဖေရေ ကုသိုလ်အဖို့ကို အမျှ ဝေပါတယ်" လို့
ဆိုပြီး အမျှဝေရတယ်။
စောင့်လေမျိုးနွယ်။ ။မိဘများရဲ့
လက်ထက်က ရှိနေသော လယ်ယာ ရွှေငွေများကို မဆုတ်ယုတ် စေတာလဲ
အမျိုးအနွယ်စောင့်ရှောက်တာပဲ၊ မိဘများ လှူရိုးလှူစဉ်ကို မဖျက်ဘဲ စွန့်ကြဲ
ပေးကမ်းနေတာလဲ အမျိုးအနွယ်ကို စောင့်တာပဲ၊ အယူမှားသော မိဘများကို အယူမှန် ရောက်အောင်
ကြံဆောင်ပေးတာလဲ အမျိုးအနွယ်ကို စောင့်တာပဲ။
အဲဒီ
ငါးမျိုးထဲမှာ ကလေးများအရွယ် အရေးကြီးတာကတော့ အမွေကို ခံယူ ထိုက်သူ ဖြစ်အောင် လိမ္မာကြဖို့ပဲ၊
"လိမ္မာ" ဆိုတာလဲ မိဘစကားကို နားထောင်ပြီး စာကိုကြိုးစားသင်ရင် သားလိမ္မာ
သမီးလိမ္မာ ဖြစ်တာပဲ၊ ကလေးများ အလိမ္မာဖြစ်အောင် မိဘစကားကို နားထောင်ပြီး စာကို
ကြိုးစားကြနော်။
တပည့်များ။ ။ဟုတ်ကဲ့ ဆရာ။
ဆရာ။ ။ဒီပထမတန်းအတွက် ကလေးများကို
နောက်ဆုံးသိစေချင်တာကတော့ "မိုက်တဲ့ ကလေးများကို မပေါင်းကြနဲ့, လိမ္မာတဲ့ကလေးများကိုသာ
ပေါင်းကြ" ဆိုတဲ့ စကားပဲ။
"မိုက်တယ်, လိမ္မာတယ်" ဆိုတာလဲ သတ်ချင်
ရိုက်ချင်တဲ့သူ, ခိုးချင်တဲ့သူ, လိမ်ပြော ချင်တဲ့သူ, ဆဲတတ်တဲ့သူ ဒီလိုလူတွေဟာ"မိုက်တဲ့လူ-မှောင်တဲ့လူ-မဲ့တဲ့လူ"
လို့ မှတ်ထား၊ သူများကို သနားတတ်တဲ့သူ, ပေးချင်တဲ့သူ, လိမ်မပြောတဲ့သူ, မဆဲတတ်တဲ့သူ
အဲဒီ လူတွေဟာ "လူလိမ္မာ" တွေပဲ၊ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာရဲ့တရားတော်ကို
မှတ်ထားကြ၊