Sunday, June 15, 2014

ဗုဒ္ဓဘာသာလက်စွဲ (၉) **အပါယ်လေးပါး၊ ကပ်သုံးပါး**



အပါယ်လေးပါး အကြောင်း။

တပည့်များ။        ။ ဟုတ်ကဲ့ ဆရာ-အဲဒီ အပါယ်လေးပါးဆိုတာက ဘယ်ဟာပါတုန်း။

ဆရာ။     ။ အေး အေး, အပါယ်လေးပါးကို ပြောရမယ်၊ ဒီအပါယ်လေးပါးဟာ ဩကာသ ဆုတောင်းမှာလဲ ပါတယ်၊ အပါယ်လေးပါးဆိုတာ-ငရဲ, တိရစ္ဆာန်, ပြိတ္တာ၊ အသုရကာယ် ဒီလေးပါးပဲ။

ဆရာ။     ။ “ငရဲ” ဆိုတာ ဘယ်မှာလဲလို့ သိကြလား။

တပည့်များ။        ။ “မသိပါ ဆရာ” [တချို့က “သိပါတယ် ဆရာ” ဟု ဖြေလျှင် ခိုင်း၍ ဟုတ်လျှင် ချီးမွမ်းစကား ပြောမဟုတ်လျှင်လဲ အပြစ်မတင်ဘဲ ပြောပါ။]


ဆရာ။     ။ “ငရဲ”ဆိုတာ ဒီမြေကြီးရဲ့အောက်ပိုင်းရှိတယ်၊ လူ့ပြည်မှာ လူဆိုးတွေကို ဒုက္ခပေးနေသော “ထောင်” ရှိနေသည်၊ ဒီမြေကြီး အောက်ပိုင်းမှာလဲ မကောင်းတာတွေ လုပ်နေသူ များသေရင် ဒုက္ခပေးဖို့ရာငရဲ ထောင်ကြီးတွေ ရှိတယ်။

တပည့်များ။        ။သိ-မသိ နှစ်မျိုး ဖြေလိမ့်မည်။

ဆရာ။     ။ ခြင်္သေ့တွေ, ဆင်တွေ, ကျားတွေ, မြွေတွေ, နွားတွေ, ကျွဲတွေ, မြင်းတွေ, ခွေးတွေ, ကြက်တွေ, ငှက်တွေ, သန်းကလေးတွေ, ကြမ်းပိုး (ဂျပိုး) ကလေးတွေ အဲဒီလို အကောင်တွေကို “တိရစ္ဆာန်” လို့ခေါ်တယ်၊သူတို့လဲ ငရဲ ကျသွားတဲ့ သူများလောက်သာ မဆင်းရဲတာ၊ လူတွေက ရိုက်နှက် ပစ်ခတ် သတ်ဖြတ်တာကို ခံရတယ်၊ လူတွေက ခိုင်းတာကို ခံရတယ်၊ အစာ ဝအောင် မစားရဘူး၊ ဒါ့ကြောင့် တိရစ္ဆာန် ဖြစ်ရတာလဲ ဆင်းရဲတာပဲ၊

ဆရာ။     ။ “ပြိတ္တာ”ဆိုတာ ဘယ်လို ဟာလဲလို့သိကြရဲ့လား။

တပည့်များ။        ။ သိ-မသိ နှစ်မျိုး ဖြေလိမ့်မယ်။

ဆရာ။     ။ ရိုးရိုးမျက်စိနဲ့ မမြင်ရတဲ့ တစ္ဆေသူရဲ(သားဘက်) တောတောင် အရပ်များ၌ အစာ မစားရ, ရေမသောက်ရဘဲ မီးလောင်ခံနေရ, အရိုက် အနှက်ခံနေရတဲ့အကောင်တွေ ရှိသေးတယ်၊ အဲဒီ အကောင်တွေကို “ပြိတ္တာ” လို့ ခေါ်တယ်၊ [တစ်ခါတစ်ခါသူတို့က ပြရင်လဲ မြင်ရတယ်၊ တန်ခိုး ကြီးတဲ့ သူများလဲ မြင်ရတယ်၊]

ဆရာ။     ။ “အသုရကာယ်” ဆိုတာက ဘယ်မှာလဲလို့ သိကြရဲ့လား။

တပည့်များ။        ။ “မသိပါ ဆရာ”။

ဆရာ။     ။ “အသုရကာယ်” ဆိုတာ ပြိတ္တာထက်ပိုပြီး ဒုက္ခခံနေရတဲ့ အကောင်ကြီးတွေဘဲ ရှေးတုန်းက အသုရာကြီးတစ်ကောင်ဟာ ရေငတ်လွန်းလို့ ဂင်္ဂါမြစ်ထဲ ဆင်းပြေးသော်လည်း ရေမတွေ့ရဘဲ မီးအခိုးတွေ ထနေတာကိုသာ တွေ့ရသတဲ့၊ တစ်ညဥ့်လုံး ရေရှားယင်း မိုးလင်းတော့ ဆွမ်းခံ​ကြွလာတဲ့ ရဟန်းသုံးကျိပ်က တွေ့လို့ပက်လက် အအိပ်ခိုင်းပြီး ပါးစပ်ထဲ ရေလောင်းပေးကြတယ်၊ ရဟန်းတော်သုံးကျိပ် တစ်မနက်လုံး လောင်းတာတောင် ရေတစ်ပေါက်မှ ဝမ်းထဲ မဝင်ဘူတဲ့၊ ဒါလောက်ပဲ ဆင်းရဲကြ ရှာတယ်။
 
(သမ္မေဟဝိနောဒနီ-ခန္ဓဝိဘင်္ဂ အဋ္ဌကထာ)

ကပ်သုံးပါးအကြောင်း။

တပည့်များ။        ။ “ကပ်သုံးပါး” ဆိုတာက ဘယ်ဟာပါလဲ ဆရာ။

ဆရာ။     ။ ကပ်သုံးပါးဆိုတာ (၁) သတ္ထန္တရကပ်, (၂) ရောဂန္တရကပ်, (၃) ဒုဗ္ဘိက္ခန္တရကပ်ဒီ သုံးပါးကို ခေါ်တယ်။

သတ္ထန္တရကပ်။      ။ ဓားလှံ သေနတ် ဗုံးစသောလက်နက်ကြောင့် သေချိန်မကျဘဲ သေရ ခြင်းသည် သတ္ထန္တရကပ် မည်၏၊ စစ်ကြီးဖြစ်သည်အခါ သတ္ထန္တရကပ် တိုက်၍ သေရသူတွေ များ၏၊

ရောဂန္တရကပ်။     ။ အနာရောဂါဖြစ်၍ သေချိန်မကျဘဲ သေရခြင်းသည် ရောဂန္တရကပ်မည်၏၊ ပလိပ် ရောဂါ ကာလဝမ်းရောဂါကျောက်ရေဂါ စသည်ဖြင့် သေရသူမျိုးတည်း။

ဒုဗ္ဘိက္ခန္တရကပ်။     ။ အစာငတ်၍ သေချိန် မကျဘဲသေရခြင်းသည် ဒုဗ္ဘိက္ခန္တရကပ် မည်၏၊ [သတ္တ=လက်နက်၊ ရောဂ+ရောဂါ၊ ဒုဗ္ဘိက္ခ=အစာရှားပါးခြင်း+အန္တရ=သေချိန်မရောက်မီ အကြား ၌+ကပ္ပ=ပျက်စီးရခြင်း၊] ထိုကပ်သုံးမျိုးတွင် တစ်မျိုးမျိုးနှင့်တိုက်ဆိုင်နေသည်ကို “ကပ်တိုက်သည်” ဟု ခေါ်သည်၊ [ရပ်ပြစ်ရှစ်ပါး စသည်ကို အထက်တန်းကျမှ ပြောဦးမယ်။]
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ