တရားဟောတော်မူပုံ
ဘုရားဖြစ်တော်မူပြီးနောက် အေးအေးသာသာ
နေတော်မမူဘဲ လူတွေ နတ်တွေ ဗြဟ္မာတွေကို ချမ်းသာအောင် လူကောင်း နတ်ကောင်း
ဗြဟ္မာကောင်းဖြစ်အောင် နေ့စဉ် တရားဟောတော်မူတယ်၊ ညဆိုရင် ခဏကလေးသာ အိပ်တော်မူတယ်၊
လူတော်ကို တရားဟောတဲ့အခါမှာလဲ တပည့်တို့လို ကလေးများနဲ့တွေ့ရင် ကလေးနဲ့တန်အောင်ပဲ
ဟောတော် မူတယ်၊ အောက်ပါတရားကို နားထောင်ကြစမ်း ဆရာဖတ်ပြမယ်၊ အခါတစ်ပါး၌ မြတ်စွာ ဘုရားသည်
ဇေတဝန်ကျောင်းတိုက်တော်မှ ထွက်၍သာဝတ္ထိမြို့သို့ ဆွမ်းခံကြွတော်မူလေရာ, လမ်းခရီးအကြား၌
များစွာသော သတို့သားကလေးတို့ မြွေကြီးတစ်ကောင် ရိုက်နေကြသည်ကို မြင်တော်မူရလေသည်၊ ထိုအခါ ကလေးများ၏
အနားသို့ကြွတော်မူ၍
"ဘာပြုလို့ ရိုက်နေကြသလဲ" ဟုမေးတော်မူလေသည်၊ "ကိုက်မှာစိုးလို့
ရိုက်ကြပါတယ်"ဟု ကလေးများက လျှောက်ကြလေရာ, မြတ်စွာဘုရားက အောက်ပါ တရားတော်ကို
ဟောတော်မူသည်။
"သတ္တဝါ
ဟူသမျှတို့သည် ချမ်းသာသုခကို အလိုရှိကြ၏၊ မိမိတစ်ယောက်ကောင်း ကိုရှာ လိုသည်ဖြစ်၍
သူတစ်ပါးကို တုတ်ဖြင့် ရိုက်နှက် ညှင်းဆဲ ဆင်းရဲအောင် လုပ်သူသည် နောင်ဘဝ၌
ချမ်းသာသုခကို မရနိုင်၊ "
------
သုခကာမာနိ
ဘူတာနိ, ယော ဒဏ္ဍေန ဝိဟိံသတိ၊ အတ္တနော သုခမေသာနော, ပစ္စ သောန လဘတေ သုခံ။ သုခကာမာနိ ဘူတာနိ, ယော ဒဏ္ဍေန
နဟိံသတိ၊
အတ္တနော
သုခမေသာနော, ပစ္စသောလဘတေသုခံ။ (ဓမ္မပဒ, ဒဏ္ဍဝဂ္ဂ, သမ္ပဟုလ ကုမာရကဝတ္ထု။)
"သတ္တဝါ
ဟူသမျှတို့သည် ချမ်းသာသုခကို အလိုရှိကြ၏၊ မိမိတစ်ယောက်ကောင်းကို ရှာလိုသည်ဖြစ်၍
သူတစ်ပါးကို တုတ်ဖြင့် မရိုက်နှက် မညှင်းဆဲ ဆင်းရဲအောင် မလုပ်သူသာ နောင်ဘဝ၌
ချမ်းသာသုခကို ရနိုင်သည်။"
ဒီလို
တရားတော်ကို ဟောလိုက်လျှင် နဂိုက မိကောင်းဖခင်သားကလေးများဖြစ်ကြသော ကလေးတွေဟာ
တစ်သက်လုံးသူများ မညှင်းဆဲကြတော့ဘဲ သောတာပန်ဆိုတဲ့ အဆင့်အတန်းသို့
ရောက်သွားကြသတဲ့၊ "နမော တဿ ဘဂဝတော" လို့ ရှိခိုးကန်တော့ရတဲ့ ဘုရားရှင်ဟာ
ရှင်ဘုရင် ဘဝက ရဟန်းပြုလာပြီး သတ္တဝါတွေ ချမ်းသာအောင် တရားဟောတော်မူတဲ့ ဘုရား ဖြစ်တယ်၊
ဒါကြောင့် "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" လို့ ရွတ်ပြီး အားရပါးရ
ရှိခိုးကြပါ၊ [ဤနေရာ၌ ကြေကြေမရသေးလျှင် ဆရာက ကြေအောင် အနက်တိုင်း ပေးပါ၊]
ပြန်လှန်မေးမြန်းခြင်း
ဆရာ။ ။ဗုဒ္ဓမြတ်စွာ ဟောတော်မူတဲ့ ဒီတရားတော်ကို
ကလေးများ ဘယ်လို နားလည်ကြ သလဲ၊ မြွေကြီးဟာ ချမ်းချမ်းသာသာ မနေချင်ပေဘူးလား။
တပည့်များ။ ။နေချင်မှာပဲ။
ဆရာ။ ။ ကလေးများက မိမိတို့ကို ကိုက်မှာစိုးလို့
ရိုက်တယ်ဆိုတော့ ကိုယ်ချမ်းသာချင်လို့ မြွေကြီးကို ဆင်းရဲအောင် ညှဉ်းဆဲတာပဲမဟုတ်လား။
တပည့်များ။ ။ ဟုတ်ပါတယ်။
ဆရာ။ ။ ဒီလို သူ့ကိုဆင်းရဲအောင် ညှဉ်းဆဲရင် ဒီလို
ညှဉ်းဆဲသူ ပေါ်လာမယ်မဟုတ်လား။
တပည့်များ။ ။ဟုတ်ပါတယ်။
ဆရာ။ ။အေး အေး, ဒါ့ကြောင့် မြွေကစပြီး ဘယ်သူမှ
ဆင်းရဲအောင် မညှဉ်းဆဲကြနဲ့၊ ငှက်ကလေးတွေကိုလဲ လောက်လေးနဲ့ သားရေပတ်နဲ့ မပစ်ကြနဲ့၊
တကယ်လို့ မြွေတွေ့ရင် လူကြီးများကိုပြော၊ လူကြီးများက ဖမ်းပြီး လူနဲ့ဝေးအောင်
လွှတ်ပစ်လိမ့်မယ်နော်။
တပည့်များ။ ။ဟုတ်ကဲ့ဆရာ။
ရန်ပြေတရားတော်
ကလေးများ......ကလေးများက
လက်အုပ်ချီမိုး ရှိခိုးကန်တော့ရတဲ့ ဂေါတမမြတ်စွာဘုရားဟာ ကလေးချင်း လူကြီးချင်း
ရန်မဖြစ်အောင် ရန်ပြေတရားတော်ကိုလဲ ဟောတော်မူတယ်၊ တရားတော်က ဒီလိုတဲ့-
"ဤလောက၌ရန်တို့မည်သည်
အတုံ့ပြန်၍ ရန်လုပ်ခြင်းဖြင့် ဘယ်ကာလမှမငြိမ်းအေး
နိုင်ကြလေကုန်၊ ရန်တုံ့မပြန် သည်းညည်းခံငြား မေတ္တာပွားခြင်းဖြင့်သာ
ငြိမ်းအေးနိုင်ကြကုန်၏၊ ဤသို့ သည်းညည်းခံငြား မေတ္တာပွားမှ ရန်စပြတ်ကင်း
ငြိမ်းအေးနိုင်ခြင်း သည် ရှေးရိုးစဉ်လာ ထုံးဟောင်းဓမ္မတာ ဖြစ်သည်"။
---------
နဟိ
ဝေရေန ဝေရာနိ, သမ္မန္တိဓ ကုဒါစနံ၊
အဝေရေနစ
သမ္မန္တိ, ဧသ ဓမ္မော သနန္တနော။ (ဓမ္မပဒ, ယမကဝဂ္ဂ, ကာဠယက္ခိနီဝတ္ထု။)
ကိုင်း....ဘုရားက
တစ်ယောက်နှင့် တစ်ယောက် ရန်မဖြစ်အောင် ဟောတော်မူထားတယ်၊ ကလေးများ ဘယ်တော့မှ
ရန်မဖြစ်ကြနဲ့၊ ဘုရားစကား နားထောင်ကြနော်၊ မတော်လို့ ရန်ဖြစ် မိရင်လဲ
သည်းညည်းခံကြ၊ ငါတို့မှားတယ်လို့ နားလည်ပြီး တစ်ယောက်နှင့်တစ်ယောက် လက်ဆွဲနှုတ်
ဆက်ကြ၊ ရှိနေတဲ့ရန်စကို လက်စားချေတာဟာ ရန်တုံ့ပြန်တယ်လို့ ခေါ်တယ်၊ ဒီလို
ရန်တုံ့ပြန်နေရင် ဒီရန်ဟာ ဘယ်တော့မှ မပြီးနိုင်ဘူး၊ လက်စားမချေဘဲ သည်းခံလိုက်မှ
တစ်ယောက်နှင့် တစ်ယောက်ချစ်ခင်အောင် မေတ္တာထားလိုက်မှ ရန်စပြေနိုင်တယ်၊ ဒီဃာဝု မင်းသား
ဝတ္ထုကို ဆရာဖတ်ပြမယ်, နားထောင်ကြနော်။