Saturday, June 7, 2014

အနာဂတ်သာသနာရေး အပိုင်း(၆၆) ပဋိစ္စသမုပ္ပာဒ်တရားတော်



ပဋိစ္စသမုပ္ပာဒ်တရားတော်
[အကြောင်းရှိ၍ အကျိုးဖြစ်ပုံကို ပြသော တရားတော်]

အတ္တ၀ါဒ စခဲ့ပုံ ကမ္ဘာလောက၌ များစွာသောသတ္တ၀ါတို့သည် မိရိုးဖလာ ထုံးစံအတိုင်း လိုက်နာကျင့်ကြံကာ နက်နက်နဲနဲ စဉ်းစားလေ့ မရှိကြသော်လည်း အချို့သူတို့ကား မိရိုးဖလာမျှဖြင့် အားမရနိုင်သေးဘဲ လေးလေးနက်နက် တွေးတော ကြံစည်လေ့ရှိကြသည်၊ “ဤလူသတ္တ၀ါတွေ ဘယ်က စ၍ ဖြစ်လာသနည်း” “မျက်မြင်လူတွေကို မိဘတို့ကြောင့် ဖြစ်လာကြသည်”ဟု ဆိုလျှင် ထိုမိဘတို့၏ မိဘအစဉ်အဆက်တွေ မရေမတွက်နိုင်အောင် များသည်ပင် ဆိုစေဦးတော့၊ အစ ပထမ မိဘဖြစ်သူသည် ဘယ်လို ဖြစ်လာသနည်း၊ “လူသတ္တ၀ါတွေသာမက တိရစ္ဆာန် စသော အခြား သတ္တ၀ါတွေ ဘယ်လို စ၍ ဖြစ်နေကြသနည်း” ဤသို့ စသည်ဖြင့် တွေးတော ကြံစည်သောအခါ…

          “ဤကမ္ဘာလောကကြီးနှင့်တကွ သက်ရှိသတ္တ၀ါ သက်မဲ့အရာ ၀တ္ထုတွေကို ဗြဟ္မာမင်းကြီးက ဖန်ဆင်းလိုက်သည်၊ သက်ရှိသတ္တ၀ါ တို့၏ ကိုယ်တွင်း၌ ဗြဟ္မာမင်း၏ အစိတ်အပိုင်းဖြစ်သော အတ္တ (ဇီဝ) ကလေး ပါရှိ၏၊ ဖန်ဆင်းသူ ဗြဟ္မာမင်းကား ဘယ်တော့မှ မပျက်စီး နိုင်ဘဲ မြဲ၏၊ ၀ါ-ထာဝရ တည်ရှိနေသော ဘုရားတည်း၊ ဗြဟ္မာမင်း ဖန်ဆင်းထားသော သတ္တ၀ါတို့ကား မမြဲကြ၊ တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းသွားကြရ၏၊ သို့ရာတွင် ထိုသတ္တ၀ါတို့၏ ကိုယ်တွင်း၌ရှိသော အတ္တကား ဗြဟ္မာမင်း၏ အစိတ်အပိုင်း ဖြစ်သောကြောင့် မပျက်နိုင်” ဤသို့ စသည်ဖြင့် ဗြဟ္မာမင်းကို “ပရမအတ္တ=ပရမီသွာ”ဟု ခေါ်ဝေါ် ကြ၍ သတ္တ၀ါတို့၏ အသက်ကို ဇီဝအတ္တဟု ခေါ်ဝေါ်ကာ အလွန် စွဲမြဲသော အတ္တအယူဝါဒကြီးသည် သူတို့စိတ်မှာ ထင်မြင်လာလေ သည်။ [ပရမ-အလွန် + ဤသွရ-အစိုးရသူ၊ ၀ါ-ပရမီသွာ။]


          တချို့ကလည်း သတ္တ၀ါတို့၏ အစသည် “ပကတိ”ခေါ် ပရမာ ဏုမြူက စ၍ ဖြစ်သည်၊ ခွဲ၍ မရနိုင်သော အသေးဆုံး မြူမှုန်ကို “ပရမာဏုမြူ”ဟု ခေါ်၏၊ ထိုမြူမှုန်ကလေးတွေ နှစ်ခုပေါင်း လေးခု ပေါင်း ရှစ်ခုပေါင်း စသည်ဖြင့် ပေါင်းစပ်မိရာမှ အကောင်အထည် အမျိုးမျိုး ပြောင်းကာ သတ္တ၀ါအမျိုးမျိုး ဖြစ်ရသည်၊ သတ္တ၀ါအမျိုးမျိုး ဖြစ်ဖို့အရေး၌ မည်သူမျှ ဖန်ဆင်းရသည် မဟုတ်၊ အဏုမြူတွေ ပေါင်းချင်သလို ပေါင်းမိကာ သတ္တ၀ါအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး များချင်တိုင်း များလာပေသည်၊ “သတ္တ၀ါတွေ၏ အရင်းအစမှာ ပရမာဏုမြူပင်တည်း”ဟု တွေးတော ကြံဆကြ၏၊

ဤ၀ါဒ၌ ဖန်ဆင်းသူလည်း မရှိ၊ သတ္တ၀ါတို့၏ ကိုယ်တွင်းဝယ် မပျက်စီးနိုင်ဟု ယူဆအပ်သော အဏုမြူကလေးကိုကား “အတ္တ”ဟု တချို့က ယူဆလိုကြပေလိမ့်မည်။ [ယခုကာလ၌ “လူ၏ အစသည် ရေမှုန် ရေမွှားက”ဟု ယူကြသေး၏၊ ထိုအယူကား ဤအဏုမြူဝါဒနှင့် သဘောခပ်ဆင်ဆင်ပင် ဖြစ်သည်။]

အတ္တဖျက်တရား        

ဤသို့ အမျိုးမျိုး ကြံစည်တွေးတောကြသော်လည်း နောက်ထပ်ကြံစည်သူတို့က အားရ နှစ်သက်လက်ခံနိုင်လောက်သောဝါဒ မဟုတ်ကြသဖြင့် နောက်ထပ် စဉ်းစားသူတို့မှာ မရေမရာ ဇဝေဇ၀ါ ဖြစ်လျက် တိုးတက်၍လည်း မကြံနိုင်တော့ရကား ချီတုံချတုံ ယုံမှားသံသယကြီးတွေနှင့်သာ အချိန် ကုန်ရတော့၏၊ ဗုဒ္ဓရှင်တော်မြတ်သည် “အမေမှာ မှာတဲ့အတိုင်း” ဆိုသလို မိရိုးဖလာလိုက်သောပုဂ္ဂိုလ် မဟုတ်ရကား ထီးနန်းကို စွန့်ခွာ၍ ရဟန်းပြုကာ ကောင်းနိုးရာရာ ဆရာ့အထံ ချဉ်းကပ်၍ ထူးမြတ်သော တရားတော်ကို နည်းယူပါသော်လည်း မရခဲ့ဘဲ ကိုယ်တော်တိုင် မဇ္ဈိမပဋိပဒါ (မဂ္ဂင်ရှစ်ပါး)ကို ကြိုးစားရှာဖွေတော် မူခါမှ ဤအကြောင်းအကျိုး ဆက်သွယ်သော ပဋိစ္စသမုပ္ပာဒ်နည်းကို သိတော်မူ၍ အတ္တစွဲလမ်းချက်နှင့်တကွ ယုံမှားသံသယဟူသမျှ အလိုလို ကင်းရှင်းသွားပေသည်၊ ထိုအခါ အလွန် ရွှင်ပျ နှစ်သက် တော်မူရကား “ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ”” စသော ဂါထာကို ကျူးရင့်တော်မူပါသည်၊

ဂါထာ၏ မြန်မာပြန်ကား…

          “အကြင်အခါ၌ ကိလေသာတစ်သိုက်ကို မီးဖြင့်တိုက်သကဲ့သို့ လောင်မြိုက်ဖို့ရန် အပြင်းအထန် ကြိုးစားသဖြင့် ဈာန်ဝင်စားနိုင်သော ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌ သစ္စာလေးပါး တရားတို့သည် ထင်ရှားပေါ်လာကုန်၏၊ ထိုအခါ ယုံမှားသံသယအားလုံး ကင်းသွားလေပြီ၊ ဘာ့ကြောင့်နည်း၊ ပဋိစ္စသမုပ္ပာဒ် (ကြောင်းကျိုးဆက်စပ်ပုံ)ကို အစုံအလင် သိမြင်နိုင်ခြင်း ကြောင့်တည်း။”
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ