ဓမ္မဂုတ်။ ။ တထောင့်နှစ်ရာ နှစ်ဆယ့်ငါးခုနှစ်က
ဆိုတော့ အထက်နိုင်ငံမှာ မြန်မာရှင်ဘုရင် ရှိသေးတာပေါ့နော်, ဒီတော့ အဲဒီစီမံကိန်းဟာ
အောက်နိုင်ငံအတွက်ပေါ့။
တပည့်တော်။ ။ မှန်ပါတယ်, အောက်နိုင်ငံအတွက်ဖြစ်ပါတယ်၊
အဲဒီစီမံကိန်းကြောင့် အောက်နိုင်ငံမှာ ၁၂၂၉
(တထောင့်နှစ်ရာနှစ်ဆယ့်ကိုး)ခုနှစ်မှာအစိုးရ အသိအမှတ်ပြုအပ်သော
ဘုန်းတော်ကြီးစာသင်ကျောင်းပေါင်း ၃၁ ကျောင်းရှိ၍, တထောင့်နှစ်ရာ
လေးဆယ့်ရှစ်ခုနှစ်၌ ၃၉၇၅ (သုံးထောင်ကိုးရာ ခုနစ်ဆယ့်ငါး)ကျောင်းအထိ ရှိခဲ့ပါသတဲ့။
ဓမ္မဂုတ်။ ။အထက်နိုင်ငံမှာတော့ကော။
တပည့်တော်။ ။ အထက်နိုင်ငံကို သိမ်းပြီးတဲ့အခါ ထိုအတိုင်းပင်
စီစဉ်သောကြောင့် ကောဇာသကရာဇ် ၁၂၅၈(တထောင့်နှစ်ရာငါးဆယ့်ရှစ်)ခုနှစ်မှာ အစိုးရ
အသိအမှတ်ပြုအပ်သော ဘုန်းတော်ကြီးစာသင်ကျောင်းပေါင်း ၂၈၉၈ (နှစ်ထောင့်ရှစ်ရာကိုးဆယ့်ရှစ်)
ကျောင်းရှိပါသတဲ့။
ဓမ္မဂုတ်။ ။ဒီလိုဆိုရင် အထက် အောက်၂ရပ် ပေါင်းတော့
၆၈၇၃ (ခြောက်ထောင်ရှစ်ရာခုနစ်ဆယ့်သုံး)ကျောင်းရှိတာ့ပေါ့နော်၊ ဒီကျောင်းတွေက
သတ်ပုံမှန်မှန်နှင့် ဂဏန်းသင်္ချာရော,ဘာသာရေး ယဉ်ကျေးမှုရောသင်ပေးတယ်ဆိုတော့
တော်တော်အားရစရာရှိပါတယ်။
တပည့်တော်။ ။ဒါပေမဲ့-ဘုန်းတော်ကြီးများ၏ ကလေးများ
စာသင်ပေးတဲ့ကျောင်းက နောက်ပိုင်းမှာ တိုးမလာဘူးဘုရား၊ တဖြေးဖြေး ရော့သွားပြီး
ကောဇာသကရာဇ် ၁၂၇၈ (တထောင့်နှစ်ရာခုနစ်ဆယ့်ရှစ်)ခုနှစ်ကျတော့ အထက် အောက် ၂
ရပ်ပေါင်းမှ အစိုးရ အသိအမှတ်ပြု အပ်သောကျောင်းပေါင်း ၃ဝ၉၂
(သုံးထောင့်ကိုးဆယ့်နှစ်) ကျောင်းသာ ရှိပါတော့သတဲ့။
ဓမ္မဂုတ်။ ။ဟာ-တဝက်သာသာကြီးကို ရော့သွားတာဘဲနော်။
တပည့်တော်။ ။မှန်ပါတယ်,ဘုန်းတော်ကြီးစာသင်ကျောင်းများ
ရော့သွားတော့ လူဆရာသင်ပြတဲ့ စာသင်ကျောင်းတွေ တုန်းကနဲထလာတာပါဘဲ,
၁၂၇၈(တထောင့်နှစ်ရာခုနစ်ဆယ့်ရှစ်) ခုမှာ လူဆရာတို့၏ စာသင်ကျောင်းပေါင်း
၃၆၇ဝ(သုံးထောင်ခြောက်ရာခုနစ်ဆယ်) အထိ ရှိလာပါသတဲ့။
ဓမ္မဂုတ်။ ။ဘုန်းတော်ကြီးများဆိုတာ ဆွမ်းဒကာ,
ဆွမ်းအမများရဲ့သားကလေးတွေကို ပညာသင်ပေးရိုးထုံးစံဖြစ်ရက်သားနဲ့ အစိုးရက တမင်္ဂလာ အသိအမှတ်ပြုတဲ့အခါကျမှ
ဘာပြုလို့ မသင်ကြဘဲ ကျောင်းအရေအတွက်လျော့သွားရတာလဲ။
တပည့်တော်။ ။ကိုယ့်ဘာသာကိုယ် ခေတ်နဲ့လျော်စွာ
တတ်အောင်သင်ပေးဘို့သာ ဘုန်းတော်ကြီးများရဲ့ မူရင်းတာဝန်ဖြစ်ပါတယ်၊ ယခုတော့ အစိုးရ
အထောက်အပံ့ကိုယူပြီး သင်ကြတာဖြစ်တော့ မူရင်းပျောက်ပြီးပေးရိုး ထုံးစံဆိုတာ
အထောက်အပံ့မခံဘဲ ဆရာသမားပီပီ လိမ္မာစေလို့,တတ်စေလိုတဲ့ ဆန္ဒကို ပဓာနထားခဲ့တဲ့
သင်ပေးခြင်းမျိုးပါ၊ ဒီလို သင်ပေးခြင်းမျိုးကတော့ အရှင်အရဟံတို့လက်ထက်စပြီး
တပည့်တော်တို့လက်ထက်တိုင်အောင်ပါဘဲ၊
ဓမ္မဂုတ်။ ။မှန်ပေတယ်ကိုယ်တော်....အဲဒီတုန်းက
ဘုန်းတော်ကြီးကျောင်းထွက်တွေဟာ စာရိတ္တလဲ ကောင်းကြတယ်, ပညာလဲတတ်ကြတယ်, ဒီတော့ နေရာတိုင်းမှာ
လူရာဝင်ကြတာပေါ့။
တပည့်တော်။ ။မှန်ပါတယ်ဘုရား..ရှင်ဘုရင်နှင့် မှုးကြီးမတ်ရာ
သေနာပတိများသည်ပင် ဘုန်းတော်ကြီးကျောင်းသားများဖြစ်ခဲ့ကြပါတယ်၊ သို့သောခေတ်အလိုက်
တိုးတက်လာသော ဝိဇ္ဇာဆိုင်ရာ အတက်ပညာများကိုတော့ ဆရာဘုန်းတော်ကြီးများ
တတ်ပြီးသားဖြစ်မှ ဆရာဖြစ်ထိုက်ပါတယ်။
ဓမ္မဂုတ်။ ။ဟုတ်တယ် ကိုယ်တော်.....ဆရာဆိုတာ
ဆရာဖြစ်နိုင်သော အရည်အချင်းရှိမှ, အရည်အချင်းမရှိဘဲ ဆရာလုပ်ယင်တော့
တပည့်တွေအောက်ကျကုန်မှာဘဲ။
တပည့်တော်။ ။အောက်ကျရုံတွင်မကပါဘူး,သူတို့က ဆရာကို
အထင်သေးကြမှာပါ, အထင်သေးတော့ ဩဝါဒပေးသမျှကိုလဲ ဘယ်မှာ လိုက်နာကြတော့မှာလဲ၊ ဒီတော့
ဆရာလုပ်မယ့်ဘုန်းတော်ကြီးများက ကလေးတွေကို ခေတ်အလိုက် သင်မပေးနိုင်မှုကြောင့်
အများစုမှာ စာရိတ္တပျက်တဲ့အပြင် ပညာဘက်မှာလဲ တောရွာက ကလေးများ အောက်ကျရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ခေတ်က သိပ္ပံဘက်မှာရော ဝိဇ္ဇာဘက်မှာရော
တိုးတတ်လာတော့ တပည့်တော်တို့ ဘုန်းတော်ကြီးများနှင့် ကြာလေဝေးလေ
နေတော့မှာဘဲထင်တယ်။
တပည့်တော်။ ။မကြိုးစားယင်တော့ ကြာလေ ဝေးလေနေမှာက
သေချာပါတယ်၊ ကြိုးစားရင်လဲ ကြာလေနီးလေ ဖြစ်နိုင်တာလဲ သေချာပါတယ်၊ ခေတ်ပညာဆိုတာ
သိပ္ပံဘက်က တဆင့်ထက်တဆင့် တိုးတက်တာပါ၊ ဝိဇ္ဇာဆိုတဲ့ ပညာကတော့ နဲနဲပါးပါးသာ
ထူးနိုင်မှာပါ၊ တပည့်တော်တို့က ကလေးတွေကို သင်ပေးနိုင်ဘို့ဆိုတာ
ဝိဇ္ဇာအခြေခံလောက်သာ ဖြစ်ပါတယ်၊ ထိုအခြေခံလောက်ဟာ ယခုခေတ်
အောက်တန်း,အလယ်တန်းလောက်ဖြစ်ပါတယ်၊ ထိုမျှလောက် ပညာကို ကျန်းမာရေးပါရောပြီး
စာရိတ္တကောင်းအောင် သင်ပေးနိုင်လျှင် ကျေးရွာ ဘုန်းတော်ကြီးများအတွက်တာဝန်ကြေပါပြီ၊
ထိုကျေးရွာကလေးများလဲ အများစုက လယ်ယာကိုင်းကျွန်းနှင့် အသက်မွေးရမှာဖြစ်တော့
တဘဝအတွက် သာယာသော လမ်းစခန်းကို ဖြောင့်တန်းစွာ သွားနိုင်ကြပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ဒီတော့ ကျောင်းထိုင်ဘုန်းတော်ကြီး
လုပ်ရမဲ့ စာသင်သားတွေအတွက် ပိဋကပညာအပြင်, အဲဒီ အခြေခံပညာလဲ လိုမှာပေါ့နော်။
တပည့်တော်။ ။လိုတာပေါ့ဘုရား,ဒုတိယကမ္ဘာစစ်မဖြစ်ခင်က
ရဟန်းတော်များ၏ စာမေးပွဲပြုပြင်ရေးအတွက် ဆရာတော်ကြီးများနှင့်
လူကြီးများကော်မီတီဖွဲ့၍ နိုင်ငံလှည့်ပြီး လိုလားအပ်တ်ာတွေကို စုံစမ်းကြည့်ပါတယ်၊
အဲဒီကော်မတီမှာပါတဲ့ အဘယာရာမ ဆရာတော်ကြီးက ဘုန်းတော်ကြီးကျောင်း၌နေကြသော
ကျောင်းသား သာမဏေများအတွက် ပဌမငယ်တန်း မဝင်မီ မူလတန်းအနေအားဖြင့်
ဂဏန်းသင်္ချာနှင့်တကွ အခြေခံစာမေးပွဲလုပ်ဘို့ရန် တိုက်တွန်းထားပါတယ်။
ဓမ္မဂုတ်။ ။ဒါလောက်ကြီးကျယ်တဲ့ဆရာတော်ဘုရားကြီးက
တိုက်တွန်းတာကို ဘာ့ကြောင့် အဲဒီခေတ်အစိုးရက မလုပ်သလဲ။
တပည့်တော်။ ။အဲဒီ ကော်မတီထဲမှာပင် "ဂဏန်းသင်္ချာ
မသင်ကောင်းဘူး,တိရစ္ဆာနဝိဇ္ဇာဖြစ်တယ်,သင်လျှင် အပါယ်သွားမယ်" လို့ဆိုပြီး
ကန့်ကွက်တဲ့ ဆရာတော်များလဲရှိနေတော့ အစိုးရက နေသာတာပေါ့ဘုရား။
ဓမ္မဂုတ်။ ။ကိုယ်တော်တို့လက်ထက်မှာကော
ဆက်ပြီးဂဏန်းသင်္ချာသင်ဘို့ရန် မကြိုးစားဘူးလား။
