သုတ္တန်တရားတော်
သုတ္တန်တရားတော်များ၌ ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကတို့၏ ရှေးဖြစ်ဟောင်း(ဇာတ် ကြောင်း)
များလည်း ပါ၏၊ မင်္ဂလသုတ်, သိင်္ဂါလောဝါဒသုတ် စသည် ကဲ့သို့ လူအများ၏ ကိုယ်ကျင့်တရားများလည်း
ပါ၏၊ လူ နတ် ဗြဟ္မာ တို့၏ အမေးပုစ္ဆာ ပြဿနာကို ဖြေရှင်းထားသော တရားများလည်း ပါ၏၊ ဒါနအကျိုး,
သီလအကျိုး စသည်များနှင့်တကွ အကုသိုလ် ဒုစရိုက်များ၏ မကောင်းကျိုးများလည်း ပါ၏၊ သစ္စာလေးပါး,
ပဋိစ္စ သမုပ္ပာဒ်, သတိပဋ္ဌာန် စသော အလွန်လေးနက်သော တရားများလည်း ပါ၏၊ ပညာရှိ လူ နတ် ဗြဟ္မာ
တို့၏ စိတ်ကို ဆွဲဆောင်နိုင် သော (သတ္တ၀ါတို့ကို အကျွတ်တရားရစေနိုင်သော)တရားတော်ကား
(၀ိနည်းနှင့် အဘိဓမ္မာ မဟုတ်) ဤသုတ္တန်တရားတော်များပင်တည်း၊
[
သုတ္တန်ဒေသနာတော်များကို ဝေါဟာရဒေသနာဟု ခေါ်၏၊
ဝိသေသေန-၀ိနည်း အဘိဓမ္မာတို့မှ ထူးသောအားဖြင့်၊ မနံ-သတ္တ၀ါ တို့၏ စိတ်ကို၊ ဟရတိ-ဆောင်ယူနိုင်၏၊
ဣတိ-ထို့ကြောင့်၊ ဝေါဟာရော-ဝေါဟာရ မည်၏၊]
မှန်၏၊… ဓမ္မစကြာတရားတော်သည် သုတ္တန်ပင်တည်း၊ ထိုဓမ္မစကြာတရားတော်၏
အဆုံး၌ အရှင် ကောဏ္ဍညနှင့်တကွ ကုဋေများစွာ နတ် ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြပါသည်။
သုတ္တန်ကိုသာ ပြမည်
သုတ္တန်တရားတော်သည်
သတ္တ၀ါများ၏အကျိုးကို ၀ိနည်း, အဘိဓမ္မာတို့ထက် ပို၍ ဆောင်ယူနိုင်ပါသော်လည်း ဟောပြသော
ပုဂ္ဂိုလ်တို့က ဒါနနှင့် ဒါန၏ အကျိုးကို အဟောများသောကြောင့်လည်းကောင်း, ဇာတ် နိပါတ်တော်များကို
ဟောပြန်ပါလည်း ထိုဇာတ်တော်တွင် ပါဝင်ကြသော ပုဂ္ဂိုလ်များ၏ ကိုယ်ကျင့်ကောင်းပုံ, ကိုယ်ကျင့်ချို့ယွင်းပုံကို
ထင်ရှားအောင် မပြကြတော့ဘဲ လွမ်းခန်း, ဆွေးခန်း စသည်တို့သာ တခမ်းတနား ချဲ့ထွင်၍ သဘင်ဆန်ဆန်
(ကွက်စိပ်ဆရာတွေကို အားကျလျက်) ဟောပြောမှုကြောင့်လည်းကောင်း
ယခုအခါ များစွာသော တရားနာပရိသတ်တို့က သုတ္တန်တရားဆိုလျှင် ပျော်ရွှင်ဖွယ်ရာ အပျင်းဖြေတရားဟု
ထင်မှားနေကြသည်၊
ဘုန်းကြီးကား
သုတ္တန် ဒေသနာတော်များကို လေ့လာခဲ့ရာ၌ ဗုဒ္ဓမဖြစ်သေးမီ အလောင်း တော် ဘ၀၀ယ် ပါရမီဖြည့်ကျင့်ပုံကိုပြသော
ဇာတ်တော်များကို ကြည့်ရသောအခါ ထိုအလောင်းတော်တို့ကဲ့သို့ ပါရမီဖြည့်ကျင့်လိုသော စိတ်တွေသာ
ဖြစ်ရ၏၊ ဗုဒ္ဓဖြစ်ပြီးမှ ဟောပြတော်မူသော အင်္ဂုတ္တိုရ်, သံယုတ်, ပဏ္ဏာသနှင့် ဓမ္မပဒ စသည်ကို
ကြည့်ရှုရသော အခါ စိတ်နေ စိတ်ထားတွေ အလိုလို ပြောင်း၍ ပြောင်း၍သွားကာ သံသရာမှ မြန်စွာ
လွတ်မြောက်လိုစိတ် ဖြစ်ရ၏၊ ထို့ကြောင့် ဤအခန်း ကြည့်ရှုသူတို့အား ဓမ္မအရသာကို ထိုက်တန်သမျှ
ခံစားကြရလေအောင် သုတ္တန်ဒေသနာတော်မှသာ ဓမ္မအချို့ကို ထုတ်ဖော် ညွှန်ပြပါမည်။