ဝိနည်းတရားတော်ကို ပြန်လည်ထူထောင်သင့်ပုံ
ဝိနည်းတရားတော်
အတိုင်းသာ ရဟန်းတော်များ နေထိုင် သွားလာ ပြောဆိုကြပါလျှင်
မြန်မာ လူုမျိုးတို့၏လေးစားခြင်းသာမက ကမ္ဘာပေါ်တွင် ယဉ်ကျေးသည်ဟု ခေါ်ရသော လူတိုင်းကပင်
လေးစားခြင်းကို ခံရလောက်ပါပေ၏၊ ရှေးတုန်းက ဗြာဟ္မဏတစ်ယောက်သည် ၀ိနည်းကျမ်းစာများကို
ဖတ်ရုံမျှဖြင့် သာသနာတော်ကို ကြည်ညိုစိတ် ဖြစ်လာခဲ့ရ၏၊
ဓမ္မာသောကမင်းတရားလည်း
ဝိနည်းနှင့်အညီ ဣနြေ္ဒရရ သွားနေသော နိဂြောဓသာမဏေငယ်ကို မြင်သည်မှစ၍ သာသနာ့ဒါယကာ ဖြစ်လာသည်၊
ဤသို့လျှင် “၀ိနယ”ဟုခေါ်သော ဥပဒေသတရား တော်သည် မြင်သူတိုင်း လေးစားရလောက်အောင် စည်းကမ်းနည်း
လမ်းကို ညွှန်ပြထားပေရကား အနာဂတ်ကာလ၌ ဗုဒ္ဓ၏ သာသနာကို အထက်တန်းရောက်အောင် ပြုပြင်လိုကြသော
ရဟန်း လူ ရှင် သူတော်စင်တို့သည် ထိုဝိနည်းဥပဒေသတော်ကြီးကို
ပြန်၍ ထင်ရှား ထွန်းကားလာအောင် ပထမဆုံး ကြိုးစားသင့်ကြပေသည်။
ပြန်၍ထူထောင်နည်းအချုပ်
ဝိနည်း
ပါဠိတော် အဋ္ဌကထာ ဋီကာများကို စာချဆရာတော် များက အထူးဂရုပြု၍ အမြန်ဆုံးပေါက်လွယ်အောင်
ပို့ချခြင်း, ပို့ချတိုင်း၌ လက်တွေ့ အလုပ် လုပ်ပြခြင်း, လူအများတို့ ကြည့်ရှု၍ လွယ်ကူအောင်
ရာဇသတ် စာအုပ်ကြီးကဲ့သို့ သူ့အခန်းနှင့်သူ စာအုပ်ကြီးဖြစ်အောင် ပြုစုခြင်း, ရဟန်းတော်များက
ဝိနည်းတော် အတိုင်း နေထိုင်ကြခြင်း, လူများက ၀ိနည်းတော်နှင့် ညီစွာနေသော ရဟန်းတော်များကို
လေးစားကိုးကွယ်ခြင်း, ၀ိနည်းတော်နှင့် မညီ မညွတ် နေသူကို အစိုးရကိုယ်တိုင်နှင့် အသင်းအဖွဲ့များက
အရေး ယူခြင်းတို့ဖြင့် ၀ိနည်းသာသနာ ပြန်၍ ထွန်းကားလာအောင် ကြိုးစား သင့်ပါသည်။
အဘိဓမ္မာ
ယခုခေတ်သည်
အစစ်အမှန် သဘာဝကို လိုက်စားနေသော ပညာခေတ် ဖြစ်၏၊ ထိုကဲ့သို့ အစစ်အမှန် သဘာဝသည် အဘိဓမ္မာတရားတော်၌
အစုံအလင် ပါဝင်၏၊ အဘိဓမ္မာ၏ ပြင်ဘက်၌ အစစ်အမှန်ကို မည်မျှလောက်ပင် စိစစ် ရှာဖွေကြသော်လည်း
တွေ့ရလိမ့်မည်မဟုတ်၊ ထိုစကားကို ရှင်းပြ ပါဦးမည် …“အဆင်းတစ်ခုကို ကြည့်ရှုသည်”ဟု ဆိုရာ၌
မျက်လုံး အိမ်အတွင်းဝယ် စက္ခုအကြည်ဓာတ်ကို ထို အဆင်းအာရုံက ပထမဆုံး ဓာတ်ခိုက်၏၊ ထိုကဲ့သို့
ဓာတ်ခိုက်သည်နှင့် တစ်ပြိုင်နက် ထိုအာရုံကို ဆင်ခြင်သော “အာဝဇ္ဇန”ခေါ် စိတ်တစ်ခု အလွန်
လျင်မြန်စွာ ဖြစ်၍ ပျက်သွား၏၊ ထို့နောက် တစ်ဆက်တည်းပင် ထိုအာရုံကို မြင်သိ-သိသော “စက္ခုဝိညာဏ”ခေါ်
စိတ်တစ်ခု အလွန် လျင်မြန်စွာ ဖြစ်၍ ပျက်ပြန်၏။
ထို့နောက် ဆက်၍ ဆက်၍ ထိုအာရုံကို ခံယူသော သမ္ပဋိစ္ဆန စိတ်, စုံစမ်းသော
သန္တီရဏစိတ်, ဆုံးဖြတ်သော ဝေါဋ္ဌဗ္ဗနစိတ်, အာရုံ၏အရသာကို ခံစားသော (အလွန်လည်း အဟုန်အရှိန်ပြင်း
သော) “ဇ၀န”ခေါ် စိတ် ခုနစ်ကြိမ်, ထိုအာရုံကို ဆက်၍ အာရုံပြု သော “တဒါရမ္မဏ”ခေါ် စိတ် နှစ်ကြိမ်
ဖြစ်၍ ပျက်၏၊ ဤမျှသော စိတ်အစဉ် ဖြစ်ရုံမျှဖြင့် “ငါမြင်၏”ဟု ဆိုရလောက်အောင် စိတ် မစုံသေး၊
ဆက်၍ စိတ်အစဉ် သုံးတန်း လေးတန်း ဖြစ်ရသေး၏၊ စိတ်အစဉ်ဖြစ်ရသော်လည်း ကြာသည်ဟု မမှတ်ထိုက်၊
လက်ဖျောက် တစ်ချက်တည်း အချိန်မှာ ကုဋေများစွာ စိတ်တွေ ဖြစ်၍ ပျက်နိုင် သောကြောင့် ချက်ချင်း
မြင်ရသည်ဟုပင် ဆိုနိုင်သည်။