"ဒါနရှင်မှ ဓနရှင်"
လူချမ်းသာဟူ၍ အမွှမ်းတင်ကြရသော ယခုကာလ လူ့လောက၌
စားသောက်နေထိုင်ရေးအတွက် မပူမပင်ရသူ နည်းပါးလှ၏။ ထိုကျပ်တည်း
ကျဉ်းမြောင်းနေကြရှာသော ဒုက္ခိတ စာရင်းတွင် ပါဝင်သူများသည် ရှေးရှေးဘ၀က
ဒါနချို့တဲ့သူများသာ ဖြစ်၏။
လူ့ချမ်းသာ စာရင်းဝင်သူတို့ကား ယခုဘ၀ဓနရှင်
ဖြစ်လာက်အောင် ရှေးရှေးဘ၀က ဒါနရှင်လည်း ဖြစ်ခဲ့ကြပေသည်။ ထိုဓနရှင်များသည်
ဤဘ၀တွင် ဓနရှင်ဖြစ်ရုံနှင့် ကျေနပ်ထိုက်ပါမည်လော။ ယခုဘဝ
မျက်စိမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် လက်ရှိနေများ လက်မဲ့ဖြစ်ကြပြီးလျှင်
အသစ်ဘ၀တွင် အသစ်ဓနနှင့် စခန်းသွားကြရလိမ့်မည်။
ထို့ကြောင့် သူတော်ကောင်းဓနရှင်တို့သည် လက်ရှိဓနများကို (အမွေခံများအတွက် သင့်အောင်ချန်ထား၍) ဆင်းရဲသူများကို ဖြန့်ဖြူးနိုင်မှသာ “ရှေးဘ၀ ဒါနရှင်၊ ယခုဘ၀ ဓနရှင်။ ယခုဘ၀ဒါနရှင်၊ နောင်အဆက်ဆက် ဓနရှင်”ဟု နိဗ္ဗာန်စံဝင်သည့်တိုင်အောင်အမြဲဓနရှင်များ ဖြစ်နိုင်ကြပေမည်။
ထို့ကြောင့် သူတော်ကောင်းဓနရှင်တို့သည် လက်ရှိဓနများကို (အမွေခံများအတွက် သင့်အောင်ချန်ထား၍) ဆင်းရဲသူများကို ဖြန့်ဖြူးနိုင်မှသာ “ရှေးဘ၀ ဒါနရှင်၊ ယခုဘ၀ ဓနရှင်။ ယခုဘ၀ဒါနရှင်၊ နောင်အဆက်ဆက် ဓနရှင်”ဟု နိဗ္ဗာန်စံဝင်သည့်တိုင်အောင်အမြဲဓနရှင်များ ဖြစ်နိုင်ကြပေမည်။
ထို့ကြောင့် တစ်ဘ၀မျှပင် ခေတ္တပိုင်ရသော ဓနကို “ငါပိုင်”ဟု သဘောမထားဘဲ “ဆင်းရဲသား အများဆိုင်သော ငါပိုင်”ဟု သဘောထား၍ ဒုက္ခိတအများကို ဖြန့်ဖြူးနိုင်စေရမည်။
"မြစ်နှင့်တူသော ဓနရှင်"
လောကနီတိကျမ်းများ၌လည်း “သူတော်စင် ဓနရှင်သည် မြစ်၊ သစ်ပင်၊ မိုးများနှင့်တူ၏”ဟု
ဆိုထား၏။ မြစ်များ၌ ရေတွေရှိသော်လည်း ထိုရေကို မြစ်က မသောက်ပါ။
ရေလိုသူတို့ ချိုးကြသောက်ကြဖို့ရာ ရေတွေကို စုထားသည်။ သစ်ပင်များလည်း
သစ်သီးကို မိမိတို့ မစားကြ။ အလိုရှိသူတို့ စားသုံးကြဖို့သာ အသီးကို
သီးပေးကြသည်။ မိုးများသည် ရေတွင်း ရေကန်တို့၌သာ ရွာသည်မဟုတ်။ ရေမရှိသော
ကုန်းပြင်မှာလည်း ရွာကြသည်။
ထို့အတူ
ဓနရှင်သူတော်ကောင်းများလည်း မိမိတို့ချည်းသာ သုံးစွဲဖို့ရာ ပစ္စည်းဥစ္စာများ
ရှာဖွေ စုဆောင်းထားသည် မဟုတ်။ ဆင်းရဲသားများအတွက်လည်း လက်ရှိပစ္စည်းများကို
သိမ်းဆည်း၍ ထားကြလေသည်။ ဒါနပြုသောအခါလည်း ချမ်းသာကြွယ်ဝ၍
ရေရှိသောတွင်းနှင့်တူသူကိုသာ (ဘုန်းကံကြီးမားသော ဆရာတော်ကြီးများကိုသာ) ရွေးချယ်ခြင်းမပြုဘဲ ကုန်းပြင်နှင့်တူသော ဆင်းရဲသားများကိုလည်း ပြုကြရသည်ဟု ဆိုလို၏။
“မြစ်ကြီးငါးသွယ်၊
မြစ်ငယ်ငါးရာ၊ ဖြာဖြာစီးကြ၊ မြစ်ထိုမျှကား၊ ချမ်းမြရည်တွေ၊ စီးသည့်ရေကို၊
ရှိသည့်အလျောက်၊ မြစ်မသောက်ဘူး၊ ပေါက်ရောက် ပွားစည်း၊ သစ်ပင်သည်ကား၊
သစ်သီးများကို၊ မစားကြဘူး၊ သွန်မြူးရေရည်၊ မိုးတုံသည်လည်း၊ ရေတည်သင့်ရာ၊
တွင်း၌သာလျှင်၊ ရွာသည်မဟုတ်ဘူး၊ ဂုဏ်ထူးမြင်ကျယ်၊ သူတော်ကြွယ်တို့၊
လက်ဝယ်ဥစ္စာ၊ ရတနာလည်း၊ လာလာအများ၊ သူတစ်ပါးတို့၊ စီးပွားချမ်းသာ၊
အကျိုးငှာသည်၊ မှန်စွာမြဲတည့် မသွေတည်း” (နီတိပျို့)
ဤပြဆိုခဲ့သော
အစဉ်ဖြင့် ဓနရှင်ဘ၀၌ ဒါနပြုခြင်းသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဗြဟ္မစိုရ်တရား
အမြဲတိုးပွားစေသဖြင့် နေ့စဉ်နှင့်အမျှ မျက်နှာကြည်လင်၍ ကုသိုလ်ရနေရုံသာမက
နောက်နောက်ဘ၀၌ ဓနရှင်ဖြစ်ဖို့အကြောင်း ထပ်လောင်း၍ ကောင်းပြန်စေသည့်အပြင်
သံသရာလမ်း ဖြောင့်တန်းစွာဖြင့် ခေမာနိဗ္ဗာန်သို့ ရောက်စေနိုင်သော ဒါနကို
အဘယ်မှာ မေ့လျော့သင့်ပါတော့အံ့နည်း။
ထို့ကြောင့်
ဘုရားတရားတော်အရ ၈-ပါးသီလ၊ ၁၀-ပါးသီလ၊ အာဇီဝဋ္ဌမကသီလများကို စောင့်သုံးလျက်
သန့်ရှင်းသော အ၀တ်ကို ၀တ်ဆင်ကာ ကောင်းစွာ ရေမိုးချိုးပြီးနောက် မေတ္တာ၊
ကရုဏာ၊ မုဒိတာ ဗြဟ္မစိုရ် ၃-ပါးကို ပွားများ၍ “အဒ္ဓါဣမာယ ပဋိပတ္တိယာ ဇရာမရဏမှာ ပရိမုစ္စိဿာမိ = ဤ ဒါနအကျင့်ဖြင့် အို၊ နာ၊ သေရေး ဆင်းရဲဘေးမှ ဧကန် လွန်မြောက်ရတော့မည်”ဟု
တည်ကြည်သော စိတ်ထားဖြင့် နိဗ္ဗာန်ကိုမှန်းပြီးလျှင် သူတော်စင် သူယုတ်မာ
လာလာသမျှ အလှူခံအပေါင်းအား နှစ်ထောင်းအားရ လှူဒါန်းဝေငှ၍ နေရပါလျှင်
မည်မျှလောက် ပျော်ရွှင်ဖွယ် ကောင်းမည်နည်း။ အဘယ်မှာလျှင် သံသရာရေလျဉ်ကြော၌
ကြာရှည်စွာ မျောအောင် ဆွဲထားမည်နည်း။ နိဗ္ဗာန်သို့ မြန်မြန်တက်အောင်
ခပ်သွက်သွပ် ပို့ဆောင်လိမ့်မည် မဟုတ်ပါလော။