အဒိန္နဒါန၀ိရတိ
သူ့ဥစ္စာကို ခိုး၍ တိုက်၍ လုယက်၍ ယူမူကြောင့် ဥစ္စာရှင်တို့မှာ ဆင်းရဲကြရရှာသည်။ တစ်နိုင်ငံလုံးကို တိုက်ခိုက်လုယူမူကြောင့် နိုင်ငံရှင် ဘုရင် မိဖုရား ဆွေတော်မျိုးတော်များနှင့်တကွ နိုင်ငံသူနိုင်ငံသားတို့ မခံမရပ်နိုင်အောင် စိတ်ဆင်းရဲကြရ၏။ ရသင့်ရထိုက်သော နိုင်ငံတွင်းရှိ အလုပ်များကို မလုပ်နိုင်ကြ။ လုပ်ဖို့ အခွင့်လည်း မရကြသဖြင့် ဥစ္စာဓနရှားပါး၍ ကိုယ်ဆင်းရဲရ၏။ ထို့ကြောင့် အဒိန္နာဒါနမူသည် ဥစ္စာရှင်များကို အဆက်ဆက် နာလန်မထူနိုင်အောင် ဖိစီးနှိပ်စက်သော အမူကြီးပေတည်း။ ထိုအဒိန္နဒါဒါနမှ ရှောင်ကြဉ်၍ အဒိန္နာဒါန၀ိရတိ သီလကို စောင့်ထိန်းကြပါလျှင် ထိုဆင်းရဲမျိုးကို ကမ္ဘာမှာ တွေ့မြင်ကြရတော့မည် မဟုတ်သဖြင့် အဒိန္နာဒါန၀ိရတိ သီလသည် ကမ္ဘာသူကမ္ဘာသားများကို ဆင်းရဲဒုက္ခမှ မုချလွတ်လပ်ခွင့်ရစေနိုင်သော ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေနိုင်သော သီလပေတည်း။
ကာမေသုမိစ္ဆာစာရ၀ိရတိ
ကာမဂုဏ်အတွေ့သည် ပုထုဇဉ်များ၌ ထူးခြားသော အာရုံတစ်မျိုးဖြစ်ရကား ထိုအတွေ့ပစ္စည်းကို အခြားပစ္စည်းထက် ခင်မင်၏။ မိမိပိုင်ဆိုင်သော (မိမိအလွန်မြတ်နိုးသော) ထိုကာမအတွေ့ကို အခြားသူအား (အရူး အနှမ်း မဟုတ်လျှင်)
အပိုင်ပေးဖို့ မဆိုထားဘိ၊ ခေတ္တမျှ မပေးနိုင်ရုံသာမက တစ်နည်းအားဖြင့်
နှောက်ယှက်လုယူမည့်သူကိုပင် ရန်သူကြီးအစစ်ဟု တထစ်ချ မှတ်ယူလေ့ရှိကြသည်။
ထို့ကြောင့် သူပိုင်ကာမကို ခိုး၍ လု၍ ယူလျှင် ပိုင်ရှင်ဖြစ်သူမှာ
အခြားပစ္စည်းကို လုယူသွားသည်ထက် နက်နက်နဲနဲဆင်းရဲရ၏။ တကယ်လို့
ခုခံနိုင်လျှင် အသက်ချင်းလဲမည့်သူသာ များလေသည်။ ထို့ကြောင့် ထိုမိစ္ဆာစာရမှ
ရှောင်ကြဉ်မူ သီလသည် သူတစ်ပါး၏ ဆင်းရဲရမည့်အရေးကို လေးလေးပင်ပင်
ရှောင်ကြဉ်ရာရောက်သဖြင့် ကမ္ဘာသူကမ္ဘာသား လူအများ ချမ်းသာစေနိုင်သော
သီလတစ်မျိုး ဖြစ်ပေသည်။
မုသာဝါဒ၀ိရတိ
မုသာဝါဒ၀ိရတိ
လောက၀ယ် အလိမ်ခံရသော ဆင်းရဲလည်း “ပျော့ပျော့နှင့် နံ”ဆိုသလို
အတော့်ကို အခံရခက်သော ဆင်းရဲတစ်မျိုးတည်း။ ထို အလိမ်ခံရသည့်အတွက်
အကျိုးပျက်စီးရပုံတို့မှာ မျက်မြင်အားဖြင့် ထင်ရှားရုံသာမက လိမ်သူက
စွမ်းလှလျှင် နိုင်ငံတစ်ခုလုံးကိုပင် ရအောင် လိမ်နိုင်ကြသဖြင့် မည်မျှလောက်
နစ်နာကြသည်ကိုစဉ်းစားကြလေတော့။ ယခုခေတ် ဘာသာအမျိုးမျိုး၏ ဆရာအမျိုးမျိုး
တရားတွေကြောင့် (ဗုဒ္ဓဘာသာ တရားတော်အရ ဆိုလျှင်) မြော်မြင်မှန်းဆ၍
မကုန်နိုင်သော ဆင်းရဲကိုလည်း အမှားလမ်း လိုက်မိသူတိုင်း တွေ့ရတော့မည်။
ထို့ကြောင့် မုသာဝါဒမှ ရှောင်ကြဉ်မူသီလလည်း တစ်ယောက် နှစ်ယောက်မှစ၍
ကမ္ဘာသူကမ္ဘာသားတို့၏ ဒုက္ခကို မုချ စောင့်ရှောက်ရာ ရောက်ပေသည်။ (ဤနေရာဝယ် ဗုဒ္ဓဘာသာဝင်ထဲမှ တချို့တရားဟောဆရာတွေ ညာနေပုံ၊ ဉာဏ်မရှိသူ လူအများပင် ထိုအညာဆရာကို အထင်ကြီးပုံကိုပါ စဉ်းစားကြပါလေ။)
သုရာပါန၀ိရတိ
သုရာပါန၀ိရတိ
သေရည်သေရက်
သောက်သူသည် မိမိဘာသာ သောက်ရုံ သက်သက်ဖြစ်လျှင် မိမိမှာ နောင်ဘ၀သံသရာ၌
မကောင်းကြိုးခံစားရရုံမှတစ်ပါး အခြားသူတို့၌များစွာ မထိခိုက်သေးပေ။
သို့သော် ထိုကဲ့သို့ သောက်ရုံသက်သက်ဖြင့် အမြဲတင်းတိမ်မည် မဟုတ်၊
မူးလာသောအခါ ရှေ့သိက္ခာပုဒ်များကို ကျူးလွန်ဖို့ရန် အခြေခံ ဖြစ်လေပြီ။ လောက၌
အလွန်လည်ပတ်သူ လူတစ်ယောက်သည် သတ်မူ ခိုးမူ ကာမမူစသည်တို့ကို
တစ်စုံတစ်ခုမျှ ကိုယ်တိုင်မပြု။ သို့သော် သူ၏ဘက်သား ရဲဘော်များကို ကျကျနန
နည်းပေးလမ်းပြလေ့ရှိ၏။ ထိုလူလည်ဖြစ်သည်သည် (သူကိုယ်တိုင်မလုပ်သော်လည်း)
ကိစ္စအားလုံး၌ နည်းပေးလမ်းပြ ခေါင်းဆောင်နေသူဖြစ်ရကား
ကိုယ်တိုင်လုပ်သူထက်ပင် ကြောက်မက်ဖွယ် ကောင်းသေး၏။ ကိုယ်တိုင်လုပ်သူထက်ပင်
သူများကို ဆင်းရဲစေသေး၏။ ထို့အတူ သုရာပါနမူလည်း တဖြည့်းဖြည်း အနယ်ကျ၍
ယစ်ထုပ်ဘ၀သို့ ရောက်သောအခါ ပါဏာတိပါတမူစသည်ထက် ကြောက်မက်ဖွယ်ကောင်းလှ၍
ပါဏာတိပါတမူစသည်တို့ထက် သတ္တ၀ါအများ၏ ဆင်းရဲဒုက္ခကို များစွာ
ဖြစ်စေနိုင်ပါသည်။ ထှို့ကြောင့် သုရာပါန၀ိရတိလည်း မိမိအိမ်သူအိမ်သားမှစ၍
ကမ္ဘာသူ ကမ္ဘာသားအထိ ဆင်းရဲမည့် အဖြစ်မှ ကယ်တင်ရာ ရောက်လေသည်။
ဤနည်းအားဖြင့်
အခြားသော အာဇီဝဋ္ဌမကသီလ စသည်တို့၏ အကျိုးကို စဉ်းစားကြပါလေ။ ဤကဲ့သို့
အကျိုးအပြစ်ကို စိစစ်လိုက်သောအခါ တစ်ကမ္ဘာလုံး ငါးပါးသီလ လုံခြုံနေပါမူ
တစ်ကမ္ဘာလုံး ချမ်းသာကြမည့်အကြောင်း ကောင်းကောင်းကြီး ထင်ရှားရကား
ငါးပါးသီလတစ်မျိုးတည်းသည်ပင် ဒါနထက် သာလွန်မြင့်မြတ်ကြောင်း ထင်ရှားပြီ။
သို့ဖြစ်၍ မိမိကိုယ်တိုင်နှင့် စပ်ဆိုင်ရာ အားလုံးဝယ် ငါးပါးသီလ
ပြည့်ဝလုံခြုံသူချည်းဖြစ်အောင် သတိဆောင်ကာ သတ္တ၀ါများအပေါ်၌ မေတ္တာ ကရုဏာ
ထားနိုင်ကြပါစေသတည်း။