(ပြီးခဲ့သည့်တစ်ပတ်က ဥပုသ်စောင့်ပုံ အစီအစဉ်ကို
တင်ပြခဲ့ပြီးပါပြီ၊ ယခု ဥပုသ်အမျိုးမျိုး အကျိုးတရားနှင့် မှတ်သားဖွယ်
သတိထားဖွယ်များကို တင်ပြလိုက်ပါသည်။)
"ဥပုသ်အမျိုးမျိုး"
ဥပုသ်သည် အချုပ်အားဖြင့် အရိယ (မြတ်သော) ဥပုသ်, ဂေါပါလ (နွားကျောင်းသားစောင့်နည်း) ဥပုသ် ဟု ၂-မျိုး ရှိ၏၊ ထိုတွင် အရိယာဥပုသ်သည် ဗြဟ္မဥပုသ် ဓမ္မဥပုသ် စသည်ဖြင့် အမျိုးမျိုးရှိ၏။
၁။ ဗြဟ္မဥပုသ်
ဘုရားရှင်သည် “ဗြဟ္မ” မည်တော်မူ၏၊ ရှစ်ပါးသီလယူပြီးလျှင် ထိုဗြဟ္မမည်သော ဘုရားရှင်ကို အာရုံပြုနေခြင်းကို “ဗြဟ္မဥပုသ်” ဟု ခေါ်၏၊ အလွတ် အာရုံမပြုတတ်လျှင် ဘုရားဂုဏ်တော်ဖွင့်ကို ရွတ်ဖတ်ြကည့်ရှုနေရာ၏။
၂။ ဓမ္မဥပုသ်
ဥပုသ်သီလကို ခံယူပြီးလျှင် တရားတော်၏ ဂုဏ်တော်တစ်ပါးပါးကို အရုံပြု၍လည်းကောင်း, တရားဂုဏ်တော် အဖွင့်ကို ကြည့်ရှုရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “ဓမ္မဥပုသ်” ဟု ခေါ်သည်။
၃။ သံဃာ့ဥပုသ်
ဥပုသ်သီလကို ခံယူပြီးလျှင် သံဃာ့ဂုဏ် တော် တစ်ပါးပါးကို အာရုံပြု၍လည်းကောင်း, သံဃာ့ဂုဏ်တော် အဖွင့်ကို ကြည့်ရှုရွတ်ဖတ်၍လည်းကောင်း, နေခြင်းကို “သံဃာ့ ဥပုသ်” ဟု ခေါ်သည်။
၎။ သီလဥပုသ်။
သီလယူပြီးလျှင် မိမိသီလ၏ မကျိုးမပေါက် မပြောက်မကျားပုံကို အာရုံပြု၍ ၀မ်းမြောက်စွာ နေထိုင်ခြင်းကို “သီလဥပုသ်”ဟု ခေါ်သည်။
မကျိုး မပေါက် မပြောက် မကျား
မကျိုး= ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အစသိက္ခာပုဒ်သော် လည်းကောင်း, အဆုံးသိက္ခာပုဒ်သော်လည်းကောင်း ပျက်စီးလျှင် “ဥပုသ်ကျိုး”သည် မည်၏၊ ထိုသို့ မပျက်စီးလျှင် ဥပုသ်မကျိုး မပြတ်သည်မည်၏။
[ဆောင်] အင်္ဂါရှစ်ပါး, စွန်အဖျားက, တစ်ပါးပါးကျိုး, ဥပုသ်မျိုး ““အကျိုးအပြတ်””ခေါ်။
မပေါက် = အ၀တ်၌ အလယ်က ပေါက်သကဲ့သို့ သိက္ခာပုဒ်တို့တွင် အလယ်က တစ်ပါးပါးပျက်လျှင် “ပေါက်သည်”ဟု ခေါ်၏၊ ထိုသို့ မပျက်လျှင် “မပေါက်”သည် မည်၏။
[ဆောင်] အင်္ဂါရှစ်ပါး, အလယ်ကြားက, တစ်ပါးပါးပျက်, ဥပုသ်တွက်, “ပေါက်ပျက်”သည်ဟုခေါ်။
မပြောက် = ရှစ်ပါးသောသိက္ခာပုဒ်တို့တွင် အလယ်၌တစ်ပါးလည်း မက, အစဉ်အတိုင်း တစ်ဆက်တည်းလည်းမဟုတ်ဘဲ နွား၌ “၀ါစေ့”ပြောက်ကဲ့သို့ အဒိန္နာဒါနနှင့် မုသာဝါဒသော်လည်းကောင်း, ဗြဟ္မစရိယနှင့် သုရာမေရယသော်လည်းကောင်း ဤသို့ ပြောက်ကျား ပြောက်ကျား ပျက်သည်ကို “ပြောက်သည်”ဟု ခေါ်၏။
[ဆောင်] အင်္ဂါရှစ်ပါး, တစ်မျိုးအားဖြင့်, ကြိုးကြားပြိုးပြောက်, ယွင်းသွေဖောက်, ““အပြောက်””ဥပုသ်ခေါ်။
မကျား = ရှစ်ပါးသော သိက်္ခာပုဒ်တို့တွင် ပါဏာတိပါတနှင့် အဒိန္နာဒါန ဆက်၍လည်းကောင်း, အဗြဟ္မစရိယနှင့် မုသာဝါဒဆက်၍လည်းကောင်း၊ ဤသို့ နှစ်ပါး, သုံးပါး ဆက်၍ ပျက်သည်ကို နွားကြောင်, နွားကျားကဲ့သို့ “အကျားထင်သော ဥပုသ်”ဟု ခေါ်၏။
[ဆောင်] နွားကြောင်နွားကျား, ပုံအလားသို့, နှစ်ပါးသုံးပါး, အများဆက်လျက်, တရားပျက်, “ကျားကွက်” သည်ဟုခေါ်။
ဤသို့သောနည်းဖြင့် မိမိဥပုသ်၏ မကျိုးမပေါက် မပြောက် မကျားပုံကို အာရုံပြု၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းကိုပင် “သီလဥပုသ်”ဟု ခေါ်သည်။
မှတ်ချက်။ ။ ယခုကာလ သီလဆောက်တည်တုန်းက တစ်ပါး စီခွဲ၍ ဆောက်တည်ကြသောကြောင့် ရှစ်ပါးသီလတွင် တစ်ပါးပါး ပျက်သော်လည်း ကျန်သီလအတွက် အကျိုးရှိသေး၏၊ တစ်ပါးပျက်ရုံ ဖြင့် အားလုံးပျက်သွားသည်ဟု မမှတ်နှင့်။
၅။ နတ်ဥပုသ်
သီလယူပြီးလျှင် နတ်တို့ကို ပမာတင်၍ မိမိသန္တာန်၌ရှိသော သဒ္ဓါ သီလစသော သူတော်ကောင်း တရား များကို အောက်မေ့ဆင်ခြင်လျက် ကြည်လင်ဝမ်းမြောက်နေခြင်းကို “နတ်ဥပုသ်” ဟု ခေါ်သည်။
"ဆင်ခြင်ပုံ"
“နတ်ပြည် ဗြဟ်္မာ့ပြည်တို့၌ရှိကြသော နတ်ဗြဟ္မာ တို့သည် လူ့ပြည်တုန်းက သဒ္ဓါ သီလ သုတ စာဂဟိရီ သြတ္တပ္ပ ဟူသော သူတော်ကောင်းတရားတို့နှင့် ပြည့်စုံကြသောကြောင့် ဘ၀အသစ်ကူးသောအခါ နတ်ပြည် ဗြဟ်္မာ့ပြည်၌ ချမ်းသာစွာ ဖြစ်ကြရသည်၊ ထိုသူတော်ကောင်း ဥစ္စာများသည် ငါ့မှာလည်း ရှိ၏၊ ဗုဒ္ဓမြတ်စွာ၏ တရားတော်နှင့်အညီ မိဘဆရာတို့၏ အဆုံးအမ ကြောင့် ဤသို့ သူတော်ကောင်းဖြစ်ရခြင်းသည် နောင်ရေးနောင်တာ သံသရာအတွက် စိတ်ချဖွှယ်ရာ လွန်စွာ လူဖြစ်ကျိုးနပ်ပါပေစွ တကား”ဟု ကိုယ့်ဂုဏ်တွေကို အာရုံပြုကာ ၀မ်းမြောက်စွာ ဆင်ခြင် ရာ၏၊ ရံဖန်ရံခါ ဆင်ခြင်ရုံမျှဖြင့် အားမရသေးဘဲ အလွန့်အလွန် ၀မ်းမြောက်လာအောင် အောက်၌ပြထားသော ဥဒါန်းဂါထာကို ကျူးရင့်ရာ၏။
ယေဟိ သဒ္ဓါဒိဂုဏေဟိ,
ဒေ၀တာ ဒေ၀တ္တံ ဂတာ၊
မယှံပိ တေ သံဝိဇ္ဇန်္တိ,
အဟော မေ ဂုဏ၀န္တတာ။
ဒေ၀တာ-စတုမဟာ, ၀တိံသာနှင့်, နတ်ရွာခြောက်လီ, ဗြဟ္မာ့ ပြည်ဝယ်, ကိုယ်စီစံစား, နတ်ဗြဟ္မာအများတို့သည်၊
ယေဟိ သဒ္ဓါဒိ ဂုဏေဟိ-သဒ္ဓါ သီလ, များသုတနှင့်, စာဂ ပညာ, စဉ်လာပြည့်စုံ အကြင်ဂုဏ်တို့ကြောင့်၊
ဒေ၀တ္တံ-ရောဂါမကပ်, ဥပဒ်မတွယ်, စားသောက်ဖွယ်ရေး, ၀တ်ဆင်ရေးနှင့်, မင်းဘေးစိုးတာ, ကင်းစင် ကွာလတ်, ဗြဟ္မာနတ်၏အဖြစ်သို့၊
ဂတာ-ဤလူ့ပြေမှ စုတေကြလျှင်, ခဏမနေ, ကပ်ရောက်ကြရလေကုန်ပြီ၊
တေ ဂုဏာ-နတ်ဗြဟ္မာနန်း, ကပ်ခါမြန်းဖို့, အစွမ်းလောက်လုံ, ထိုကဲ့သို့ ဂုဏ်တို့သည်၊
မယှံပိ-ဘုရားအကြိုက်, တရားလိုက်၍, အားစိုက်နှစ်လို, ဤငါ့ကိုယ်မှာလည်း၊
သံဝိဇ္ဇန်္တိ-အမြဲမပြတ်, သတိချပ်သဖြင့်, မလတ်ပုံသေ, ရှိကြပေကုန်၏၊
မေ-ငါ၏၊ ဂုဏ၀န္တတာ-သဒ္ဓါ သီလ, များသုတနှင့်, စာဂ ပညာ, စဉ်လာလောက်လုံ, ဂုဏ်ပေါင်းစုံသူတို့၏အဖြစ်သည်၊
အဟောဝတ-တမလွန်အရေး, ကြံတိုင်အေးဖို့, လေးလေးပင်ပင်, အစဉ်မျိုးမှန်, သြော်.... အဖိုးတန်လေစွတကား။
ဤသို့ ဥဒါန်းကျူးကာ နတ်တို့ကို သက်သေအရာ၌ထားလျက် မိမိ၏ သူတော်ကောင်းဖြစ်ပုံကို အာရုံပြု၍ ၀မ်းမြောက်နေခြင်း သည်““နတ်ဥပုသ်””မည်၏၊ ဤဗြဟ္မာ့ဥပုသ် စသည်ကို ပုဗ္ဗာရုံတိုက်အမ ၀ိသာခါအား ဘုရားရှင် ဟောတော်မူသည်၊ တိတ်္ထိ တက္ကဒွန်းတို့ စောင့်ကြသော နိဃဏ္ဌဥပုသ် တစ်မျိုးလည်း ရှိသေး၏၊ အများနှင့် မဆိုင်၍ မရေးတော့၊ ဗုဒ္ဓဘာသာဝင်တို့ စောင့်အပ်သော ဥပုသ်ကား အရိယာဥပုသ် ဖြစ်လျှင်ဖြစ်, မဖြစ်လျှင် ဂေါပါလဥပုသ်သာ ဖြစ် စရာရှိသည်။ [တိက အဂုင်္တ္တိုရ်။]
"ဥပုသ်အကျိုး"
ဤသို့ ကျနစွာ စောင့်သုံးအပ်သော အရိယ ဥပုသ်မျိုး၏ အကျိုးမှာ ဇမ်္ဗူဒိပ်တစ်ကျွန်းကို အုပ်စိုးရသော မင်း မိဖုရား အဖြစ်မျိုးထက် ကြီးကျယ်ခမ်းနားသည်ဟု ဟောတော်မူ၏၊ မှန်၏၊ မင်းမိဖုရားအဖြစ်ဖြင့် ဇမ္ဗူဒိပ်ကျွန်းကို အုပ်စိုးရခြင်းမှာ လူ့စည်းစိမ်မျှသာဖြစ်၍ နတ်စည်းစိမ်ကို ထောက်လျှင် အောက်ကျ နောက်ကျ သေးနုပ်လှသေး၏၊ ထိုစည်းစိမ်လည်း တစ်ဘ၀သာ၊ ကျနစွာ စောင့်ထိန်းအပ်သော ဥပုသ်၏အကျိုးကား လူမင်း, နတ်မင်းစည်းစိမ် အကြိမ်အများပင်တည်း၊ထို့ကြောင့် ကောင်းမွန် စွာ စောင့်ထိန်းအပ်သော ဥပုသ်၏အကျိုးကို “ဇမ္ဗူဒိပ်တစ်ကျွန်းလုံး အုပ်စိုးရ ခြင်းထက်ပင် သာ၏””ဟု ဟောတော်မူပေသည်။
"ကောင်းစွာစောင့်မှ အကျိုးရ"
ဥပုသ်စောင့်ရာ၌ ရှစ်ပါးသီလကို စောင့်ရုံမျှဖြင့် အကျိုးများသင့်သလောက် မများသေးပါ၊ သီလကို စောင့်ထိန်းပြီးနောက် မိမိစိတ်ကို စင်ကြယ်သန့်ရှင်းနေအောင် အားထုတ်နိုင်မှသာ အကျိုးရများပါသည်၊ [တိကအင်္ဂုတ်္တရ, ဒုတိယပံ, မဟာဝဂ္ဂဋ္ဌ။]
ဥပမာ-ဦးခေါင်းကို တန်ဆာဆင်လိုသော အမျိုးသမီး သည် ဆံပင်ကို စင်ကြယ်အောင် ခေါင်းလျှော်ရ၏၊ ခေါင်းမလျှော်ဘဲ ဖြီးလိမ်း ပြင်ဆင်လျှင် အနံ့မကောင်း၊ ထို့အတူ သီလတန်ဆာဖြင့် ဆင်ထားသူသည် မိမိ၏စိတ်ကို လောဘ(တဏှာရာဂ) ဒေါသ-မာန်မာန-ဣဿာ-မစ္ဆရိယ စသော ကိလေသာ အညစ်အကြေး တို့မှ စင်ကြယ်အောင် ဗြဟ္မဥပုသ်ကိုဖြစ်စေ, ဓမ္မဥပုသ် စသည်တို့ တွင် တစ်မျိုးမျိုးကိုဖြစ်စေ စောင့်သုံးနိုင်မှသာ ရသင့်သမျှ အကျိုးကို အပြည့်အစုံရနိုင်ပါသည်။
ထို့ကြောင့် နဂိုက လောဘကြီးသူဖြစ်လျှင် ဥပုသ်စောင့်ရင်း ထိုလောဘကြောင့် ယခုဘ၀ တွေ့ခဲ့ (တွေ့တတ်ကြသော)အပြစ်ကို လည်းကောင်း, နောက်ဘ၀၌ အပါယ်ငရဲအထိဖြစ်နိုင်သည့် အပြစ် များကိုလည်းကောင်း ဆင်ခြင်၍ လောဘနည်းအောင် အထူးကြိုးစား ၍ ဘုရားဂုဏ်တော် စသည်ကို ပွားများနေပါလော့၊ ထိုသို့ ဥပုသ် စောင့်ပြီးနောက် ဥပုသ်ထွက်သောအခါလည်း လောဘကြောင့် အမှားအယွင်း မရှိရအောင် နေ့စဉ်သတိထားပါလော့၊ ဤသို့ ကြိုးစား လျှင် မကြာခင် လောဘနည်းသူ (တဏှာရာဂနည်းသူ) ဖြစ်လာပါ လိမ့်မည်၊ ဒေါသ - မာန - ဣဿာ - မစ္ဆရိယ အားကြီးသူများလည်း ဤနည်းအတိုင်း ကြိုးစားပါ။
"နွားကျောင်းသားဥပုသ်"
ထိုကဲ့သို့ ကျနစွာမစောင့်နိုင်ဘဲ “ယနေ့ မည်သည့်နေရာ၌ နွားများ ရေသောက်ကြ၏၊ နက်ဖြန် မည်သည့် နေရာ မြက်စား၍မည်သည့်နေရာ၌ ရေသောက်လိမ့်မည်” ဟု နွား ကျောင်းသား ကြံစည်ခြင်းကဲ့သို့ “ယနေ့ မည်သည့်စားဖွယ်ကို စား၍ နက်ဖြန် မည်သည့် စားဖွယ်စားသောက်မည်” ဟု အစားအသောက် နှင့် လောကီရေးရာကိုသာ ကြံစည်နေသော ဥပုသ်သည် “ဂေါပါလ ဥပုသ်” (နွားကျောင်းသားဥပုသ်) မည်၏၊ ဤနွားကျောင်းသားဥပုသ် ကို လုံးလုံးအကျိုးမရှိဟု မဆိုရသော်လည်း အကျိုးမများလှဟု ဟော တော်မူသည်။
"သတိပေးချက်"
ထို့ကြောင့် နွားကျောင်းသားဥပုသ်မဖြစ်စေဘဲ အရိယဥပုသ်မျိုးဖြစ်အောင် ကြိုးစား၍စောင့်သုံးမှသာ လောက အကျိုး, သံသရာအကျိုး၂-ပါးစုံတိုးဖွယ်ရှိ၏၊ ယခုအခါ၌ကား ဥပုသ် စောင့်ရင်း စားသောက်ကြ,ပျော်ရွှင်ကြသဖြင့် စဉ်းစားတတ်သူအဖို့မှာ စိတ်ပျက်စရာ ကောင်းလှသည့်အပြင် ဘာသာခြားတို့က များစွာ သော မြန်မာတို့ ဥပုသ်စောင့်ပုံကို ကြည့်ကာ “ဆင်ခြင်စဉ်းစားဉဏ် မရှိသော လူမျိုး” ဟု အထင်သေးကြပေလိမ့်မည်၊ ထို့ကြောင့် အမျိုး ဘာသာ အဆင့်အတန်းမြင့်ရေးကို တွေးကာ စည်းကမ်းကျကျ ဥပုသ်စောင့်ဖို့ သတိပေးပါသည်။
(မဟာဂန္ဓာရုံဆရာတော်၏ ရတနာ့ဂုဏ်ရည်ကျမ်းမှ)