Monday, September 16, 2013

တန်ခိုးဖြင့်မပြသနိင်သည့် နိဗ္ဗာန်ကို စိုးစဉ်းမျှတူညီသောဂုဏ်များဖြင့် ပြသရာ


နိဗ္ဗာန်သည် ထင်ရှားစွာရှိသော ပရမတ်တရားပင်ဖြစ်၏။ ပရမတ် တရားဖြစ်လို့ သဘောတွေကို ဥာဏ်ဖြင့်သာ ရူမြင်သိရှိနိင်ပေ၏။ နိဗ္ဗာန်၏ အဆင်းသဏ္ဌာန် အရွယ်အစား အတိုင်းအတာကို မည်သည့် နည်းနှင့်မျှ ဆောင်ပြ၍ မရနိင်ပေ။ စိတ် ကိုအလေ့အလာပြုပြီး၍ အဘိဥာဉ် တန်ခိုးနှင့် ပြည့်စုံသော ပုဂ္ဂိုလ် သည် မဟာသမုဒ္ဒရာ ကို ခြင်တွယ်မည်ဆိုသော် ခြင်တွယ်နိင်ရာ၏။ မဟာသမုဒ္ဒရာမှာ နေထိုင်ကြသော သတ္တ၀ါတို့ ကို ရေတွက်မည်ဆိုသော် ရေတွက်နိင်ရာ၏။ ထိုပုဂ္ဂိုလ် သည် နိဗ္ဗာန် ၏ အဆင်းသဏ္ဌာန် အရွယ်အစား အတိုင်းအတာ ကို မည်သည့် နည်းနှင့်မျှ မ ဆောင်ပြ နိင်ပေရာ သို့ ပေမယ့် နိဗ္ဗာန်ကိုဆောင်ယူခြင်းငှာမပြသ နိင်သော်လည်း စိုးစဉ်း မျှ တူညီသော ဂုဏ်ကို တူညီသော သဘောဖြင့် ဆီလျော် ဥပမာ ပြသနိင်၏။

နိဗ္ဗာန်နှင့် ဆီလျော် တူညီသော ဂုဏ်တို့ မှာ
ပဒုမ္မာကြာ၏ ဂုဏ်တစ်ပါး၊ ရေ၏ ဂုဏ် နှစ်ပါး၊ ဆေး၏ ဂုဏ်သုံးပါး၊ မဟာသမုဒ္ဒရာ၏ ဂုဏ်လေးပါး၊ ဘောဇဉ်၏ ဂုဏ်ငါးပါး၊ ကောင်းကင်၏ ဂုဏ်ဆယ်ပါး၊ ပတ္တမြား ရတနာ၏ ဂုဏ်သုံးပါး၊ စန္ဒကူးနီ ၏ ဂုဏ်သုံးပါး၊ ထောပတ်ကြည်၏ ဂုဏ်သုံးပါး၊ တောင်ထွတ်၏ ဂုဏ်ငါးပါး တို့ သည် နိဗ္ဗာန်နှင့်ဆီလျော်ကုန်၏။


ပဒုမ္မာကြာ၏ ဂုဏ်တစ်ပါး၊
(၁) ပဒုမ္မာကြာသည် ရေနှင့် မလိမ်းကျံဘိသကဲ့သို့ နိဗ္ဗာန်သည်လည်း အလုံးစုံသော ကိလေသာတို့ နှင့် မလိမ်းကျံပေ။
ပဒုမ္မာကြာ၏ ဤဂုဏ်တစ်ပါး သည် နိဗ္ဗာန် နှင့်ဆီလျော်ကုန်၏။

ရေ၏ ဂုဏ် နှစ်ပါး၊
(၁) ရေသည် အေးမြသကဲ့သို့ ပူလောင်ခြင်း ဟူသမျှကို ငြိမ်းအေးစေသကဲ့သို့ နိဗ္ဗာန်သည် အေးမြ၏။ ကိလေသာ ဟူ အပူခပ်သိမ်းတို့ ကို ငြိမ်းအေးစေ၏။
(၂) လူနှင့်တိရိစ္ဆာန်တို့ ၏ မွတ်သိပ်ခြင်းကို ပယ်ဖျောက်နိင်သကဲ့သို့ နိဗ္ဗာန်သည် ကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာတည်းဟူသော မွတ်သိပ်ခြင်း တို့ ကို ပယ်ဖျောက်နိင်၏။
ရေ၏ ဤဂုဏ် နှစ်ပါးတို့ သည် နိဗ္ဗာန်နှင့် ဆီလျော်ကုန်၏။

ဆေး၏ ဂုဏ်သုံးပါး
(၁) ဆေးသည် အဆိပ်သင့်သော သတ္တ၀ါ တို့ ၏ ကိုးကွယ်ရာဖြစ်သကဲ့သို့ နိဗ္ဗာန်သည် ကိလေသာ အဆိပ်သင့်သော သတ္တ၀ါတို့ ၏ ကိုးကွယ်ရာဖြစ်၏။
(၂) ဆေးသည် အနာရောဂါတို့ ၏ အဆုံးကို ပြုတတ်သကဲ့သို့ နိဗ္ဗာန်သည် အလုံးစုံသော ၀ဋ်ဆင်းရဲတို့ ၏ အဆုံးကိုပြုတတ်၏။
(၃) ဆေးသည် အသက်မသေအောင် စောင့်ရှောက်တတ်သကဲ့သို့ နိဗ္ဗာန်သည် သေခြင်းကင်းအောင် စောင့်ရှောက်တတ်၏
ဆေး၏ ဤဂုဏ်သုံးပါးတို့ သည် နိဗ္ဗာန်နှင့် ဆီလျော်ကုန်၏။

မဟာသမုဒ္ဒရာ၏ ဂုဏ်လေးပါး
(၁) မဟာသမုဒ္ဒရာသည် အလုံးစုံသော အသေကောင်ပုပ်တို့ မှ ကင်းဆိတ်သကဲ့သို့ နိဗ္ဗာန်သည် အလုံးစုံသော ကိလေသာအပုပ်တို့ မှ ကင်းဆိတ်၏။
(၂) သမုဒ္ဒရာသည် ကြီးကျယ် ၏။ တစ်ဖယ်ကမ်းဟူ၍ မရှိ။ အလုံးစုံသော မြစ်တို့ စီးဝင် ပြည့်သွားပြီ ဟူ၍လည်း မရှိနိင်သကဲ့သို့ နိဗ္ဗာန်သည် ကြီးကျယ်၏။
(၃) မဟာသမုဒ္ဒရာသည် ကြီးမားသော သတ္တ၀ါတို့ ၏ နေရာဖြစ်သကဲ့သို့ နိဗ္ဗာန်သည်လည်း အာသ၀ကုန်ပြီးသော ဘုရား ရဟန္တာ တို့ ၏ နေရာဖြစ်၏။
(၄) မဟာသမုဒ္ဒရာသည် မနှိုင်း ရှည်အပ်ကုန်သော အထူးထူးအပြားပြား ပြန့် ပြောစွာကုန်သော လှိုင်းတံပိုးတို့ ဖြင့် ရောပြွမ်းနေသကဲ့သို့ နိဗ္ဗာန်သည် မနှိုင်းရှည့်အပ်ကုန်သော အထူးထူးအပြားပြား ပြန့် ပြောလှစွာ ကုန်သော ၀ိဇ္ဇာ ၀ိမုတ္တိပန်းတို့ ဖြင့် ရောပြွမ်း၏။
မဟာသမုဒ္ဒရာ၏ ဤဂုဏ်လေးပါး တို့ သည် နိဗ္ဗာန် နှင့် ဆီလျော်ကုန်၏။

ဘောဇဉ်၏ ဂုဏ်ငါးပါး
(၁) ဘောဇဉ်သည် သတ္တ၀ါတို့ အား အသက်ပေးသကဲ့သို့ နိဗ္ဗာန်သည် မိမိအား မျက်မှောက်ပြုသူ အားလုံးသော သေဆုံးခြင်းမှ ကယ်တင်တော်မူ၏။
(၂) ဘောဇဉ်သည် အလုံးစုံသော သတ္တ၀ါတို့ ၏ အင်အားကို တိုးပွားစေသကဲ့သို့ နိဗ္ဗာန်သည် မိမိအား မျက်မှောက်ပြုသောသူ အားလုံးတို့ ၏ တန်ခိုးအင်အားကို တိုးပွားစေ၏။
(၃) ဘောဇဉ်သည် အလုံးစုံသော သတ္တ၀ါတို့ အား အဆင်းလှစေသကဲ့သို့ နိဗ္ဗာန်သည် မိမိ ကိုမျက်မှောက်ပြုသူ အားလုံးတို့ အား ဂုဏ်သတင်းမွေးပျံခြင်းတို့ ဖြစ်စေ၏။
(၄) ဘောဇဉ်သည် အလုံးစုံသော သတ္တ၀ါတို့ ၏ ပူပန်ခြင်းကို ငြိမ်းစေသကဲ့သို့ နိဗ္ဗာန်သည် မိမိ ကို မျက်မှောက်ပြုသူ အားလုံးတို့ ၏ ကိလေသာဟူသော ပူပန်မူကို ငြိမ်းအေးစေ၏။
(၅) ဘောဇဉ်သည် အလုံးစုံသော သတ္တ၀ါတို့ ၏ ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်သကဲ့သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသူ အားလုံးတို့ ၏ ဆင်းရဲခြင်းဟူသော ဆာလောင်ခြင်းကို ပယ်ဖျက်ပေး၏။
ဘောဇဉ်၏ ဤဂုဏ်ငါးပါးတို့ သည် နိဗ္ဗာန် နှင့်ဆီလျော်ကုန်၏။

ကောင်းကင်၏ ဂုဏ်ဆယ်ပါး
ကောင်းကင်သည် ပဋိသန္ဓေ မနေ မအို၊ မနာ၊ မသေ၊ မဖြစ်ပေါ်၊ မညှဉ်းဆဲ ပုတ်ခတ်၍ မရနိင်။ ခိုးသူတို့ မဆောင်ယူနိင်။ တစ်စုံတစ်ယောက်ကိုမျှ မမှီခို။ အပိတ်အပင် အတားအဆီးမရှိ။ အဆုံးအပိုင်းအခြား မရှိသကဲ့သို့ နိဗ္ဗာန်သည် ပဋိသန္ဓေ မနေ မအို မနာ မသေ မဖြစ်ပေါ်ညှဉ်းဆဲပုတ်ခတ်၍ မရနိင်။ တစ်စုံတခုကိုမျှ မမှီခို။ အပိတ်အပင် အတားအဆီးမရှိ။ အဆုံးအပိုင်းအခြားမရှိ။
ကောင်းကင်၏ ဤဂုဏ်ဆယ်ပါးတို့ သည် နိဗ္ဗာန် နှင့်ဆီလျော်ကုန်၏။

ပတ္တမြားရတနာ၏ ဂုဏ်သုံးပါး
(၁) ပတ္တမြားရတနာသည် အလိုရှိရာပေးနိင်သကဲ့သို့ နိဗ္ဗာန်သည် အလိုရှိရာကို ပေးနိင်၏။
(၂) ပတ္တမြားရတနာသည် မိမိကို ရူမြင်သူတို့ အား ကြည်လင်ရွင်လန်းစေသကဲ့သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသူတို့ အား ကြည်လင်ရွင်လန်းစေ၏။
(၃) ပတ္တမြားရတနာသည် ထွန်းလင်းတောက်ပ ဘိသကဲ့သို့ နိဗ္ဗာန်သည် ငြိမ်းချမ်းသော သဘောလက္ခဏအားဖြင့် ထွန်းလင်းတောက်ပ၏။
ပတ္တမြားရတနာ၏ ဤဂုဏ်သုံးပါးတို့ သည် နိဗ္ဗာန် နှင့်ဆီလျော်ကုန်၏။

စန္ဒကူးနီ၏ ဂုဏ်သုံးပါး
(၁) စန္ဒကူးနီ သည် ရနိင်ခဲသကဲ့သို့ နိဗ္ဗာန်သည် ရနိင်ခဲ၏။
(၂) စန္ဒကူးနီသည် အတုမရှိ ကောင်းသော အနံ့ ရှိသကဲ့သို့ နိဗ္ဗာန်သည် အတုမရှိ ကောင်းသော သဘောလက္ခဏရှိ၏။
(၃) စန္ဒကူးနီ ကို လူတော် လူကောင်းတို့ ချီးကျူးရသကဲ့သို့ နိဗ္ဗာန်ကို အရိယာ သူတော်ကောင်းတို့ ချီးကျူးကြရကုန်၏။
စန္ဒကူး၏ ဤဂုဏ်သုံးပါးတို့ သည် နိဗ္ဗာန် နှင့် ဆီလျော်ကုန်၏။

ထောပတ်ကြည်၏ ဂုဏ်သုံးပါး
(၁) ထောပတ်ကြည် သည် အဆင်း နှင့်ပြည့်စုံသကဲ့သို့ နိဗ္ဗာန်သည် ဂုဏ်သတင်း ကောင်းနှင့်ပြည့်စုံ၏။
(၂) ထောပတ်ကြည်သည် အနံ့ နှင့်ပြည့်စုံသကဲ့သို့ နိဗ္ဗာန်သည် သီလ နှင့်ပြည့်စုံ၏။
(၃) ထောပတ်ကြည်သည် အရသာနှင့် ပြည့်စုံသကဲ့သို့ နိဗ္ဗာန်သည် ၀ိမုတ္တိအရသာနှင့် ပြည့်စုံ၏။
ထောပတ်ကြည်၏ ဤဂုဏ် သုံးပါး တို့ သည် နိဗ္ဗာန် နှင့်ဆီလျော်ကုန်၏။

တောင်ထွတ်၏ ဂုဏ်ငါးပါး
(၁) တောင်ထွတ်သည် အလွန်မြင့်မားသကဲ့သို့ နိဗ္ဗာန်သည် အလွန်မြင့်မြတ်၏။
(၂) တောင်ထွတ်သည် မတုန်လှုပ်သကဲ့သို့ နိဗ္ဗာန်သည် မတုန်လှုပ် ။
(၃) တောင်ထွတ်သည် တက်ရောက်ရန် ခဲယဉ်းသကဲ့သို့ နိဗ္ဗာန်သည် ကိလေသာတို့ တက်ရောက်ရန် ခဲယဉ်း၏။
(၄) တောင်ထွတ်သည် အလုံးစုံသော မျိုးစေ့တို့ ပေါက်ရောက်ရှင်သန်ရာ မဟုတ်သကဲ့သို့ နိဗ္ဗာန်သည် အလုံးစုံသော ကိလေသာတို့ ပေါက်ရောက် ရှင်သန်ရာမဟုတ်ပေ။
(၅) တောင်ထွတ်သည် ချစ်ခြင်း မုန်းခြင်း ကင်းလွတ်သကဲ့သို့ 
နိဗ္ဗာန်သည် ချစ်ခြင်း မုန်းခြင်း ကင်း၏။
တောင်ထွတ်၏ ဤဂုဏ်ငါးပါးတို့ သည် နိဗ္ဗာန် နှင့်ဆီလျော်ပေကုန်၏။
နိဗ္ဗာန် မျက်မှောက်ပြုသော သူသည် ဖြစ်ပြီး နိဗ္ဗာန်ကိုလည်း မျက်မှောက်မပြုပေ။ ဖြစ်ဆဲနိဗ္ဗာန်ကိုလည်း မျက်မှောက်မပြုပေ။ စင်စစ်အားဖြင့် ကောင်းစွာကျင့်သုံးသော ပုဂ္ဂိုလ်၏ မျက်မှောက်ပြုရာ အေးငြိမ်းသော ချမ်းသာအတိဖြစ်သော မွန်မြတ်သော တောင့်တအပ်သော နိဗ္ဗာန်ကား ထင်ရှားရှိသည်ပင်ဖြစ်၏။
ကိုယ်စိတ် နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။


ကျမ်းကိုး။ ။ မိလိန္ဒမင်းကြီး နှင့် အရှင်နာဂသိန်အမေးအဖြေ
(14.9.2012)
အင်ကြင်းကဗျာ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ