Thursday, August 29, 2013

ကိလေသာမြူတွေကို ဆေးကြောဖို့ရာ ဥပုသ်စောင့်


အမေး ။ ။ "ဥပုသ်သီလဆောက်တည်ရာ၌ လပြည့်, လကွယ် (လဆန်းလဆုတ် ၈-ရက်) နေ့များတွင် ဆောက်တည်ခြင်းသည် အခြားနေ့များ၌ ဆောက်တည်ခြင်းထက် အကျိုးများပါသလား" ဟူသော အမေး၌-


အဖြေ။ ။ ဥပုသ်သီလအတွက် ထူးခြား၍ အကျိုးမများပါ၊ သို့ရာတွင် ရှေးအစဉ်အလာဖြစ်၍ ဥပုသ်နေ့ဟု သတ်မှတ်ထားရာနေ့၌သာ စောင့်သုံးလေ့ရှိကြပါသည်။

အကျယ်ပြပါဦးမည်- "ဥပေါသထ" ဟူသော ပါဠိကို "ဥပုသ်" ဟု မြန်မာပြန်ကြ၏၊ ဥပ-ညစာမစားခြင်း, မေထုန်ရှောင်ခြင်းစသော ကောင်းသော အကျင့်နှင့် ပြည့်စုံ၍+ဝသထ-နေထိုင်ခြင်းဟု အနက်ထွက်၏၊ ထိုသို့ နေထိုင်ခြင်းကိုပင် "သီလ"ကို မပျက်အောင် စောင့်ခြင်း, ကျင့်သုံးခြင်းဖြစ်သောကြောင့် "ဥပုသ်စောင့်သုံးခြင်း" ဟု ခေါ်စမှတ်ပြုကြသည်၊ ထိုဥပုသ် စောင့်ပုံ အကျယ်ကို "ရတနာ့ဂုဏ်ရည်" ၌ ပြထားပြီးဖြစ်ပါသည်။

နေ့ရက် ထိုဥပုသ်စောင့်ဖို့ရာနေ့ရက်ကို ဘုရားပွင့်တော်မမူမီရှေးကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြ၏၊ တစ်လလျှင်-(၁) အဋ္ဌမီ (ရှစ်ရက်မြောက်နေ့) ဥပုသ်၊ (၂)စတုဒ္ဒတီ (ရက်မစုံလကွယ် ၁၄ရက်မြောက်နေ့) ဥပုသ်, (၃) ပန္နရသီ (၁၅-ရက်မြောက်နေ့)ဥပုသ်, (၄)ပါဋိဟာရိယ (အကြို-အပို) ဥပုသ်ဟု အကျဉ်အားဖြင့် ၄-မျိုးရှိ၏။



ပါဋိဟာရိယ (အကြိုဥပုသ်, အပိုဥပုသ်) သည် ထို သုံးရက်မရောက်မီ ကြိုတင်၍ စောင့်ရသော ၇-ရက်မြောက်, ၁၃-ရက်မြောက်, ၁၄-ရက်မြောက်ဥပုသ်၊ ထိုသုံးရက်၏ နောက်၌ အပိုဖြည့်စွက်၍ စောင့်ရသော ၉ရက်, လပြည့်ကျော် ၁ရက်, လဆန်း၁-ရက် ဥပုသ်၊ ထို့ပြင် ဝါတွင်း၌ ဝါ၏အလယ်ဝယ် ၁၅-ရက်မျှဖြစ်စေ, တစ်ဝါတွင်းလုံးဖြစ်စေ စောင့်သုံးကြသော ဥပုသ်များဖြစ်၏၊ ဤသို့အားဖြင့် ဥပုသ်စောင့်ရာရက်ဟု ရှေးရှေးက သတ်မှတ်ထားအပ်သော ရက်တွေ အတော်များစွာ ရှိပေသည်။

“စဉ်းစားဖွယ်”

"ဥပုသ်စောင့်ဖို့ရာ ရက်တွေ များလှချေတကား၊ ဘာ့ကြောင့် ထိုမျှလောက် များပြားအောင် ရှေးက သတ်မှတ်ခဲ့လေသနည်း" ဟု စဉ်းစားဖွယ်, မေးမြန်ဖွယ် ရှိ၏၊

အဖြေကား-လူအများ၏စိတ်အစဉ်၌ ကိလေသာမြူတွေ နေ့စဉ် တင်နေရကား ထိုကိလေသာမြူတွေကို ဆေးကြောသုတ်သင်ဖို့ရာထိုကဲ့သို့ မကြာမကြာ ဥပုသ်စောင့်ဖို့ရက်ကို သတ်မှတ်ခဲ့ကြပေသည်။

ချဲ့ပါဦးမည်-ဗုဒ္ဓမြတ်စွာသည် ဥပုသ်စောင့်ခြင်းကို ဦးခေါင်းလျှော်ခြင်းနှင့် ဥပမာပြ၍ ဝိသာခါအား ဩဝါဒပေးတော်မူ၏၊ လဆန်း၁-ရက်နေ့၌ နေရောင်ရှိသဖြင့် ဆံပင်တွေ သွေ့ခြောက်မည်ကို မြင်သော အမျိုးသမီးသည် ရေချိုး၍ ခေါင်းလျှော်၏၊ ဦးခေါင်းမှာ အညစ်အကြေးသန့်ရှင်း၍ ဆံပင်လည်း သွေ့ခြောက်သောကြောင့် ဦးခေါင်းသည် သန့်ရှင်းပေါ့ပါး၏၊ နောက်နောက်ရက်များ၌ ဦးခေါင်းဝယ် မြူမှုန်ကျခြင်း, အတွင်းက အညစ်အကြေးများ ဦးခေါင်းမှ ထွက်တတ်ခြင်းတို့ကြောင့် ၇-ရက်လောက် ကြာလျှင် ဦးခေါင်းသည် လေးလံလာပြန်၏၊ ထိုအခါတစ်ကြိမ် ခေါင်းလျှော်ရပြန်၏။

ထို့အတူ လူဝတ်ကြောင်တို့၏ စိတ်၌ ရာဂ, ဒေါသစသောမြူမှုန်တွေသည် ပျော်ပျော်ရွင်ရွင် နေစဉ်လည်း ကျရောက်၏၊ အလုပ်အကိုင် လုပ်ရင်း ကိုင်ရင်း, ရောင်းရင်း ဝယ်ရင်းလည်းကျရောက်၏၊ ထို့ကြောင့် ထိုစိတ်အစဉ်၌ ထိုမြူမှုန်တွေ သန့်ရှင်းအောင် အိမ်ယာအလုပ်တွေကို အနားပေးကာ, မေထုန်ကိုလည်း ရှောင်ကြဉ်ကာ ဥပုသ်စောင့်သောအားဖြင့် ဆေးကြောပစ်ရလေသည်၊ တစ်နေ့ တစ်ရက် စောင့်ရုံဖြင့် ကောင်းစွာ မရှင်းတတ်သောကြောင့် အကြိမ်, အပိုရက်များ၌လည်း စောင့်ရ၏၊

တစ်ကြိမ်စောင့်ပြီးနောက် ၇-ရက်လောက် ကြာလျှင် ကိလေသာမြူတွေအတော်များစွာ တင်လာပြန်သောကြောင့် ဥပုသ်စောင့်၍ ဆေးကြောရပြန်သည်၊ ထို့ကြောင့် ဥပုသ်စောင့်ဖို့ရက်ကို ရှေးရှေးကပင် အကြိမ်များစွာလည်းကောင်း, ၆-ရက် ၇-ရက် တစ်ကြိမ်လည်းကောင်း သတ်မှတ်ခဲ့ကြပေသည်၊

ယခုခေတ်အလိုက် ဥပုသ်နေ့မဟုတ်ဘဲ စနေ, တနင်္ဂနွေ ၂-ရက်မျှ ဆက်လက်၍ စောင့်ကြလျှင်လည်း ထိုရှေးရှေးစံချိန်ကို မှီနိုင်ပါ၏၊ သို့သော် စောင့်နိုင်ကြမည်တဲ့လော။


(မဟာဂန္ဓာရုံဆရာတော် ဖြေဆိုတော်မူသည်)

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ