Saturday, January 26, 2013

တိုးအေးပေါ်မှ အို..မိခင်

မမျှော်မလင့်၊ မိုးကြိုးသင့်သို့
ရင်နင့်ဖွယ်ရာ၊ သည်းဆတ်ခါမျှ
ကြမ္မာကံဆိုး၊ လွမ်းဇာတ်ပျိုးသည်
တိုးအေးနစ်သော ထိုတစ်နေ့။

ထိုနေ့မှသည်၊ ညညနေ့နေ့
မြင်တွေ့မကောင်း၊ သည်ဖြစ်ကြောင်းမှာ
အလောင်းထပ်မျှ၊ မြင်နေခဲ့ရ။

နေ့ရက်လျား၍
ဆယ့်ငါးရက်မြောက်၊ ခါချိန်ရောက်မှ
ရေအောက်ကဖော်၊ “တိုးအေး” ပေါ်ဝယ်
ညှိုးလျော်ကြေကွဲ၊ မိခင်ဇွဲကို
အသဲနင့်ဖွယ် မြင်ရသည်။


အရိုးစုမျှ၊ ကြွင်းသော်မှပင်
ချစ်လှရင်သွေး၊ သူ့ကလေးအား
ထွေးဆဲပိုက်ဆဲ၊ ယုယဆဲ ဟု
သဲသဲမဲမဲပြနေသူ။

ရေစီးကလှုပ်၊ လှိုင်းကပုတ်၍
စုပ်သည့်ရေမွှား၊ စားသည့်ရေပိုး
အကြောင်းဆိုးလည်း
တိုးကာ ကပ်ကာ၊ မေ့သည်းချာအား
မကွာမကွဲပိုက်ပွေ့ဆဲ။

အို….. မိခင်
သင် ဘေးကင်းရာ
ကူးခပ်ပါ၍၊ လွတ်ရာအဝေး
ပြေးနိုင်ပါလျက်၊ မပြေးရက်၍
အသက် စတေးလိုက်ရော့လား။

အို….. မိခင်
“ကိုယ်လျှင်မချိ၊ အမိသော်လဲ
သားတော်ခဲ” ဟု
စွဲလားဆိုထုံး၊ စကားလုံးကို
ချေမှုန်း တော်လှန်လိုက်ရော့သလား။

အို….. မိခင်
သင်နှင့်အတူ၊ သင့်သည်းအူနှယ်
ရည်တူပြည့်သိပ်၊ “မိခင်စိတ်” ဖြင့်
ယိုဖိတ်မေတ္တာ၊
စေတနာကို
ခါခါ ဦးညွှတ်လိုက်ပါ၏။……….။


(သမိန်သောင်း)


ဆရာကြီး ဦးသုခ ၏ မင်္ဂလသုတ်အဖွင့်(စာ-၁၂၃-၁၂၅)တွင် ဖတ်ရှုခဲ့ရသော ရင်နင့်ဖွယ်ရာ မိခင်မေတ္တာဖွဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ ၁၉၇၃ ခုနှစ် ရန်ကုန်-ဒလအကူး တိုးအေးသင်္ဘောနစ်မြုပ်စဉ်က တကယ့်ဖြစ်ရပ်မှန်တစ်ခုကို မြဝတီမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင် ကဗျာဆရာ ဆရာသမိန်သောင်း ရေးဖွဲ့ခဲ့သည်ဟု သိရပါသည်။ မူလက မည်သည့်ဂျာနယ်၊မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့ကြောင်း မသိရပါ။

အမေနေ့ကို ဂုဏ်ပြုလျက်  http://ver-bo-ten.blogspot.com/ ဒီနေရာမှာတွေ့လို့ ပြန်လည်ဝေငှလိုက်ပါတယ်။ သိပြီးသူများခွင့်လွတ်ရန်။

အမေများအားလုံးကို ဦးခိုက်ပူဇော်ပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ