အခန်း - ၈
ဘဝနိဂုံးသေဆုံးခြင်း
အဘိဓမ္မတသင်္ဂဟကျမ်း ဝီထိမုတ်ပိုင်း(ဘုံပိုင်း)
မှာ ဘဝနိဂုံး သေဆုံးခြင်းအကြောင်းဆိုတာ တစ်ခန်းတစ်ကဏ္ဍ အနေနဲ့ပါတယ်၊ ဘဝတစ်ခုရလာတဲ့ ပုဂ္ဂိုလ်တိုင်း
ဘဝတစ်ခုရဲ့ နိဂုံးဖြစ်တဲ့ သေဆုံးခြင်းနဲ့ ရင်ဆိုင်ကြရတယ်၊ ဘယ်အရာပဲဖြစ်ဖြစ် စ,ပါပြီဆိုရင်
အဆုံးနဲ့ပဲ ရင်ဆိုင်ကြရမှာပဲ၊ အရာခပ်သိမ်းက အစရှိရင် အဆုံးရှိတာပဲ၊ အဖြစ်ရှိရင် အပျက်ရှိတာပဲ၊
အတက်ရှိရင် အကျရှိမယ်၊ နုပျိုခြင်းရှိရင် အိုမင်းခြင်းရှိမယ်၊ ကျန်းမာခြင်းရှိရင် ရောဂါရခြင်းရှိမယ်ဆိုတာ
မရှောင်လွဲနိုင်တဲ့ သဘာဝတရားတွေပဲ၊ ဘဝမှာ မွေးဖွားခြင်းရှိသလို သေဆုံးခြင်းဆိုတဲ့ အဆုံးသတ်ရှိတယ်၊
မည့်သည့်သတ္တဝါမှာပဲဖြစ်ဖြစ် ဘဝတစ်ခုကို ရလာပြီဆိုလို့ရှိရင် ဘဝခရီးအချိန်ပိုင်းအတွင်းမှာ
ဘဝတစ်ခုရဲ့ အဆုံးနိဂုံးကို ရောက်ရှိသွားကြရတာ။
ခရီးသွားနေတဲ့ လူတွေဟာလည်းပဲ ခရီးလမ်းဆုံးပန်းတိုင်
destination ဆိုတာ ရှိတာချည်းပဲ၊ ဘယ်ခရီးသွားသွား ခရီးဆုံးဆိုတာ ရှိတာချည်းပဲ၊ မီးရထားစီးရင်လည်း
မီးရထားလမ်းရဲ့ ခရီးဆုံးဆိုတာ ရှိတယ်၊ ကားစီးရင်လည်း ကားလမ်းရဲ့ ခရီးဆုံးဆိုတာရှိတယ်၊
လေယျဉ်ပျံနဲ့ သွားလို့ရှိရင်လည်း လေယာဉ်ပျံရဲ့ ခရီးဆုံးဆိုတာရှိတယ်၊ လှေနဲ့သွားရင်လည်း
လှေရဲ့ ခရီးဆုံး၊ သဘောင်္နဲ့သွားရင်လည်း သင်္ဘောရဲ့
ခရီးဆုံးဆိုတာ ရှိတယ်။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း ခရီးဆုံးဆိုတဲ့နေရာဟာ ရှိကိုရှိမယ်၊
အဲဒါကြောင့်မို့ လူ့ဘဝရဲ့ နိဂုံး သေဆုံးခြင်းဆိုတာဟာ ဘဝတစ်ခုကို အဆုံးသတ်တာဖြစ်လို့
ဘဝနိဂုံး ခရီးဆုံးပဲ၊ ဘဝခရီးကို မိခင်ရဲ့ ဝမ်းထဲကနေ စတင်ပြီးတော့ လျှောက်လှမ်းလာခဲ့ကြတာ၊
နောက်ဆုံးမှာ သေဆုံးခြင်းမှာပဲ အဆုံးသတ်တယ်။
“မရဏပရိယော သာနံ ဇီဝိတံ
ဇီဝိတံ” - သတ္တဝါတွေရဲ့ အသက်ဟာ၊ မရဏ ပရိယောသာနံ - သေခြင်းမှာပဲ အဆုံးသတ်တယ်၊
မဆုံးတဲ့နေရာရယ်လို့ ရှိကို မရှိဘူးနော်၊ အရာခပ်သိမ်းမှာ အစရှိရင် အဆုံးရှိတာပဲ၊ “ဇရာ ပရိယောသာနံ ယောဗ္ဗနံ” ယောဗ္ဗနံ
- နုပျိုခြင်းဟာလည်းပဲ၊ ဇရာပရိယောသာနံ
- အိုမင်းခြင်းမှာပဲ ဆုံးတယ်တဲ့၊ ဆန့်ကျင်ဘက်ကလေးတွေနဲ့ သွားတယ်။
အဲဒါကြောင့်မို့လို ဘဝဆိုတာ ခန္ဓာငါးပါး
ရထားတဲ့ ဖြစ်စဉ်လေးတစ်ခုပဲ၊ တစ်ဘဝနဲ့တစ်ဘဝ မတူညီတဲ့ ကံ အကြောင်းတရားတွေကြောင့် မတူညီတဲ့
အခြေအနေတွေကို တွေ့ကြုံခံစားရတဲ့ အတိုင်းအတာ အချိန်ပိုင်းလေး တစ်ခုပဲ။
ထို့အတူ အတိုင်းအတာလေး တစ်ခုဟာ
အစရှိသလို အဆုံးလည်းပဲ ရှိတယ်တဲ့၊ အဲဒီအဆုံးဟာ “ဘဝနိဂုံး
သေဆုံးခြင်း” ပဲတဲ့၊ ဆိုလိုတာက စလာပြီ ဆိုလို့ရှိရင်
အဆုံးတစ်ခုတော့ ရှိမှာပဲ၊ အဲဒီတော့ အပြန်အလှန်အားဖြင့် စဉ်းစားကြည့်မယ်ဆိုရင် လုံးဝ
မစဘူးဆိုလျှင် အစမရှိလျှင် အဆုံးရှိနိုင်ပါ့မလား၊ (မရှိနိုင်ပါဘုရား)၊ မြတ်စွာဘုရားက
အစရှိရင်တော့ အဆုံးရှိလာမှာဆိုတော့ - ဆိုပါစို့ “ဇာတိပစ္စယော ဇရာမရဏံ” မွေးဖွားခြင်းကြောင့် အိုခြင်းနဲ့ သေခြင်းဟာ ဖြစ်ပေါ်တယ်၊
“မရဏန္တံ
ဟိ ဇီဝိတံ” ဇီဝိတံ- သတ္တဝါတွေရဲ့ အသက်ဟာ၊ မရဏန္တံ
- သေခြင်းမှာပဲ ဆုံးတယ်တဲ့။
“ဘဝတစ်ခုသည် သေခြင်းမှာ အဆုံးသတ်တယ်” ဆိုတော့ သတ္တဝါတွေ ဘာကြောင့် သေနေကြသလဲ? သေပုံသေနည်းက ဘယ်နှစ်မျိုးရှိပါသလဲ?
လောကမှာ သေပုံသေနည်း အမျိုးမျိုးရှိတဲ့ အထဲမှာ အဘိဓမ္မတသင်္ဂကျမ်းအရ ပြောရမယ်ဆိုရင် သတ္တဝါတစ်ဦး
သေတာဟာ အကြောင်းလေးမျိုး ရှိတယ်လို့ ပြောတယ်တဲ့။
နံပါတ် (၁) “အယုက္ခယ” တဲ့၊ သတ်မှတ်ထားတဲ့ သက်တမ်းတစ်ခုကုန်လို့ သေတာ အာယုက္ခယ
တဲ့၊ အာယု - ဆိုတာ သက်တမ်း၊ ခယ - ဆိုတာ ကုန်ဆုံးသွားတာ။ သက်တမ်းကုန်လို့ သေတာ၊ အဲဒါဟာ
အကြောင်းတစ်ခုပဲ၊ သေနေ့စေ့လို့ သေတယ်လို့ပြောရမှာပေါ့နော်။
လူတွေမှာ သက်တမ်းဆိုတာရှိတယ်၊ လူတွေရဲ့
သက်တမ်းဟာ အတည်တကျ မရှိဘူး၊ ရှည်တဲ့အခါ ရှည်တယ်၊ တိုတဲ့အခါ တိုတယ်၊ ထိုကဲ့သို့ အရှည်အတို
ဖြစ်ပေါ်နေခြင်းဟာ ယခင်ရက်တွေက ပြောခဲ့သလိုပဲ ဥတုနဲ့ အာဟာရက အဆုံးအဖြတ်ပေးသွားတာ၊ လူတွေရဲ့
သန္တာန်မှာရှိတဲ့ ဥတုနဲ့ အာဟာရ၊ လူတွေမှီခိုနေကြရတဲ့ ဥတုနဲ့ အာဟာရ။ ထို ဥတုအာဟာရ နှစ်ရပ်ပေါစ်စပ်ထားတဲ့
အခြေအနေပေါ်မှာ လူရဲ့ ဘဝက ရပ်တည်နေတာ ဖြစ်သောကြောင့် ယေဘုယျအားဖြင့် လူရဲ့သတ်တမ်း တစ်ခုကို
သတ်မှတ်ပြီးတော့ ပြောကြရတယ်။
လူတွေရဲ့ သက်တမ်းက အစဉ်အမြဲ သတ်မှတ်ထားတာ
မရှိဘူးတဲ့၊ ဘာလို့တုန်းဆိုလို့ရှိရင် လူ့သမိုင်းကြောင်းကို ပြန်ကြည့်လို့ရှိရင် လူတွေမှာ
တစ်ချိန်တစ်ခါ ရေတွက်လို့ မရလောက်အောင် အသက်တွေသိပ်ရှည်တဲ့ အသင်္ချေယျတမ်းဆိုတာလည်း ရောက်ခဲ့ဖူးတယ်နော်၊
အသက်ရှည်တဲ့ အတမ်း၊ ထို အသက်ရှည်တဲ့အတမ်းက ဖြည်းဖြည်း ဆုတ်ယုတ်လာတဲ့အခါကျတော့ တစ်သိန်းတမ်း၊
တစ်သိန်းတမ်းကက ၈-သောင်းတန်း၊ ၈-သောင်းတန်းကနေပြီးတော့ လျော့လာလိုက်တာ၊ ၆-သောင်းတမ်း၊
တဖြည်းဖြည်းနဲ့ နောက်ဆုံးကျတော့ ၁၀၀-တမ်း၊ ၁၀၀-တမ်းကနေ နောက် ၁၀-နှစ်တမ်း။
၁၀-နှစ်တမ်းကနေ တစ်ခါပြန်ပြီး လူ့ရဲ့သက်တမ်းဟာ
ရွေ့လျားသွားပြန်တယ်၊ အနှစ် ၂၀၊ အနှစ် ၂၀ က ၄၀ဆိုပြီးတော့ ခေါက်ချိုးခေါက်ချိုး လူတွေရဲ့သက်တမ်းက
တက်သွားတာ၊ မရေမတွက်နိုင်အောင် အသက်ရှည်သွားပြန်တယ်၊ လူတွေရဲ့ သက်တမ်းဟာ အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ တက်ချည်ကျချည် ဒီလိုရှိတယ်။
အခုသက်တမ်းဟာ ဆုတ်ယုတ်နေတဲ့ အတိုင်းအတာတစ်ခုလို့
ပြောမယ်၊ လူတွေရဲ့သက်တမ်းဟာ ဆုတ်ယုတ်နေတယ်၊ ဘာကြောင့် ဆုတ်ယုတ်တာတုန်းဆိုတော့ အဓိကအကြောင်းက
လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ အကုသိုလ်တရားတွေ ကြီးထွားလာမှုကြောင့် လူတွေရဲ့သက်တမ်းက တဖြည်းဖြည်း
ဆုတ်ယုတ်လာတယ်။
လူတွေရဲ့သန္တာန်မှာဖြစ်တဲ့ အကုသိုလ်တွေကြောင့်
ဥတုတွေပျက်လာတယ်၊ ဥတုတွေ ပျက်လာတဲ့အတွကြောင့် အာဟာရတွေက အဆီသြဇာ နည်းလာတယ်၊ အဲဒီ ဥတုပေါ်
မှီပြီးတော့ အဲဒီအာဟာရတွေကို မှီခိုစားသောက်နေရတဲ့ လူတွေရဲ့ သတ်တမ်းဟာလည်း လျော့ကျလာတယ်တဲ့၊
အကြောင်းအကျိုးက အဲသလို ဆက်စပ်ပြီးတော့ နေတယ်၊ မကောင်းတဲ့ ရာသီဥတုမှာ သီးပွင့်ကြတဲ့
အာဟာရတွေကို စားသုံးလို့ရှိရင် ထိုအာဟာရဓာတ်တွေက လူတွေရဲ့အသက်ကို နှစ်ပေါင်းများစွာကြာအောင်
ထိန်းထားနိုင်စွမ်းမရှိဘူး။
“သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ” သတ္တဝါ အားလု့းဟာ အာဟာရကြောင့် တည်တံ့ပြီးတော့ နေကြရတာ၊
အာဟာရကြောင့် နေကြရတာဆိုတာ အာဟာရက မထောက်ပံ့နိုင်ဘူးဆိုရင် အတ္တဝါတွေ မတည်တံ့နိုင်ဘူး၊
ဒါကြောင့်မို့ သက်တမ်းက တဖြည်းဖြည်း လျော့ကျလာသတဲ့။
ဒီလျော့ကျလာတဲ့ သက်တမ်းဟာ လူတွေရဲ့
ကံကြမ္မာပေါ်မှာ မှီတည်ပြီးနေတော့ လူအများစုက ကောင်းတဲ့စိတ်ထားတွေ မွေးလာလို့ ကောင်းတဲ့ကံတွေ
ပိုမိုများလာပြီ ဆိုလို့ရှိရင်လည်းပဲ ဥတုတွေပြောင်းလဲချက်၊ အာဟာရတွေ အဆီသြဇာ ပြည့်ဝလာမှုကြောင့်
လူရဲ့သက်တမ်းဟာ တဖြည်းဖြည်း တက်သွားမှာပေါ့။
တက်သွားပြီးနောက်ဆုံးမှာ ပြန်ကျလာတဲ့အချိန်
အနှစ် ၈-သောင်းတမ်း ရောက်ပြီဆိုရင် ဘဒ္ဒကမ္ဘာမှာ ငါးဆူမြောက်ဖြစ်တဲ့ အရိမေတ္တယျမြတ်စွာဘုရားဆိုတာ
ပွင့်မယ်တဲ့၊ ဒီလိုဆိုတယ်။
ဘုရားများဟာ “တက်ကပ်” မှာ ဘယ်တော့မှ မပွင့်ဘူးတဲ့၊ ဆုတ်ကပ်ကျမှ
ပွင့်တယ်၊ လူတွေရဲ့ သက်တမ်းဟာ တက်လိုက် ကျလိုက်ရှိတဲ့အထဲမယ် ကျသွားတဲ့အပိုင်း၊ အဲသလို
ဆုတ်လာတဲ့ အပိုင်းမှာလည်းပဲ အမြင့်ဆုံး ၁-သိန်းတမ်း၊ အနည်းဆုံး ၁၀၀-တမ်း၊ အဲဒီကြားမှာပဲ
ပွင့်တယ်တဲ့၊ ၁၀၀-တမ်းအောက် ကျသွားပြန်ရင်လည်း ဘုရားမပွင့်နိုင်ဘူး၊ ဘာဖြစ်လို့ မပွင့်တုန်းဆိုလို့ရှိရင်
ထိုအချိန် လူတွေရဲ့သန္တာန်မှာ လောဘတွေ ဒေါသတွေ မောဟတွေဟာ ကြီးစိုးနေသည့်အတွက်ကြောင့်
တရားဓမ္မကို ဟောပြောဖို့ရန် ခက်ခဲသွားတယ်၊ ခံနိုင်ရည်တွေ အားနည်းသွားတယ်၊ တရားကိုသိဖို့
အသိဉာဏ်တွေ အားနည်းသွားတယ်။
ဒီကနေ့ခေတ်တောင် လူတွေဟာ စားဝတ်နေရေးနဲ့
လုံးပမ်းပြီးတော့ နေကြတဲ့အတွက်ကြောင့် တရားဓမ္မ အားထုတ်ဖို့ဆိုတာ အင်မတန်မှ အခွင့်အရေးတွေ
နည်းလာတယ်၊ လူတွေရဲ့ စိတ်တွေဟာ ကြောင့်ကြစိတ်တွေ ပိုပြီးတေ့ များလာတယ်၊ ဒါ ကမ္ဘာကို
ခြုံပြီးတော့ ပြောတာနော်၊ တစ်ကမ္ဘာလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင် လူတွေရဲ့ အခြေအနေအရပ်ရပ်က
လွန်ခဲ့တဲ့ အနှစ် ၄၀- ၅၀ တုန်းကနဲ့ မတူဘူး၊ အများကြီး ပြောင်းလဲသွားပြီ။
လွန်ခဲ့တဲ့ အနှစ် ၄၀-၅၀ လောက်တုန်းက
လူတွေရဲ့ စိတ်ဓာတ်က အေးချမ်း ငြိမ်သက်မှုရှိသော်လည်း ဒီကနေ့ခေတ်မှာ ပိုပြီးတော့ ပူလောင်လာတယ်၊
လောဘတွေ ပိုများလာတယ်၊ ဒေါသတွေ ပိုများလာတယ်၊ ဘုန်းကြီးတို့ ဘဝမှာ မကြားဖူးတဲ့ အခြေအနေဆိုးတွေ
အခုကြားရတယ်၊ အားလုံးသိကြတဲ့အတိုင်း ဒီကနေ့ခေတ်မှာ ပေါ်လာတာ၊ Terrorism တဲ့၊ အကြမ်းဖက်ဝါဒတွေ
terrorist အကြမ်းဖက်သမားတို့၊ အကြမ်းဖက်သမားဝါဒတို့ ဆိုတာ ဘယ်သူ့ကိုမှ မရှောင်ဘူး၊
တွေ့သမျှ လူမှန်သမျှကို ဒုက္ခပေးတဲ့ဝါဒမျိုး ဖြစ်လာတယ်၊ ဟိုးရှေးတုန်းက ဒီလိုဟာမျိုး
မဟုတ်ဘူး၊ လူအချင်းချင်းမုန်းလို့ သတ်ချင်သတ်လိမ့်မယ်၊ ရာဇဝတ်မှုကျူးလွန်ပြီး သတ်ချင်သတ်လိမ့်မယ်၊
တစ်စုံတစ်ခုသောအကြောင်း ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်မယ်၊ အခုကျတော့ အဲလိုမဟုတ်ဘူး၊ ကိုယ်သိတဲ့လူရော
မသိတဲ့လူရော၊ အပြစ်ကင်းသူရော အပြစ်မကင်းသူရော အားလုံးရောပြီးတော့ ဘယ်သူသေသေ စိတ်ဓာတ်တွေ
ဝင်လာတယ်ပေါ့၊ “တိဗ္ဗော
အာဃာတော” အလွန်ပြင်းထန်တဲ့ အာဃာတတွေတဲ့၊ ဒီလိုပြောရမှာပေါ့။
လူတွေရဲ့ စိတ်ထဲမှာ အဲဒါတွေ ကိန်းအောင်းလာတယ်၊
ကိန်းအောင်းလာတာဟာ တဖြည်းဖြည်း များလာတဲ့သဘောရှိတယ်၊ လျော့သွားတယ်လို့ မရှိဘူးနော်၊
တစ်နေရာ တစ်နေရာမှာ လျော့ပါးနေတာ ရှိကောင်းရှိမယ်၊ နေရာတိုင်းမှာ လုံခြုံရေးဆိုတာ အတော်တင်းကြပ်လာတယ်၊ လေယာဉ်ပျံနဲ့ ခရီးသွားတဲ့ပုဂ္ဂိုလ်တိုင်း ဒါကို သတိထားမိလိမ့်မယ်၊
လေယာဉ်ပျံနဲ့ ခရီးသွားလို့ရှိရင် check in ဆိုတာ အမျိုးမျိုးပါပဲ၊ ဟိုလို check ဒီလို
check နဲ့၊ တချို့နိုင်ငံများဆိုလို့ရှိလျှင် စက်နဲ့ check လုပ်လိုက်လို့ရှိလျှင် အကုန်လုံး
အဝတ်အစားဘာညာ၊ မိမွေးဖမွေးတိုင်း ရုပ်ပုံထင်အောင် စက်ကိရိယာတွေ တီထွင်ပြီးတော့ထားတယ်၊
အဲဒီ စက်တွေတောင် တပ်ဆင်ပြီးတော့ ထားတယ်။
လေယာဉ်ပျံနဲ့ ခရီးသွားရာမှ လုံခြုံရေးတွေက
ပိုပြီးတော့တင်းကြပ်လာတယ်ဆိုတာကိုက အန္တရာယ်တွေ များလာတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေတယ်၊
မြေပြင်လမ်းလျှောက်ဦးမလား၊ မြေပြင်လမ်းလျှောက်မယ် ဆိုလို့ရှိရင် မိုင်းဗုံးတက်နင်းမိမှာ
အလွန်ကြောက်နေရတဲ့ အနေအထားမျိုး၊ ကောင်းကင်က သွားလည်း အန္တရာယ်မကင်းဘူး၊ မြေပြင်က လမ်းလျှောက်လည်း
အန္တရာယ်မကင်းဘူး၊ ရေထဲသွားပြန်တော့လည်း အန္တရာယ်မကင်းဘူး၊ အဲတော့ လူ့လောကကြီးဟာ လောဘ
ဒေါသ မောဟ တွေ ကြီးမားလာလို့ ကြီးထွားလာလို့၊ ဆုတ်ယုတ်ပျက်ပြားလာတယ်ဆိုတာ သေချာတဲ့
အချက် ၁-ခုပဲ။
လက်တွေ့မျက်မြင်နဲ့ ဆင်ခြင်သုံးသပ်ပြီေးတာ့
ကြည်မယ်ဆိုလို့ရှိရင် နှလုးရဲ့ အေးချမ်းမှုဆိုတာ အင်မတန်မှ နည်းလာတယ်၊ လူ့လောကမှာ လူတွေဟာ ယှဉ်ပြိုင်မှုတွေ များလာတယ်၊
စီးပွားတိုးတက်လာလေလေ ယှဉ်ပြိုင်မှုတွေ များလာလေလေ၊ အင်္ဂလိပ်လိုတော့ tension ခေါ်တာပေါ့၊
တိုးတက်ကြီးထွားလာလို့ရှိရင် tension တွေ ပိုများလာတယ်၊ မြန်မြန်တိုးတက်လေလေ
tension တွေ များလေလေ၊ စီးပွားဥစ္စာ တိုးတက်လေလေ tension များလေလေပဲ၊ လူတွေဟာ ပိုပြီးတော့
ငြိမ်းချမ်းသွားတာ မဟုတ်ဘူး။
နဂိုကတော့ ထင်ကောင်းထင်လိမ့်မယ်၊
မတောင့်မတ မကြောင့်မကျ စီးပွားဥစ္စာတွေ ဖြစ်ထွန်းလို့၊ ပိုက်ဆံတွေ များများရှိရင် ချမ်းချမ်းသာသာ
နေရမယ်၊ စိတ်အေးလက်အေး နေရမယ်လို့ ထင်ကောင်းထင်မယ်၊ မဟုတ်ဘူး၊ ချမ်းသာတဲ့သူက ပိုပြီးတော့
tension များတယ်နော်၊ သူတောင်စားကမှ ခွက်ကလေးချပြီး လမ်းဘေးမှာ အိပ်လို့ရသေးတယ်၊ ပိုက်ဆံချမ်းသာတဲ့သူက
ဘယ်အိပ်ရဲမလဲ၊ အဲဒီနေရာမျိုး။ tension ပိုများလာတာပေါ့၊
စီးပွားရေး တိုးတက်လာတာဆိုရင် တစ်ဖက်ကနေပြီေးတာ့ ကြောင့်ကြစိတွေ ဆိုတာဟာ ပူပန်တက်တဲ့
စိတ်တွေပဲ၊ ကြောင့်ကြတယ် ပူပန်တယ်ဆိုတာ ဘာပြောတာတုန်း ဆိုလို့ရှီရင် ဒေါမနဿကိုပြောတာ၊
ဒေါမနဿဆိုတဲ့ သဘောတရားက ဒေါသမူစိတ်မှာ ယှဉ်ပြီးတော့ဖြစ်တယ်၊ ဒေါသနဲ့ ယှဉ်တွဲပြီးတော့
လာတဲ့ ပူပန်ကြောင့်ကြမူတစ်ခုဖြစ်တယ်၊ ဒေါသတွေ ဖြစ်နေတယ်။
လူတွေက စိတ်ဆိုးမှ ဒေါသဖြစ်တယ်
ထင်နေတာ၊ မဟုတ်ဘူး၊ ကြောက်ရင်လည်း ဒေါသပဲ၊ မုန်းတီးတာတင် ဒေါသမဟုတ်ဘူး၊ စိတ်ဆိုးတာတင်
ဒေါသမဟုတ်ဘူး၊ ကြောက်တာလည်း ဒေါသပဲ၊ ဒါကြောင့်မို့ hatred, fear, anger လို့၊ ဒေါသနဲ့
ပတ်သက်ပြီေးတာ့ အင်္ဂလိပ်လို ပြန်ကြတာ၊ hatred တစ်ခုတည်းတင် ဒေါသ မဟုတ်ဘူး၊ fear လည်း
ဒေါသပဲ၊ စိုးရမ်ကြတယ်၊ ကြောက်လန့်ကြတယ်၊ ဒေါသနဲ့ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေတွေ၊
အဲဒီ စိတ်အခြေအနေတွေ ဖြစ်ပေါ်လာလျှင် peaceful mind ဆိုတာ ဆုံးရှုံးသွားတယ်၊ အဲဒီတော့
ခန္ဓာကိုယ်က ထွက်လာတဲ့ chemical တွေ ဓာတ်ငွေ့တွေကလည်း ဘယ်အေးချမ်းနိုင်တော့မလဲ။
မအေးချမ်းသည့်အတွက်ကြောင့် ကမ္ဘာကြီးဟာ
ပိုပိုပြီးပူလာတယ်၊ ဘယ်သူ့ကြောင့် ပူတာတုန်း၊ လူတွေပူလို့ ပူတာနော်၊ လူတွေ ပူလား မပူလားဆို
တစ်ယောက်ထိုင်သွားတဲ့နေရာ သွားပြီး ထိုင်ကြည့်ပါလား၊ ပူနေမှာပဲ၊ သေချာတယ်၊ ဒါကြောင့်မို့
ဒါတွေက ကျိုးကြောင်းအနေနဲ့ ဆက်သွယ်ပြီးတော့နေတာ၊ ‘ကမ္မပစ္စယ ဥတုသမုဋ္ဌာနံ’ ကံကို အခြေခံပြီးတော့ ဥတုရာသီတွေက ပြောင်းလဲနေတာ၊ ရာသီဥတုပေါ်မူတည်ပြီး
အာဟာရဓာတ်တွေက ပြောင်းလဲနေတာ၊ အာဟာရဓာတ်တွေပေါ် မှီနေရတဲ့ လူရဲ့သက်တမ်းဟာ ဆုတ်ယုတ်မှု၊
တိုးတက်မှုဆိုတာ ဖြစ်တာ။
ဒါကြောင့်မို့ လူ့ရဲ့သက်တမ်းဟာ
“အာယုဂဏနာယ
နိယမော နတ္ထိ” ဆိုတဲ့အတိုင်း သက်တမ်းရဲ့ အရေအတွက်
ဂဏန်းဟာ မမြဲဘူးတဲ့၊ ဘာလို့ မမြဲလဲဆိုလျှင် ခုနကလို ဥတုအာဟာရပေါ်မှာ မှီတည်ပြီး လူတွေရဲ့သက်တမ်းက
တက်လိုက်ကျလိုက်၊ ဒီလို နှစ်မျိုးကြုံနေလို့ မမြဲဘူး။
ယခုခေတ် ၁၀၀-တမ်းလို့ ခေါ်တာဟာ ၁၀၀
တိတိကို ပြောတာမဟုတ်ဘူး၊ တစ်ရာဆိုတာ ယေဘုယျစကားတစ်ခု၊ ၁၀၀ ရှည်ချင်ရှည်မယ်၊ ၁၂၀ ရှည်ချင်
ရှည်မယ်၊ ၁၀၀ တမ်းမှာပဲ ၁၆၀ လောက် ရှည်ချင်ရှည်မယ်၊
သို့သော်လည်း ၂၀၀ ထိအောင်ရောက်ဖို့ မရှိနိုင်ဘူးတဲ့၊ ဒီအောက်လျော့ကျပြီးတော့ လာတယ်၊
သတင်းစာထဲက နာရေးကြော်ငြာ ဖတ်ကြည့်လိုက်လျှင် ၆၀ ကျော်ဆို သွားကုန်ပြီနော်၊ အဲဒါကြောင့်မို့
တချို့က ၇၅နှစ်တမ်းလို့တောင်သတ်မှတ်တယ်၊ ၇၅နှစ်တမ်း၊ ဘာလို့တုန်းဆိုလျှင် အသက် ၅၀ လောက်၊
၆၀ လောက်ဆိုလျှင် အဘိုးကြီး အဘွားကြီး ဖြစ်လာပြီနော်၊ ၇၅ နှစ်ဆိုရင် တော်တော့ကို အသက်က
ကြီးသွားပြီလို့၊ အေး - သက်တမ်းကုန်ပြီဆိုရင်တော့လည်း ဘယ်သူပဲဖြစ်ဖြစ် သေဆုံးရမှာပဲတဲ့၊
ဒါ သက်တမ်းကုန်လို့သေတာ၊ “အာယုက္ခယ” လို့ခေါ်တယ်။
သို့သော် သက်တမ်းတိုတဲ့ ခေတ်ထဲမှာ
ဆေးဝါးတွေ ဓာတ်စာတွေနဲ့ နည်းအမျိုးမျိုးနဲ့ သက်တမ်းရှည်ဖို့ ကြိုးစားနေသူတွေလည်း ရှိတယ်၊
သို့သော် အောင်မြင်တယ်လို့တော့ မကြားရဘူးနော်၊ ရသာယနဆေးတွေ ဓာတ်စာတွေ အားကိုးပြီး အသက်ရှည်ဖို့
ကြိုးစားကြတယ်၊ ဘယ်လိုပဲ ကြိုးစားကြိုးစား၊ မြတ်စွာဘုရားတောင်မှ ၁၀၀-တမ်းမှာ လူဖြစ်လာရပေမယ့်
အသက် ၈၀ ပဲနေရတယ်။ မြတ်စွာဘုရား ကုသိုလ်ကံကို ပြောမယ်ဆိုရင် အသေင်္ချထိအောင် နေနိုင်တဲ့ကံ
ရှိသော်လည်းပဲ ဥတု အာဟာရဆိုတဲ့ အကြောင်းပေါ်မှာ အခြေပြုနေရသည့်အတွက် လူရဲ့ သက်တမ်းအတိုင်း
သက်တော် ၈၀-မှာ ပရိနိဗ္ဗာန် စံသွားရတယ်၊ အာယုက္ခယ သက်တမ်းကုန်လို့ သေတယ်တဲ့၊ ဒါ ရိုးရာသေတာ၊
အသက်ကြီးလို့ သေတယ်လို့ ပြောရမယ်။
သို့သော် သေပြီဆိုရင်တော့ အကြောင်းတစ်ခုခုတော့
လာတာပဲပေါ့၊ သေဖို့ရာ အကြောင်းတစ်ခုခု ဖြစ်လာတက်တယ်၊ ဒါကိုလည်းပဲ ဆင်ခြင်စဉ်စားထားသင့်တဲ့
အချက်တစ်ချက်ပဲ၊ “ဘဝအရေးဝယ် ထာဝရတွေးထားရမည့် အချက်များ” ဆိုပြီး ဘုန်းကြီးတို့ ဟောထားတဲ့တရားတစ်ပုဒ် ရှိတယ်၊ “မရဏဓမ္မော မှိ မရဏံ အနတီတော” ငါဟာ သေခြင်းသဘောရှိတယ်၊ သေခြင်းဆိုတဲ့ သဘာဝကို ငါကျော်ဖြတ်ပြီး
မသွားနိုင်ဘူး၊ ခုန်ကျော်လို့ မရဘူးဆိုတဲ့အချက်ကို တွေးရမယ်တဲ့၊ မတွေးဘဲ မနေရဘူး၊ မြတ်စွာဘုရားက
“အဘိဏှံ
ပစ္စဝေက္ခိတဗ္ဗံ” တဲ့၊ မပြတ်မလပ် ဆင်ခြင်ပေးရမယ်၊ ဒီလို
ဆင်ခြင်ပေးတာ အကျိုးရှိတယ်၊ ရှေးဆရာတော်ကြီးတွေလည်း “သေခြင်းတစ်ပါး၊ ဤတရားကား၊ စီးပွားများမြောင်၊ အကျိုးဆောင်သည်၊
အိုအောင် အောက်မေ့စီးဖြန်းကြ” တဲ့။
“စီးပွား” ဆိုတာ ပစ္စည်းဥစ္စာတွေ တိုးတက်တာကိုပြောတာ
မဟုတ်ဘူးနော်၊ စီးပွားဆိုတာ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေနိုင်တယ်လို့ ပြောတာ၊ သေခြင်းတစ်ပါး
ဤတရားကား စီးပွားများမြောင် အကျိုးတရားတွေ မြောက်မြားစွာ ရနိုင်တယ်၊ ဒီဘဝတင်ပဲ ဘာအကျိုးရတုန်း
ဆိုလို့ရှိရင် သေဆုံးတဲ့အခါမှာ ရဲရဲဝံဝံ သေဝံတယ်ပေါ့၊ သေခြင်းတရားကို ရင်ဆိုင်ဝံ့တယ်၊
အဲဒီ မကြောင်မရွံ့ ရင်ဆိုင်ဝံ့တာကိုက အကျိုးကျေးဇူး တစ်ခုပဲ၊ ကြောက်ကြောက်လန့်လန့်နဲ့
သေသွားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး ကောင်းရာသုဂတိ ရောက်နိုင်မှာတုန်း၊ အေးအေးချမ်းချမ်း
လုပ်နိုင်မှာ မဟုတ်ဘူးတဲ့။ ဒါကြောင့်မို့ ရဲရဲဝံ့ဝံ့ ပြုံးပြုံးရွှင်ရွှင်နဲ့ သေခြင်းတရားကို
ရင်ဆိုင်သွားနိုင်အောင် လေ့ကျင့်ထားရမယ်လို့ ဒီလိုပြောတာနော်။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။