ကံရှိရင် ဘုံရှိ
မြတ်စွာဘုရားဟောထားတဲ့ ၃၁-ဘုံဆိုတာ
ကံကို အခြေခံပြီးတော့ ဟောတာ ဖြစ်သောကြောင့် ကံရှိတယ်ဆိုတာ လက်ခံထားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ
၃၁-ဘုံရှိတယ်ဆိုတာ လက်ခံရမှာပေါ့၊ ကံ ကို လက်မခံနိုင်ရင် ၃၁-ဘုံရှိတယ် ဆိုတာကို လက်ခံမှာ
မဟုတ်ဘူးပေါ့၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဖန်ဆင်းတဲ့ ဝါဒကိုလက်မခံတာ မဟုတ်ဘူး၊
အကြောင်းမဲ့ဝါဒကို လက်မခံတာ မဟုတ်ဘူး၊ တကယ့်အဖြစ်မှန်ကို အကြောင်းနဲ့အကျိုး အကောင်းနဲ့အဆိုး
သေချာခွဲခြားပြီး၊ ကိုယ်တိုင်သိရှိပြီး မြတ်စွာဘုရားက လောကအကြောင်းကို ဟောတော်မူတယ်။
“သတ္တလောက သင်္ခါရလောက ကြကာသလောက” လို့ လောက ၃-ခု ရှိတယ်၊ အဲဒီလောကအကြောင်းကို ကိုယ်တိုင်
သိတောမူလို့ “လေကဝိဒူ” လို့ ခေါ်တာ၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ကြည့်မယ်ဆိုရင်
မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေဟာ အရည်အချင်းတွေချည်းပဲ၊ တခြားဘာသာတွေက ဘုရားကြည့်မယ်ဆိုရင်
သူတို့ရဲ့ဂုဏ်တွေက သတ္တဝါတွေနဲ့ ဆက်စပ်ပြီး ပြောနေတာတွေပဲ များတယ်၊ ဖန်ဆင်းတော်မူတဲ့
စွမ်းအားတို့, သနားတော်မူတဲ့ ကရုဏာတရားတို့ ဒါမျိုးတွေကြီးပဲ များတယ်၊ ဟော - ဂေါတမ
မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေထဲမှာ “ဖန်ဆင်းတော်မူတယ်” ဆိုတာ ပါလား၊ မပါဘူး၊ ဘယ်လောက် ကျေနပ်စရာကောင်းတုန်းဆို
မြတ်စွာဘုရားရဲ့ အရည်အချင်းမှာ ကြည့်- အရဟံဆိုတဲ့ ဂုဏ်တော်လေးတစ်ခု ကြည့်လိုက်တာနဲ့ပဲ
အလွန်ကျေနပ်စရာကောင်းတယ်။
အရဟံ အဓိပ္ပာယ်
အရဟံကို အဓိပ္ပာယ်မျိုးစုံ ဖွင့်ကြတယ်၊
ကျမ်းဂန်တွေမှာ အဓိပ္ပာယ် ၅-မျိုး ဖွင့်ပြတယ်၊ ၅-မျိုးထက်လည်း ပိုပြီးတော့ ဖွင့်ပြထားတယ်၊
အဲဒီ ၅-မျိုးထဲက ကျေနပ်စရာ အကောင်းဆုံးတစ်ခု ကြည့်လိုက်မယ်ဆိုရင် “အ+ရဟ” ဆိတ်ကွယ်ရာဆိုတာ မရှိဘူးတဲ့၊ မကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်
ဆိတ်ကွယ်ရာမရှိဘူး၊ မြတ်စွာဘုရားမှာ ဆိတ်ကွယ်ရာမရှိဘူး၊ ဆိုလိုတာက ဆိတ်ကွယ်ရာ မရှဘူးဆိုတာ
ဆိတ်ကွယ်ရာ၌သော်လည်း မကောင်းမှုကို မလုပ်ဘူးလို့ပြောတာ၊ ဒီကနေ့ခေတ် လူကြီးလူကောင်းလို့
ပြောတဲ့ပုဂ္ဂိုလ်တွေ ဘယ်သူမှ မမြင်ဘူးဆိုပြီး တစ်ယောက်တည်းနေရင် မကောင်းမှု လုပ်ကောင်း
လုပ်မိကြလိမ့်မယ်၊ မြတ်စွာဘုရားမှာတော့ အဲဒီလို ဆိတ်ကွယ်ရာဆိုတာ မရှိဘူးတဲ့။
လူတွေက တစ်ယောက်တည်းနေလို့ရှိရင်
ဘယ်သူမှမြင်တာ မဟုတ်ဘဲ ဆိုပြီးတော့ လုပ်လေ့ ရှိတက်ကြတယ်လေ၊ လူ့ရဲ့သဘာဝအတိုင်းပေါ့၊
ကိုယ်နေချင်သလို နေမယ်၊ ကိုယ်ပြောချင်သလိုပြောမယ်ဆိုပြီး - ဒါကိုပဲ ဂုဏ်တင်ပြီးတော့
“လွတ်လပ်မှု” လို့ သတ်မှတ်ကြတယ်၊ လူကြားထဲ သူကြားထဲကျတော့ ဟန်တောင်ကြတာ၊
လူသူမရှိဘူးဆိုရင် လွတ်လပ်မှုလို့ သတ်မှတ်ပြီးတော့ လုပ်ချင်ရာ လုပ်ဦးမယ်၊ မြတ်စွာဘုရားမှာ
မကောင်းတာလုပ်ဖို့ လွတ်လပ်တယ်ဆိုတဲ့ နေရာ ရှိကို မရှိဘူး။
မြတ်စွာဘုရားက ဟောတယ် - “နတ္တိလောကေ ရဟောနာမ ပါပကမ္မံ၊
ပကုဗ္ဗတော”
“မကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်အဖို့ တကယ်စင်စစ်ကတော့
ဆိတ်ကွယ်ရာဆိုတာ မရှိပါဘူး” တဲ့၊ ကိုယ်က ဆိတ်ကွယ်ရာရှိတယ်လို့သာ
ထင်နေတာ၊ ဘာပြုလို့ ဆိတ်ကွယ်ရာ မရှိတုန်းဆိုတော့ “အတ္တာ ဟိ ပုရိသဇာနာတိ” ကိုယ့်ကိုယ်ကို သိနေတာပဲ၊ ဆိတ်ကွယ်ရာဆိုတာ သူများမသိပေမယ့်
ကိုယ်သိတယ်၊ ကိုယ်သိနေတာကိုကပဲ ကိုယ့်စိတ်မလုံစရာပဲ၊ ငါ ကောင်းတယ်၊ ငါ မကောင်းဘူး၊
ဘယ်သူအရင်သိလဲ၊ ကိုယ်သိတော့ ဘယ်လိုလုပ် secret လုပ်လို့ ရမတုန်း၊ ကိုယ့်ကိုယ်ကို လိမ်လို့မှ
မရတာ၊ ဟုတ်တယ်မဟုတ်လား၊ top secret လို့သာ ပြောတာနော်၊ ကိုယ်က သိနေပြီ၊ မသိတဲ့လူ ရှိမှမရှိဘဲနဲ့၊
သိတဲ့ လူတွေချည့်ပဲ၊ နောက်ဆုံး ကိုယ့်အနားမှာ မမြင်ရတဲ့ သတ္တဝါတွေ ရှိတယ်၊ ကိုယ်ကမြင်လို့
မရှိဘူးထင်တာကိုး၊ Peeping Eye တွေ ဘယ်လောက်ရှိနေမှန်းမှ မသိတာ၊ ချောင်းကြည့်နေတဲ့
မျက်လုံးတွေနော်၊ ချောင်းမကြည့်ပေမယ့်လို့ မြင်နေရတဲ့ပုဂ္ဂိုလ်တွေ၊ လောကမှာ သူတစ်ပါးစိတ်သိတဲ့
ပုဂ္ဂိုလ်တွေ၊ ဝေးလံတဲ့ဒေကို လှမ်းပြီး မြင်နိုင်တဲ့သူကမြင်တယ်၊ ကိုယ်ကတော့ ဆိတ်ကွယ်ရာ
ထင်ပြီးတော့ လုပ်နေတာ၊ တကယ်ကတော့ ဆိတ်ကွယ်ရာဆိုတာ မရှိဘူးတဲ့၊ “မြတ်စွာဘုရားရဲ့ အရည်အသွေးက မကောင်းတာ ဆိုရင် ဆိတ်ကွယ်ရာတောင်မှ
မလုပ်ဘူး” ဆိုရင် ကမ်းကုန်နေပြီပေါ့၊ ဒါကြောင့်မို့
ကျေနပ်စရာကောင်းတယ်။
သမ္မာသမ္ဗုဒ္ဓေါ
“သမ္မာသမ္ဗုဒ္ဓေါ” ကြည့်လိုက်ဦးမလား၊ အလွန်ကျေနပ်စရာ
ကောင်းတယ်၊ ‘သမ္မာ’ ဆိုတာ မှန်တဲ့အတိုင်း၊ ‘သမ်’ - ကိုယ်တိုင်၊ ‘ဗုဒ္ဓ’ - သိတယ် မှန်ကန်တဲ့အတိုင်း ကိုယ်တိုင်သတိတာတဲ့၊
သူများက သင်ပေးလို့၊ သူများဆီကတစ်ဆင့် သိရတာမျိုး မဟုတ်ဘူး၊ ကိုယ်တိုင်သိတာ၊ ကိုယ်တိုင်သိတာနဲ့
သူများဆီက တစ်ဆင့် သိတာနဲ့ ဘယ်သူမလဲ၊ သူများဆီက တစ်ဆင့်ကြားတာ ပြောလို့ ရှိရင်တော့
လွဲချင်လွဲမှာပေါ့၊ ဟိုလူက မှားနေရင် ကိုယ်လည်းမှားမှာပေါ့၊ ကိုယ်တိုင်သိတာကျတော့ အမှားမှ
မရှိတော့တာကိုး၊ အေး . . .ဒါကြောင့်မို့ မြတ်စွာဘုရားက အင်မတန်မှ ကျေနပ်စရာ၊ အားကိုးစရာ
ကောင်းတယ်၊ “သမ္မာသမ္ဗုဒ္ဓေါ” တဲ့။
ဝိဇ္ဇာစရဏသမမ္ပန္နော
“ဝိဇ္ဇာစရဏသမမ္ပန္နော”
ကြည့်လိုက်ဦးမလား၊ “ဝိဇ္ဇာ”
ဆိုတာ ပညာဘက်က ပြည့်စုံနေပြီ၊ အေး . . . ပညာတော့ တော်ပါရဲ့ အကျင့်ကတော့ မကောင်းဘူး”
လို့ ပြောရမယ့် ပုဂ္ဂိုလ်မျိုးလည်း မဟုတ်ဘူး၊ ‘စရဏ’
ဆိုတဲ့ အကျင့်တရားနဲ့လည်း ပြည့်စုံတယ်၊ အသိဉာဏ်ဘက်ကလည်း ပြည့်စုံတယ်၊ အကျင့်ဆိုတဲ့
စရဏ တရားဘက်ကလည်း ပြည့်စုံတယ်ဆိုတော့ အကျင့်လည်း ကောင်းတယ်၊ အသိဉာဏ်လည်း ထက်မြက်တယ်ဆိုတော့
သြော် - လမ်းညွှန်ပေးဖို့ရာအတွက် လုံလောက်တဲ့ အနေအထားရှိတယ်၊ တခြားဘုရားတွေမှာ ဒီလို
ဂုဏ်မျိုးတွေမရှိဘူး၊ သူတို့စာအုပ်တွေဖတ်ကြည့်၊ ဒီဂုဏ်မျိုးမတွေ့ရဘူး၊ ဖန်ဆင်းတော်မူတဲ့
အရှင်သခင်တဲ့ ဒါပဲနော်၊ တစ်ခါတစ်လေ ဖန်ဆင်းတော်မူတဲ့ အရှင်သခင်က စိတ်ဆိုးတော်မူသေးတယ်၊
စိတ်ဆိုတော်မူ့ပြီးတော့ ဒဏ်ခတ်တော်မူလိုက်သေးတယ်ပေါ့၊ သူခိုင်းတာ မလုပ်ရ ကောင်းလားဆိုပြီး
စိတ်ဆိုးပြီးတော့ ဒဏ်ခတ်တော်မူသေးတယ်၊ ဂေါတမမြတ်စွာဘုရားက ဒါမျိုးမှ မဟုတ်ဘဲကိုး။
တချို့က တူတယ်ထင်တာ၊ ဘုရားဆိုတာ
တစ်ဆူတည်းပဲ ရှိတယ်ဆိုပြီးတော့ ယောင်ယောင်ဝါးဝါးလုပ်ပြီး ပြောတက်ကြတယ်၊ ဘုရားဆိုတာ
တစ်ဆူးတည်းပဲတဲ့၊ အဲဒီ တစ်ဆူဆိုတာ ဘယ်သူတုန်းဆိုရင် သူတို့ယုံကြည်တဲ့ဘုရား၊ တကယ်ကတော့
ဂေါတမမြတ်စွာဘုရားဟာ အဲဒီအရည်အသွေးကြောင့် ဘုရားဖြစ်တာ၊ ဒါဘုရားရဲ့ အရည်အသွေးလို့ခေါ်တယ်၊
“ကဲ - ဘုရားဆိုရင် ပြောစမ်း၊ ဒီအရည်အသွေးတွေရှိရဲ့လား”
လို့ မေးရမှာ၊ ဒီအရည်အသွေးတွေ မရှိဘူးလား၊ ဥပမာ - အကျင့်လည်း မကောင်းဘူး၊ အသိဉာဏ်လည်း
မပြည့်စုံဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လမ်းညွှန်မှုဟာ ဘယ်လိုလုပ် မှန်နိုင်မှာတုန်း၊
သူဟောပြောတဲ့ စကားလည်း ဘယ်လိုလုပ် စိတ်ချရမှာတုန်းတဲ့။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။