ဓမ္မဂုတ်။ ။ ဘုရား, တရား, သံဃာအကြောင်းကို
ဘယ်အရွယ်ကျမှ ကိုယ်တော်ကောင်းကောင်း သိသလဲ။
တပည့်တော်။ ။ အတော်အတန်တော့ ဘုန်းကြီးကျောင်း ရောက်ရင်
သိပါတယ်၊ ဆင်းတုတော်များကို ဘုရားအစစ်ရဲ့ ပုံတော်မှန်း အရိုးဓာတ်တော်များကို
စေတီတော်အတွင်းမှာ ဌာပနာထားမှန်းကိုတော့ ပိဋကစာပေကို တော်တော်များများ
သင်တဲ့အခါကျမှ သိပါတယ်၊ ပိဋကတရားတော်များနှင့် မဂ်ဖိုလ်နိဗ္ဗာန် တရားတော်များသာ တရားအစစ်ဆိုတာရယ်
အရိယာသံဃာတော်မှ သံဃာအစစ်ဆိုတာရယ်ကိုတော့ ပိဋကစာပေကို ကောင်းကောင်း လေ့လာပြီးတဲ့
အခါကျမှ ရှင်းရှင်းလင်းလင်း သိပါတယ်၊ အဲဒီအခါကျမှ ဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်တော်ကိုလဲ
မှန်းဆနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ဗုဒ္ဓဘာသာဝင် အများစုဟာ
ဗုဒ္ဓ,ဓမ္မ,သံဃာ့ အကြောင်းကို ကောင်းကောင်းသိဘို့ အလွယ်ဘူးပေါ့နော်။
တပည့်တော်။ ။ မလွယ်ပါဘူးဘုရား၊ ကောင်းကောင်းမသိကြလို့
ဘာသာရေးကိစ္စတွေမှာ အလွဲအချော် လုပ်နေကြတာ ဖြစ်ပါတယ်၊ ကောင်းကောင်းသိကြရင်
ဒီအလုပ်တွေဟာ ဘုရားအလိုတော်နှင့် ဆန့်ကျင်မှန်းသိကြမှာပါ၊ ဒီလိုသိရင်
အကျိုးမရှိတဲ့ ငွေကုန်မှုတွေ ဘယ်မှာ လုပ်ကြတော့မှာလဲ။
ဓမ္မဂုတ်။ ။ ဟုတ်ပါရဲ့,ကိုယ်တော်တို့အမျိုးဟာ
“သားကလေး ၅ နှစ်သားလောက်ရှိရင် ပစ္စည်းတတ်နိုင်တဲ့ မိဘက ရှင်ပြု အလှူပးကြတယ်”ဆိုတာ ဘယ်မှာ
ဘုရားအလိုတော် ဟုတ်တော့မှာလဲ၊ ကိုယ်တော့်ကို ဘယ်အရွယ်မှာ ရှင်ပြုတုန်း။
တပည့်တော်။ ။ တပည့်တော်ကို ၅ နှစ်ပြည့်ခါနီးမှာ
ရှင်ပြုပါတယ်၊ ရှင်ပြုတဲ့နေ့က ၁၂၆၆-ခုနှစ် တပိုတွဲလဆန်း ၁ဝရက်ဆိုတော့ ၅ နှစ်
ပြည့်ဘို့ ၁၉ ရက်သာ လိုပါတော့တယ်။
ဓမ္မဂုတ်။ ။ အဲဒီရှင်ပြုပြီးတော့ သင်္ကန်းဝတ်ရောလား။
တပည့်တော်။ ။ သင်္ကန်းဝတ်ဖို့ နေနေသာသာ ဘုန်းကြီးကျောင်းတောင်
မနေရသေးပါဘူး, အမျိုးထုံးစံအတိုင်းမို့ ရှင်ပြုတာပါ၊ နည်းလမ်း မကျတဲ့
အလုပ်တွေပါဘုရား။
ဓမ္မဂုတ်။ ။ အလှူလုပ်တဲ့ အခါတုန်းက မပျော်ဘူးလား။
တပည့်တော်။ ။ အလှူပေးပြီ ရှင်ပြုတဲ့အချိန်မှာ အိမ်ဝင်းထဲ
မဏ္ဍပ်ထိုးပြီး အလှူနေ့မတိုင်ခင် လူတွေ ထွက်ဝင် စားသောက်ကြ, မုန့်တွေ ကြော်ကြနှင့်
အလွန်ပျော်ပါတယ်။
ဓမ္မဂုတ်။ ။ အလှူနေ့မှာ မောင်ရှင်လောင်းလုပ်ရတာကော
မပျော်ဘူးလား။
တပည့်တော်။ ။ အဲဒီနေ့တော့ မောင်ရှင်လောင်းလုပ်ပြီး
ပိုးပုဆိုး တောင်ရှည်ဝတ်ရ, သနပ်ခါးလိမ်းရ, “ကလေးက ဣနြေ္ဒရတယ်ဟေ့”မြှောက်ကြလို့
ဣနြေ္ဒနဲ့ နေရတဲ့အတွက်မပျော်ပါဘူး, တပည့်တော်က ဆော့နေချင်တာ။
ဓမ္မဂုတ်။ ။ ရှင်လောင်းယူတဲ့ (လှည့်တဲ့) အခါကော
မပျော်ဘူးလား။
တပည့်တော်။
။ တပည့်တော်တို့ အရပ်မှာ ပထမရက်မှာ
ဝတ်စားပြီး ဆွေမျိုးလူကြီးများကို ကန်တော့ရပါတယ်၊ အဲဒါကို “ရှင်လောင်းလှည့်”လို့ခေါ်ပါတယ်၊
ဒုတိယအလှူရက်မှာ ကျောင်းက ရှင်လောင်းကို ခေါ်ယူလာတဲ့ သဘောမျိုးနဲ့
“ရှင်လောင်းယူ”လုပ်ပါတယ်။
ဓမ္မဂုတ်။ ။ကိုယ်တော်တို့ရွာမှာ
အဲဒီရှင်လောင်းယူတဲ့ အလုပ်က ပဌမရက် အလုပ်ထက် ကြီးကျယ်မှာပေါ့နော်။
တပည့်တော်။ ။ ကြီးကျယ်ပါတယ်, ရှင်လောင်းကြီးရင်
မြင်းစီးရပါတယ်, ရှင်လောင်းငယ်တော့ ထမ်းစင် စီးရပါတယ်၊ ၂ မျိုးလုံးမှာ
ရွှေထီးဆောင်းလျက်ချည်းပါ၊ တပည့်တော်က ငယ်တော့် ထမ်းစင်စီးရပါတယ်, ထမ်းစင်ရှေ့ကလူကြီးတွေက
တံခွန်ကုက္ကားကိုင်လို့ , အလှူ့ဒကာလဲ သပိတ် ပရိက္ခရာလွယ်လို့၊ မိန်းမ
ကြီးငယ်တွေတချို့က လှူဘွယ်ဝတ္ထုနှင့် မီး ထောင်ပြည့်ပူဇော်ဖို့ ဖယောင်းတိုင်များကို
ရွက်လို့, ဆွေမျိုးထဲက ချောတဲ့ အပျိုကလေးများက ကွမ်းတောင်ကိုင်လို့, ထမ်းစင်နောက်က
ဘုန်းကြီး ကျောင်းသားတွေက ရတုဆိုပြီး သျိုး(ရှိုး) ထိုးကြလို့ အဲဒီနောက်မှာ
ဒိုးပတ်ဆိုင်းးက တီးလို့ လိုက်ကြပါတယ်။
ဓမ္မဂုတ်။ ။ ရွာ့ထုံးစံအတိုင်းဆိုတော့
ပျော်စရာကောင်းပေ လိမ့်မယ်နော်။
တပည့်တော်။ ။ ပျော်စရာကောင်းပါတယ်, ရှင်လောင်းယူပုံကို
ထွက်ကြည့်တဲ့လူတွေ အပျော်ဆုံးကတော့ ဒိုးပတ်ဝိုင်း ပါဘဲဘုရား ၊ ဒိုးပတ်ဝိုင်းက
လမ်းဆုံတိုင်းမှာ ခပ်ကြာကြာ တီးလေ့ရှိပါတယ်။
ဓမ္မဂုတ်။ ။ အင်း……ရှေးထုံးစံဟာ အကျိုးရှိ-မရှိကို
မစဉ်းစားရင်တော့ အတော် ပျော်စရာကောင်းပါတယ်၊ ကိုယ်တော်တော့ ရွှေထီးဆောင်းပြီး
ထမ်းစင်စီးရတာ မပျော်ဘူးလား။
တပည့်တော်။ ။ တပည့်တော်တော့ ထမ်းစင်စီးတုန်းက ပျော်ဘို့
နေနေသာသာ ထမ်းစင်ပေါ်မှာအိပ်ပြီး ငိုက်နေလို့ အဖေကလောပြီး သတိပေးရပါသေးတယ်,
“ငိုက်မနေနဲ့ နောက်က ဘထွေးကြူကတာ ကြည့်”တဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်က တစ်မျိုးဘဲ, ဒီလို
အခါမျိုးဟာ စိတ်ကြီးဝင်ပြီး ပျော်ဘို့ အင်မတန်ကောင်းတာ, ဒါတောင် ကိုယ်တော်က
မပျော်ဘဲကိုး ဒါကြောင့်ကိုယ်တော်က “အနာဂတ်သာသနာရေး”ကျမ်းစာမှာ
ရှင်ပြုအလှူပေးကြပုံကို အပြစ်ပြပြီး ဝေဘန်ထားတာ ထင်တယ်။
တပည့်တော်။ ။ ဒါလဲ ပါကောင်းပါပါလိမ့်မယ်, ခေတ်အလိုက်
သုံးစရာတွေက များလာတော့ ဟိုရှေးခေတ်ကလို တရားတော်နဲ့ မလျော်တဲ့ အပိုကုန်အလှူဒါနကို
ပြုမဲ့အစား အကျိုးရှိတဲ့ အလှူဒါနကိုသာ ပြုစေချင်လို့လဲ ဖြစ်ပါတယ်၊ ငွေကုန်သလောက်
အကျိုးရှိစေချင်ပါတယ်, ခေတ်လူငယ်တို့က ဧကန် စိစစ်တော့မှာကိုလဲမြင်ပါတယ်၊
ဤအကြောင်းများကြောင့် တပည့်တော်က တင်ကြိုပြီး “အနာဂတ်သာသနာရေး”ကျမ်းစာမှာ
ဒါနအားလုံးကို စိစစ်ပြတာပါ၊ သည့်ပြင်လဲ ရပ်ရွာ ဘုန်းတော်ကြီးများကို
ရှေးကဘုန်းတော်ကြီးများလို ရွာဥုး ရွာထိပ်ကနေပြီး ရွာသားကလေးတွေကို ခေတ်အလိုက်
ပညာပေးကာ ဆရာသမားကောင်းများပီပီနဲ့ ထိပ်တန်းမှာ တည်မြဲ တည်စေချင်လို့ပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော့် ဆန္ဒအတိုင်းကော ဖြစ်ရဲ့လား။
တပည့်တော်။ ။ ကောင်းသော ပြုပြင်ရေးဆိုတာ အသိဉာဏ်ရှိသူသာ
လိုက်ရိုးထုံးစံဖြစ်ပါတယ်၊ အသိဉာဏ်မရှိသူအတွက်တော့ အကောင်း-မကေင်းမစဉ်းစားတတ်, အကျိုးရှိ-မရှိ
မသိတတ်တဲ့အတွက် မိရိုးဖလာ လိုက်ရမှ ကျေနပ်နိုင်ပါတယ်၊ ဒီကိစ္စမှာ အစိုးရကိုယ်တိုင်က
ဇိကုပ်ပြီး နတ်ပြည်တင်ရမဲ့ ကိစ္စမျိုးဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အင်း……အစိုးရဆိုတဲ့ သူမှာလဲ
တိုင်းသူပြည်သား လူအများနဲ့ဆန့်ကျင်ပြီး မှန်တာကို လုပ်ရဲ့တဲ့ သတ္တိက မလွယ်လှဘူး
ကိုယ်တော်။
တပည့်တော်။ ။ မှန်ပါတယ်, အစိုးရဆိုသူမှာ ပထမကိစ္စက
အမှားအမှန်ကို သိဖို့ဖြစ်ပါတယ်၊ မှားမှန်းသိသောအရာကို ပြုပြင်ဘို့က ဒုတိယကိစ္စပါ၊
ဘာသာရေးနှင့် စပ်လာလျှင် မှားတယ် မှန်တယ်ဆိုတာ လူဝတ်ကြောင်များကို မဆိုထားနဲ့
ပိဋကပါဠိတော် အဋ္ဌကထာကို ကောက်ချက်ချ၍ မသင်ယူခဲ့လျှင် “ပိဋက ကျွမ်းကျင်ပါပေ့”ဆိုတဲ့
ပညာရှင်သော်မှ သတိမမူဂူမမြင် ဖြစ်နိုင်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ စကားအရ စဉ်းစားလျှင်
ကိုယ်တော်ရဲ့ အမျိုးဟာ သရိုင်တစ်ရွာလုံးကို လွှမ်းမိုးနေကြောင်းကိုလဲ သိရပြီ၊
သရိုင်ရွာရဲ့ ရွာဥုး ရွာထိပ်က ဘုရားကျောင်းတွေလဲ ယခုအထိ ကိုယ်တော့်ဆွေမျိုးအများစုရဲ့
ကောင်းမှုများ ဖြစ်ကြောင်းကိုလဲ သိရပြီ, စိန်ဗေဒါကြီးကိုတောင် အနှောက်အရှက်ပေးတဲ့
အကြောင်းကိုလည်း သိရပြီ, ဒီလို လူဆိုး, လူကောင်း သောင်းပြောင်း ပြည့်နေသော
အမျိုးမှာ ကိုယ်တော် ဖြစ်ရေတဲ့အတွက် ဘယ်လို အကျိုးရတယ်ဆိုတာ ပြောစမ်းပါအုံး။
တပည့်တော်။ ။ ပွဲကြည့်ရ, ဇာတ်ဝတ္ထုများကို ကြားနာရတဲ့အခါ
ဇာတ်အဖွဲ့ကြီးလေ ဇာတ်ဝတ္ထု ကောင်းလေ အသိဉာဏ်တိုးလေ ဖြစ်ရသကဲ့သို့, ဆွေမျိုးကြီးထဲမှာ
အမျိုးမျိုး အဖုံဖုံ စုံအောင်တွေ့နေရလေတော့ ကလေးတုန်းက အမှတ်တမဲ့နေခဲ့ပေမဲ့
တော်တော်ကြီး၍ နိုင်ငံအရေး သာသနာတော် အရေးကို စဉ်းစားတတ်တဲ့ အရွယ်ရောက်တော့
ကိုယ်တွေ့မျက်မြင် သင်ခန်းစာတွေကိုလဲ ကိုယ့်အမျိုးထဲမှာပင် အတွင်းကျကျရရှိနေပါတယ်၊
အထက်လူ အောက်လူရဲ့ စိတ်နေစိတ်ထားကိုလဲ ကိုယ်တွေ့သိရပါတယ်၊ ဒါယကာ ဒါယိကာမများနှင့်
ဆက်ဆံနိုင်တဲ့ အရွယ်မှာလဲ ကိုယ့်အမျိုးနဲ့ နှိုင်းယှဉ်ပြီး သူတို့ရဲ့ စိတ်ထားကို
မှန်းဆနိုင်ပါတယ်၊ ဒီတော့ တက္ကသိုလ် “အထက်တန်းက ထွက်လာသူဟာ တက္ကသိုလ် ဗဟုသုတ
ရခဲ့သလို” လူနှင့် ဆိုင်ရာဗဟုသုတကို ပိုက်ဆံမကုန်ဘဲ တမင်္ဂလာလဲ မရှာရဘဲနှင့် အမျိုးထဲကပင်
အပြည့်အစုံရသောကြောင့် အမျိုးကြီးမှာ ဖြစ်ရတဲ့အတွက် အလွန်ကျေးဇူးများပါတယ် ဘုရား၊
မိမိအမျိုးက အရာရာမှာ လူတန်းစေ့ သူတွေများတော့ ခေတ်အလိုက် အထက်တန်း ရောက်နေကြတဲ့
ဒကာ-ဒကာမများနဲ့ ဆက်ဆံရာမှာလဲ အမျိုးတွေကို ကြည့်ပြီး ညှာညှာတာတာ ဆက်ဆံတတ်တဲ့
အလေ့အကျင့်ရနေလို့ အားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုင်း, ကိုင်း……ကိုယ်တော်ရဲ့
ငါးနှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာကို ကလေးဘဝ၌ အဆိုအကမှစ၍ ရှင်မပြုဘဲနှင့်
ရှင်ပြုလို့ ခေါ်ကြတဲ့ အလှူကိစ္စမှာ အိပ်ငိုက်ချင်တဲ့အထိတော့ သိရပါပြီ၊ ၆-နှစ်မှ
အထက်ဖြစ်သမျှအကြောင်း ကောင်း-မကောင်းကို တခန်းဆက်ကြဥုးစို့။
နိဂုံး။ ။ ငါးနှစ်တွင်းဝယ် ,ဒို့ငယ်ငယ်၌, ကိုယ့်ဝယ်ဖြစ်ပုံ,
စနစ်စုံအောင်, အကုန်ရေးသား, မလျှောက်အားလည်း, အများအတွက်, သိဖွယ်ချက်နှင့်,
မှတ်ချက်ယူနည်း, လျှောက်ထားပြီး၍, တစ်နည်း တွက်စရာ,အဆက်လာဘို့,ဤမှာ
ငါးနှစ်,နိဂုံးဖြစ်သည်…ပြည်ချစ်သူတို့ သိဘွယ်ဘို့။
♣♣ တစ်ဘဝသံသရာ စာအုပ်မှ ပူဇော်ပါသည်။