အခုခေတ် ဟန်ဆောင်လောကကြီးထဲမှာတောင်
သူ့ အုပ်စုနဲ့သူ ကြည်ညိုတဲ့သူတွေ ရှိကြသေးတာ၊
ဟန်ဆောင်မှု လုံးဝမပါတဲ့ တို့ဘုရားကို
ဘာလို့ မကြည်ညိုနိုင်ကြရမှာလဲ၊
ကြည်ညိုနိုင်ကြရမှာပေါ့၊
ဘုရား ဖြစ်တော်မူလာတော့
တကယ့် လုံ့လ ဝီရိယနဲ့ ပညာနဲ့
လောကသားတွေအပေါ်မှာ ကျေးဇူး ပြုတော်မူတာ၊
မေတ္တာထားပြီး မနေမနား တရားဟောတော် မူတယ်။
ပါရမီတွေ ဖြည့်လိုက်ရတာလည်း
လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း...
အချိန်ကာလတွေ အကြာကြီး...
ဒီအတောအတွင်း ပစ္စည်းဥစ္စာတွေ, စည်းစိမ်အိုးအိမ်တွေ,
ခြေလက်အင်္ဂါတွေ, အသားအသွေးတွေ,
မျက်လုံးတွေ စွန့်လှူခဲ့ရတယ်၊
ပြီးတော့ ချစ်လှပါတယ်ဆိုတဲ့
ဇနီးမယားနဲ့ သမီးသားတွေပါ လှူခဲ့ ရတယ်၊
ဒါ... ဘာပြုလို့လဲ၊ .... သဗ္ဗညုတဉာဏ်တော်ကြီးကို ရချင်လွန်းလို့...
ဉာဏ်တော်ကြီးနဲ့ လဲရတာ၊
ဘုရားအဖြစ်ကို လွယ်လွယ်ကလေးနဲ့ ရခဲ့တာ မဟုတ်ပါဘူး။
အဲဒီလို မနှိုင်းဆလောက်အောင်
တန်ဖိုးတွေ များစွာ ပေးပြီးမှ ဘုရားဖြစ်တော်မူလာရတာပါ၊
အဲဒီ ဘုရားကိုယ်တော်မြတ် တည်ထားခဲ့တဲ့
သာသနာတော်ကို ဘယ်မှာ ပျောက်ပျက်ခံလို့ တော်ပါ့မလဲ။
(မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြ၀ါဒမှ)