သံသရာခရီးကြမ်း လျှောက်လှမ်းကြရာဝယ်
ဘာဝရုပ်နဲ့ မန်ကျည်းစေ့
သူသူငါငါ ပြောနေတဲ့ နေရာမှာ ငါ မရှိဘူး၊
ငါ့အတ္တဆိုတော့ တကယ်အတ္တ ဟုတ်ရဲ့လား၊ အတ္တကောင်လေး ဝမ်းထဲမှာ ရှိတယ်လို့ ဆိုနေ ကြတယ်၊
ငါဆိုတဲ့အတ္တ, သူဆိုတဲ့အတ္တ မရှိဘူး၊ ဒီအတ္တကိုပဲ ယောကျာ်း,မိန်းမလို့ ဆိုနေကြတယ်၊ အမှန်ကတော့
ယောကျာ်း ဆိုတာ, မိန်းမဆိုတာလဲ မရှိပါဘူး။
လောက တချို့ ပညာရှိတွေက ဒါတွေကို လက်ခံနေ
ကြတယ်၊ မန်ကျည်းပင်မှာ အစေ့ရှိတယ်၊ ဒီအစေ့က အမြစ် ကနေ အဖျားရောက်အောင်သာ ဓာတ်ပေးနိုင်တယ်၊
ဘာဝရုပ်နဲ့ မန်ကျည်းစေ့ တူတယ်၊ ဘာဝရုပ်က တစ်ကိုယ်လုံးကို ပျံ့နှံ့ စေတယ်၊ မန်ကျည်းစေ့ဟာ
မန်ကျည်းပင် ကြီးလာရင် ဒီအစေ့ ပျောက်မသွားပေဘူးလား၊
ဘာဝရုပ်က တစ်ကိုယ်လုံးမှာ တစ်ညီတည်း နေတယ်၊
မျက်စိကို ကြည့်၊ သူ့မှာလဲ ကာယ ဘာဝ, နားမှာလဲ ကာယဘာဝç နှာခေါင်းမှာလဲ ဒီအတိုင်းပဲ၊
အဝိဇ္ဇာကုန်တဲ့ ရဟန္တာကြီးများမှာတော့ ကြိယာပဲ ရတော့တယ်၊ ကံရယ်လို့ မခေါ်နိုင်တော့ဘူး၊
ဖြစ်ရင် ဖြစ်ကာမတ္တပဲ။
ဆန်းပြားလှတဲ့ ထိုတဏှာ
တဏှာက သိပ်ဆန်းတယ်၊မိန်းမရဲ့ကိုယ်မှာရှိတဲ့
တဏှာ၊ သူဖြစ်ချင်တာက မိန်းမ ဖြစ်ချင်တယ်၊ သူဌေးကတော် ဖြစ်ချင်တယ်၊ မိဖုရား ဖြစ်ချင်တယ်၊
နတ်သမီး ဖြစ်ချင်တယ်၊ ယောကျာ်း ကလဲ သူဌေးကြီး ဖြစ်ချင်တယ်၊ သူဌေးသား ဖြစ်ချင်တယ်၊ နတ်သား ဖြစ်ချင်တယ်၊
သက်ကယ်ရိုး ထရံကာကနေ ပျဉ်ထောင် သွပ်မိုးကို
လိုချင်တယ်၊
သတ္တဝါတွေဟာ သူ့ကံအကျိုးပေးနဲ့သူ ဖြစ်လာတာပဲ၊
သင်္ဘောပင်အဖိုနဲ့ အမဟာ ဘာဝရုပ်ဓာတ်ချင်းဟာ မကွဲဘူး၊ ဒီလိုပဲ မိန်းမမှာလဲ သူ့ရဲ့ အကိုင်းအခက်တွေနဲ့၊
ယောကျာ်းလဲ ဒီလိုပါပဲ၊ ဒါတွေဟာ ပုံသဏ္ဌာန်တွေပဲ၊ တကယ်တော့ လူ တွေမှာ ဘာမှ မရှိပါဘူး၊
ရုပ်နဲ့ နာမ်သာ ရှိတယ်၊ ဒီရုပ်နာမ် က လွဲလို့ ဘာမှ မရှိဘူး။
ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း
တို့ ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်း၊ ဒီဘက်ကမ်းကတော့
ရောဂါတွေ ဖြစ်တယ်၊ ဟိုဘက်ကမ်းကတော့ အေးချမ်းတယ်၊
အေးချမ်းတဲ့ဘက်ကို မသွားချင်ဘူးလား၊ ဒီဘက်ကမ်းက ရုပ်နာမ် ခန္ဓာဝန်ကြီးဟာ ဝန်မလေဘူးလား။
ရောဂါဖြစ်နေတဲ့ ဒီဘက်ကမ်းက တို့ရဲ့ ကာမဘုံကြီးပဲ၊
ဖြစ်လိုက်ကြတဲ့ ရောဂါတွေ, လောဘရောဂါတွေ မဖြစ်ဘူးလားကွယ်။
(ဖြစ်ပါတယ်ဘုရား။)
ဒေါသရောဂါတွေကော မဖြစ်ဘူးလားကွယ်။
(ဖြစ်ပါတယ်ဘုရား။)
မောဟ မာန ဣဿာ မစ္ဆရိယရောဂါတွေလဲ ဖြစ်မနေကြ
ဘူးလား။
(ဖြစ်နေပါတယ်အရှင်ဘုရား။)
အေး ... ရောဂါတွေဖြစ်နေတဲ့ တို့ ဒီဘက်ကမ်းက
ဟိုဘက်ကမ်း ကူးသွားရင် မကောင်းပေဘူးလားကွယ်၊ ပျောက်မှာမှန်း သိလျက်သားနဲ့
လူတွေက ကိလေသာရောဂါကို ပေတေခံနေကြတယ်၊
ဟိုဘက်ကမ်းဖြစ်တဲ့ နိဗ္ဗာန်ကတော့ မလာနဲ့လို့ မငြင်းပါဘူး။
ဥစ္စာမရှိ ဆေးတော့ရှိ
ဒီ ရောဂါတွေအတွက် သောက်ဆေးစားဆေးဖြစ်တဲ့
သမားတော်ကြီး ဗုဒ္ဓရဲ့ ဘာဝနာဆေးတွေ ရှိတယ်၊ ဒါပေမယ့် သူတို့မှာက ဒီဘာဝနာ ဆေးကိုသောက်နိုင်လောက်
အောင် စားနိုင်လောက်အောင် သဒ္ဓါဆိုတဲ့ ဥစ္စာက မရှိတော့ ရောဂါ ဘယ်ပျောက်ပါ့မလဲ၊ ကိလေသာရောဂါတွေဟာ
ကြောက်စရာကောင်းတယ်၊ တို့ သာမညရောဂါက လူတစ်ယောက်ကို တစ်ဘဝသာ သတ်နိုင် တာ၊ ကိလေသာရောဂါတွေကတော့
ဘဝအဆက်ဆက် သတ်နေတယ်၊ ဒုက္ခအမျိုးမျိုးနဲ့ ခံရရုံပေါ့။
ဆင်းရဲနှစ်မျိုး
တို့ ဆင်းရဲကလဲ ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်းလို့ နှစ်မျိုးရှိတယ်၊ ကိုယ်ဆင်းရဲ
ဆိုတာက ကိုယ်ခန္ဓာမှာ ရောဂါရတာတွေမှန်သမျှ ကိုယ်ဆင်းရဲ တာပဲ၊ စာအလိုပြောရင် ကာယိကဒုက္ခပဲ၊
စိတ်ထဲမှာ ခံစားရတဲ့ ဆင်းရဲဝေဒနာမှန်သမျှ စိတ်ဆင်းရဲတာပဲ၊ စာအလိုကတော့ စေတသိကဒုက္ခပဲ၊
ဒီခန္ဓာဝန်ကြီး ရလာတာဟာ သမုဒယသစ္စာ အကြောင်းခံလာခဲ့တာ၊
သမုဒယကြောင့် ဒုက္ခဖြစ်ကြရတယ်၊ ဒီဒုက္ခကို ဒုက္ခမှန်းသိရင် သိပ်ကောင်းတာပေါ့၊ ခုလူတွေက
ဒုက္ခကို ဒုက္ခမှန်း မသိကြဘူး၊ ဒုက္ခကို သုခလို့ ထင်နေကြ တယ်၊ ကိုယ့်ကိုယ်ကို လိမ်နေကြတယ်၊
ဘယ်လောက် ကြောက်စရာကောင်းသလဲ။
နခသီခသုတ်ကိ ကြည့်
လူတွေမှာ နေ့စဉ်နှင့်အမျှ အကုသိုလ်တွေ ဖြစ်နေကြတယ်၊
ဒီအကုသိုလ်တွေဖြစ်ပြီး အပါယ်လေးပါး ရောက်ကြရတာ များ တယ်၊ ဒါ့ကြောင့် ဘုရားသခင်က နခသီခသုတ်ကို
ဟောတော် မူခဲ့တာ၊ နခသီခသုတ်မှာ မြတ်စွာဘုရားက ...
"ရဟန်းတို့ ... ငါဘုရားသခင်ရဲ့ လက်သည်းပေါ်မှာ
တင် ထားတဲ့ မြေမှုန့်နဲ့ ဇမ္ဗူဒိပ်မြေအပြင်မှာ ရှိနေတဲ့ မြေကြီး ဘယ် ဟာကများသလဲ"
ဒီလို မေးလိုက်တော့ ရဟန်းတော်တွေက... "ဥပမာ မနှိုင်းလောက်ပါဘုရား"လို့ လျှောက်ထားကြတယ်။
"ရဟန်းတို့ .... သေကုန် သေကုန်သော သတ္တဝါတွေဟာ
သေပြီးလို့ အပါယ်လေးပါး ရောက်ကြရတဲ့ သတ္တဝါတွေက ဇမ္ဗူဒိပ် မြေအပြင်မှာ ရှိတဲ့ မြေကြီးတွေလောက်
ရှိတယ်၊ လူ့ပြည် လူ့လောက စသည်ကို ပြန်ရောက်ကြတဲ့
သတ္တဝါ တွေကတော့ ငါဘုရားရဲ့ လက်သည်းပေါ်မှာ တင်ထားတဲ့ မြေမှုန့်လောက်မျှသာ ရှိတယ်"လို့
ဒီလို ဟောထားတယ်။
(နိဒါနဝဂ္ဂသံယုတ်၊
နှာ-၄၅၄။)
အကုသိုလ် အဖြစ်များကြပုံ
သတ္တဝါတွေ အကုသိုလ် အဖြစ်များပုံကို သေသေချာချာ
စဉ်းစားကြည့်လေ ကြောက်စရာကောင်းလေပဲ၊ မျက်စိက အဆင်းရူပါရုံ ချောချောလှလှလေးတွေ မြင်တဲ့အခါ
ဘာဖြစ် သလဲ၊ လောဘတဏှာ ဖြစ်ရတယ်၊ မကောင်းတဲ့ အာရုံတွေကို မြင်ရတဲ့အခါကျတော့ ဒေါသဖြစ်ရတယ်၊
နားပေါက်ကလဲ သဒ္ဒါရုံ အသံကောင်းကောင်းလေးတွေ ကြားရတော့ လောဘ တဏှာ ဖြစ်ရပြန်တယ်၊ တစ်ခါ
မကောင်းတဲ့အသံတွေ ကြားရ ပြန်တော့ ဒေါသဖြစ်ရပြန်တယ်၊ အမှတ်တမဲ့ နေပြန်တော့လဲ မောဟဖြစ်ရပြန်တယ်။
နှာခေါင်းပေါက်ကလဲ ထို့အတူပဲ၊ မွှေးမွှေးကြိုင်ကြိုင်ဆိုတဲ့
ကောင်းတဲ့ အနံ့ကလေးတွေ နမ်းရ ရှူရရင်
လောဘ, မကောင်းတဲ့ မစင် ဘင်ပုပ်နံ့တွေ နမ်းရ ရှူရရင် ဒေါသ ဖြစ် ကြရတယ်၊ အမှတ်တမဲ့ နေပြန်တော့
မောဟဖြစ်ရပြန်တယ်၊ လျှာပေါက်ကလဲ ဒီလိုပဲ၊ ကောင်းတဲ့ အရသာလေးတွေ စားနေ ရရင် သဘောကျ
ကျေနပ်ပြီး လောဘ၊ မကောင်းတဲ့ အရသာ တွေ စားရတဲ့အခါ စိတ်မချမ်းမသာ ဖြစ်ပြီး ဒေါသ ဖြစ်ကြ
ရတယ်။
အမှတ်တမဲ့ နေပြန်တော့ မောဟ ဖြစ်ပြန်တယ်၊
ဒီခန္ဓာ ကိုယ်ကြီးကတော့ ကောင်းတဲ့ အတွေ့အထိဖြစ်တဲ့ ဖောဋ္ဌဗ္ဗာရုံ လေးတွေနဲ့ နေရမယ်၊ ထိုင်ရမယ်၊
အိပ်ရမယ်ဆိုရင် လောဘ၊ နူးညံ့သိမ်မွေ့တဲ့ အဝတ်ကောင်းလေးတွေ ဝတ်ရုံသုံးစွဲနေရရင် ကျေနပ်သဘောကျနေတာ
လောဘ၊ မကောင်းတဲ့ နေရာ ထိုင်ခင်းနဲ့ တွေ့ထိဆိုတဲ့ စိတ်တွေကို ပျက်လို့၊
ဟော... ဒေါသ၊ သတ္တဝါတွေရဲ့ စိတ်ဟာ အဆင်း,
အနံ့, အရသာ, အတွေ့အထိ ဆိုတဲ့ အာရုံငါးပါးနဲ့ တွေ့တိုင်း တွေ့တိုင်း လောဘ, ဒေါသ, မောဟဆိုတဲ့
အကုသိုလ်တရားတွေနဲ့ လုံးလည်လိုက်ပြီး အချိန် ကုန်နေကြရတယ်။
စိတ်တည်းဟူသော မျောက်ကလေး
စိတ်ကလေးကလဲ အငြိမ်နေတာ မဟုတ်ဘူး၊ ညအိပ်ရာဝင်ပြီဆိုရင်
သူက ပိုပြီး သိရတယ်၊ ဟိုကြံ ဒီကြံ ကြံတယ်လေ၊ လောဘဖြစ်စရာကိုလဲ ကြံလိုက်တာပဲ၊ ဒေါသဖြစ်စရာကိုလဲ
ကြံလိုက်တာပဲ၊ ဒီစိတ်ဟာ မျောက်ကလေးနဲ့ တူတယ်။
ဥပမာ ပြောရရင် တံခါးငါးပေါက်ရှိတဲ့ အိမ်မှာ
ဒီမျောက် ကလေးကို ထည့်ထားကြ တယ်၊ လူတွေကတံခါးငါးပေါက်လုံး ဖွင့်ပြီး တစ်ယောက် တစ်ပေါက်စီ
စောင့်နေကြတယ်၊ မျောက်ကလေးဟာ အရှေ့ပေါက်က ထွက်မယ်ဆိုတဲ့ အကြံနဲ့ အရှေ့ ပြတင်းပေါက်
ပြေးတက်ပြီး ပြူတစ် ပြူတစ် လုပ်လိုက်တယ်၊
အရှေ့ပြတင်းပေါက်က လူက ခြောက်လွှတ်လိုက်တော့
အနောက်ပြတင်းပေါက် ပြေးပြန်တယ်၊ ဒီလိုပဲ အနောက် ပြတင်းပေါက်က လူက ခြောက်လွှတ်လိုက်ပြန်တယ်၊
ဒီ့ပြင် ပြတင်းပေါက်တွေကလဲဒီအတိုင်းပဲ၊ ထွက်ပြေးစရာထွက်ပေါက်
မရှိတော့ဘူးဆိုမှ ချောင်ကောင်းကောင်းမှာ အသာလေးပုနေ တော့တယ်၊
မျောက်နဲ့တူတဲ့ စိတ်ကလေးဟာလဲ မျက်စိတံခါး
ပေါက်က ပြူတစ် ပြူတစ် လုပ်လိုက်၊ မျက်စိတံခါးပေါက် ကနေ မထွက်နဲ့ဟဲ့လို့ နှင်လိုက်ပြန်၊
နှာခေါင်းတံခါးပေါက် ရောက်သွားပြန်တယ်၊ ဒီ မျောက်နဲ့တူတဲ့ စိတ်ကလေးကို လွတ်ထွက် မသွားအောင်
ဖမ်းရမယ်၊ ဘာနဲ့ ဖမ်းရမလဲ၊ ဘာဝနာနဲ့ ဖမ်းရမယ်။
ပါပသ္မိံ ရမတိ မနော
သတ္တဝါတွေရဲ့ စိတ်ဟာ မကောင်းမှုမှာသာ မွေ့လျော်ကြတယ်၊
သံသရာသွားကြတဲ့ အခါ ဘာဝနာမပါရင် ကြောက်စရာကောင်းတယ်၊ ကိုရင်တို့ ကိုယ့်စိတ်ကို ဘာဝနာနဲ့
ထိန်းပေးကြ၊ ဗုဒ္ဓါနုဿတိ မေတ္တာ အသုဘ မရဏဿတိ အစရှိတဲ့ ဘာဝနာတစ်ခုခုကို လက်ကိုင်ထားကြ၊
သီလကိုလဲ လုံခြုံအောင် ထိန်းကြ၊ နိသဂ္ဂိ ပစ္စည်းတွေ မထားကြနဲ့၊ ပစ္စည်းကပ္ပိယရင် အပ်အပ်စပ်စပ်
ဖြစ်အောင် ကပ္ပိကြ၊ အာပတ်တန်းလန်းနဲ့ စုတေရင် မလွယ် ဘူး၊ စာက ဘာတဲ့လဲ ....
"သာပတ္တိကဿ ဘိက္ခဝေ နိရယံ ဝါ ဝဒါမိ၊ တိရစ္ဆာနယောနိံ ဝါ"
အာပတ်နှင့်တကွ စုတေရင် ငရဲသော်လဲ ကျ၊ တိရစ္ဆာန်
သော်လဲ ဖြစ်၊ အောက်ထစ်ဆုံး ပြိတ္တာတော့ ကျိန်းသေတယ်၊ ဒါ့ကြောင့် ဦးပဉ္စင်းတို့ ကိုရင်တို့
ကောင်းကောင်းလေး နေလိုက်ကြစမ်းပါ၊ လမ်းသွားတာကအစ သတိလေးနဲ့ သွား လိုက်ကြစမ်းပါ၊ သံသရာသွား
အကုသိုလ်တွေ ယူမသွားကြ စမ်းပါနဲ့၊ ကဲ .... တော်ပြီ၊ သွားကြတော့။
ဓမ္မဗျူဟာ
အတွဲ(၁၈)၊
အမှတ်(၅)
(၁၉၇၉၊
ဧပြီလ)
