ဒါနစွမ်းအား ဆွမ်းတရား
သာသနာတွင်း ကုသိုလ်
ဘုန်းကြီးတို့
ဗုဒ္ဓမြတ်စွာပွင့်ထွန်းပေါ်ပေါက်လာတော့ ကုသိုလ်တွေ ပြုစရာ ပြည့်နေတာ ပဲ၊ အခု ဆွမ်းဒကာ
ဆွမ်းအမများ စဉ်းစား ကြည့်ကြ၊ ဗုဒ္ဓမြတ်စွာ သာသနာတော်နဲ့ မတွေ့ရင် အခုလို သံဃိကဒါန ဆွမ်းကုသိုလ်
ပြုဖို့ဆိုတာ မလွယ်ပါဘူး၊ သာသနာနဲ့တွေ့လို့ ဆွမ်းကုသိုလ် ပြုရတယ်၊ ကုသိုလ်တွေ ထဲမှာလဲ
သာသနာတွင်းကုသိုလ်, သာသနာပကုသိုလ် နှစ်မျိုး ရှိတဲ့အနက်က သာသနာတွင်းကုသိုလ်က အကျိုးအား သန်တယ်၊
ဗုဒ္ဓမြတ်စွာနဲ့
တွေ့ရလို့ ယခုလို သံဃိကဒါန ကုသိုလ်တွေ ပြုရတယ်၊ သာသနာနဲ့တွေ့တော့ ဆွမ်းကုသိုလ် ပြုကြတယ်၊
သူများပြုတာမြင်တော့ ကိုယ်ကလဲ ပြုချင်လာ တယ်၊ ဘုန်းကြီးက အကုန်အကျ နည်းနည်းနဲ့ ကုသိုလ်ရတာ
သဘောကျတယ်။
ဒါနသည် ဘာကို
အကျိုးပေးသလဲ
တချို့ ပိုက်ဆံတွေ
အကုန်အကျခံပြီး ကုသိုလ်တွေ ပြုကြတယ်၊ သိပ်ကုန်ပြီး
အကျိုး မရတော့ အလကားပဲ၊ တချို့ ကုသိုလ်ပြုချင်ကြတယ်၊ ဒါပေမယ့် မတတ်နိုင်ကြဘူး၊
မပြုနိုင် ကြဘူး၊ ဒါနဟာ အကုန်သက်သာမှ
ကောင်းတယ်၊ ဆွမ်း ဒါယကာ ဒါယိကာမတွေ
ဒါနဟာ ဘာကို အကျိုးပေးသလဲ တွေးကြည့်ပါ၊ ကိုယ်တိုင်ကိုယ်ကြပ် သဘောကျအောင် တွေး ကြည့်ပါ၊
သာမညလေးပဲလို့ သဘောမထားလိုက်ပါနဲ့၊
လယ်ယာမြေကောင်း မျိုးစေ့ချ
ဒီအကျိုး
ငါးမျိုးဟာ သာသနာပလဲ ရတယ်၊ သာသနာတွင်းလဲ ရတယ်၊ သာသနာတွင်းမှာ ဘုရားပါနေတယ်၊ ဘုရားရဲ့
ဝိနည်းတော်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ် နေကြတဲ့ သံဃာတွေ ပါနေတယ်၊ ပုဂ္ဂိုလ် တစ်ပါး
နှစ်ပါး မဟုတ်ဘူး၊ သံဃာမှာ ပရိနိဗ္ဗာန် ဝင်စံသွားတဲ့ အရိယာသံဃာ ကြီးတွေပါ ပါနေတယ်၊ ဘာပြုလို့လဲ၊
အသင်းအဖွဲ့ဖြစ်တဲ့
ဘုရားသားတော်အပေါင်း ပါနေတယ်၊ သံဃိကကျောင်းတွေ လှူတယ်၊ နေနေ မနေနေ ကျောင်းအလှူလဲ သံဃိကဒါန
ဖြစ်တာပဲ၊ အခု ဆွမ်းလဲ ဒီလိုပဲ၊ “သံဃဿ ဒေမ”၊ လယ် မြေကောင်း မျိုးစေ့ ချလိုက်တာပဲ၊ ဆိုစမ်း-အလှူခံမှာ
...
“အလှူခံမှာ, လယ်ပမာ၊ လှူရှာသူများ, လယ်သမား၊
အများလှူဖွယ်, မျိုးစေ့နှယ်၊ နောင်ဝယ် အသီးစား”
အေး...အလှူခံပုဂ္ဂိုလ်တွေဟာ ဘာနဲ့ တူသလဲ၊
လယ်ယာ မြေနဲ့ တူတယ်၊ အလှူရှင်က ဘာနဲ့ တူသလဲ၊ လယ်ယာလုပ်တဲ့ သူနဲ့ တူတယ်၊ လှူဖွယ်ပစ္စည်းအစုနဲ့
စေတနာက မျိုးစေ့နဲ့ တူတယ်။
ဘက်စုံကောင်းမှ
အကျိုးပေးနိုင်
တို့လယ်ယာမြေက
ပေါင်းမြက်တွေ ရှုပ်နေရင် အပင်တွေဟာ ကြီးထွားနိုင်ပါ့မလား၊ မကြီးထွားနိုင်ဘူး၊ တစ်ခါ
လယ်ယာမြေ ကောင်းနေသော်လဲ မျိုးစေ့ မကောင်းရင်
အပင်ဟာ ကြီးထွား နိုင်ပါ့မလား၊ မကြီးထွားနိုင်ဘူး၊ မျိုးစေ့နဲ့ လယ်ယာမြေက ကောင်းနေသော်လဲ
လယ်လုပ်သူက နားမလည်နိုင်ရင်ကော အပင်ဟာ ကြီးထွားနိုင်ပါ့မလား၊ မကြီးထွားနိုင်ဘူး၊ ဒီတော့ကာ
လယ်ယာမြေနဲ့တူတဲ့ အလှူခံပုဂ္ဂိုလ်တွေက ကောင်းရမယ်၊
လယ်ယာလုပ်သူနဲ့တူတဲ့
အလှူရှင်တွေကလဲ လှူပုံ လှူနည်း နားလည်ရမယ်၊ မျိုးစေ့နဲ့တူတဲ့ စေတနာ ဝတ္ထုပစ္စည်းတွေ ကလဲ
သန့်ရှင်းစင်ကြယ်ရမယ်၊ ဒီလို ဘက်စုံမှ အကျိုးပေး သန်နိုင်တယ်။
အစ်မကြီးဘဒ္ဒါနှင့် ညီမ သုဘဒ္ဒါ
ကျမ်းဂန်တွေထဲမှာ ဒါနဲ့ ပတ်သက်လို့ တော်တော်
ကျယ်ကျယ် ဝန်းဝန်း လာတယ်၊ ဒီနေရာမှာသံဃိကဒါနနဲ့ပုဂ္ဂလိက
ဒါန အကျိုးပေး ကွာခြားပုံကို ဘုန်းကြီး နည်းနည်း ပြောချင် တယ်၊ ဟိုတုန်းက ရွာတစ်ရွာမှာ
ဘဒ္ဒါနဲ့သုဘဒ္ဒါဆိုတဲ့ညီအစ်မ နှစ်ယောက် နေကြတယ်၊
အစ်မကြီးဖြစ်တဲ့သူက
အိမ်ထောင် သည်ဘဝ ရောက်နေတယ်၊ ဒါပေမယ့် သူ့မှာ သား သမီးက မထွန်းကားဘူး၊ ဒီတော့ အစ်မကြီးက
စဉ်းစားတယ်၊ “ငါတို့ မရှိတဲ့နောက်မှာ ငါတို့ရဲ့ စီးပွားဥစ္စာတွေကို အမွေဆက်ခံ မည့်သူ
ရှိမှာ မဟုတ်ဘူး၊ မရှိရင် အားလုံး ပျက်စီးကုန်လိမ့် မယ်”လို့ စဉ်းစား ကြံစည်ပြီး ညီမဖြစ်တဲ့
သုဘဒ္ဒါကို သူ့ ယောကျာ်းနဲ့ လက်ဆက်ပေးလိုက်တယ်၊ ပြီးတော့ သူ့ညီမ ကိုလဲ နေ့စဉ်မပြတ် ဆုံးမတယ်၊
ဆုံးမပုံကလေးက
....
“ငါ့ညီမ ... ဒါနကို ပြုရတယ်၊ သီလကို ဆောက်တည်
ရတယ်၊ ဘာဝနာကို ပွားရတယ်” စသည်ဖြင့် ဆုံးမလိုက်တော့ ညီမဖြစ်သူကလဲ အစ်မကြီးရဲ့ အဆုံးအမပေါ်မှာ
တည်ပြီး နေ့စဉ်အမြဲ ပြုလုပ်ဆောင်ရွက်တယ်၊ တစ်နေ့တော့ ညီမဖြစ်တဲ့ သုဘဒ္ဒါက ဆွမ်းကပ်ချင်တယ်၊
ဆွမ်းကပ်ချင်တဲ့အကြောင်း ကိုလဲ သူ့အိမ်မှာ အမြဲထိုင်နေတဲ့ အရှင်ရေဝတကို လျှောက် ထားတယ်၊
ဒီတော့ အရှင်ရေဝတက “သုဘဒ္ဒါ... သင် ဆွမ်း ကပ်ချင်ရင် ပုဂ္ဂလိက မကပ်နဲ့ç သံဃိကကပ်၊ သံဃာကို
ရည်မှန်းပြီးတော့ ကပ်”လို့ အမိန့်ရှိလိုက်တယ်။
ညီအစ်မနှစ်ဦး
အကျိုးပေးပုံထူး
သုဘဒ္ဒါလဲ
အရှင်ရေဝတ အမိန့်ရှိလိုက်တဲ့ အတိုင်း သံဃာရှစ်ပါး ပင့်ပြီး
ဆွမ်း ကပ်တယ်။
“သံဃဿ ဒေမ၊ နိဗ္ဗာနပစ္စယော ဟောတု=သံဃာတော်
အား လှူပါ၏၊ နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ”လို့ ဒီလို အာရုံပြုပြီး လှူလိုက်တယ်၊ ဒါနဲ့
သူတို့ စုတေ သေလွန်တဲ့ အခါ ညီမဖြစ်သူက နိမ္မာနရတိနတ်ပြည်မှာ ဖြစ်တယ်၊
အစ်မ
ကြီး ဖြစ်သူက တာဝတိံသာနတ်ပြည်မှာ သွားဖြစ်ရတယ်၊ ညီမ ဖြစ်သူက စဉ်းစားတယ်၊ “ငါဟာ ဒီစည်းစိမ် ချမ်းသာတွေကို ဘယ်သူ့ အမှီပြုပြီး ရခဲ့တာပါလိမ့်မလဲ”လို့
စဉ်းစားလိုက်တော့ အရှင်ရေဝတ အဆုံးအမကြောင့် ရတာပဲလို့ သူမြင်တယ်၊
နောက်တစ်ခါ
“ငါ့အစ်မကြီးများ ဘယ်ရောက်နေပါလိမ့်မလဲ” လို့ စဉ်းစားကြည့်လိုက်ပြန်တော့ တာဝတိံသာမှာ
ဖြစ်နေ တာကို မြင်ရပြန်တယ်။
အစ်မကြီးခမျာ အံ့ဩရှာ
ဒါနဲ့ သုဘဒ္ဒါက
သူ့အစ်မကြီးရှိရာ တာဝတိံသာ နတ်ပြည်သို့
သွားတယ်၊ ဘုံချင်းကအလွန်ကွာခြားနေတော့ အရောင် အဝါချင်းကလဲ အလွန်ကွာခြားနေတာပေါ့၊
အရောင်အဝါတွေ တောက်နေတဲ့ နတ်သမီးကို မြင်လိုက်တော့ တော်တော် အံ့ဩ သွားတယ်၊ ဒါနဲ့ အစ်မကြီးက
မေးတယ်။
“သင်ဟာ ဘယ်ကပါလဲ၊ ငါတို့ရဲ့ ဘုံဌာနမှာ ဒီလို
အရောင် တောက်ပတဲ့ နတ်သမီးကို တစ်ခါမှ မမြင်ဖူးပါဘူး၊ ဘယ်လို အကြောင်းနဲ့များ လာခဲ့ပါသလဲ”
“ကျွန်မဟာ တခြားလူ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့
ဘဝ တုန်းက သင်နဲ့ ညီအစ်မ တော်ခဲ့ပါတယ်” စသည်ဖြင့် ပြော ကြားလိုက်တော့ အစ်မကြီးဖြစ်သူက
...
“ဒီလိုဖြင့် သင့်မှာတော့ အထက်နတ်ပြည်မှာ
ရောက်နေပြီး ငါ့မှာတော့ ဘာကြောင့် အောက်နတ်ပြည် ရောက်နေရပါသလဲ”
ဒီလို မေးလိုက်တော့ ညီမဖြစ်သူက ....
“ သာ ဒကိၡဏာ သံဃဂတာ, အပၸေမေယ် ပတိ႒ိတာ၊ ပုဂၢေလသု
တယာ ဒိနံ္န, န တံ တဝ မဟပ္ဖလံ။”
“သံဃဂတာ-သံဃာအားရောက်သော၊ ဝါ-သံဃာအား လှူသော၊
သာ ဒက္ခိဏာ-ထိုအလှူသည်၊ အပ္ပမေယျေ-မနှိုင်း အပ် မနှိုင်းယှဉ်နိုင်သော အကျိုး၌၊ ပတိဋ္ဌိတာ-တည်၏၊
တယာ-သင်အစ်မကြီးသည်၊ ပုဂ္ဂလေသု-ပုဂ္ဂိုလ်တို့၌၊ ဒိနံ္န-ပေးလှူအပ်ပြီ၊ တဝ-သင်အစ်မကြီး၏၊
တံ-ထိုပုဂ္ဂိုလ်၌ ပေး လှူအပ်သော အလှူသည်၊ န မဟပ္ဖလံ-ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး
မရှိနိုင်။”
သံဃိကဒါနနှင့် ပုဂ္ဂလိကဒါန
“သင်အစ်မကြီးက သံဃာကို ရည်မှန်းပြီးတော့မှ
မလှူပဲဘဲ၊ ပုဂ္ဂိုလ်ကို ရည်မှန်းပြီး လှူဒါန်းတော့ ဘယ်မှာလာပြီး အကျိုးကြီး နိုင်ပါတော့မလဲ”
“အမလေး ညီမရယ်၊ အစ်မလဲ စောစောကသာ ဒီလို သိရရင်
လှူတာပေါ့” စသည်ဖြင့် ပြောကြတယ်၊ ဒါ သံဃိက ဒါနနဲ့ ပုဂ္ဂလိကဒါန ကွာခြားပုံကို ပြောကြခြင်း
ဖြစ်တယ်၊ ဒီလို လူ့ဘဝ နတ်ဘဝတွေကို ဆုတောင်းရမယ်လို့ မဆိုလို ပါဘူး၊ ဒါကို ဆွမ်းဒကာ
ဆွမ်းအမတွေက သိထားကြပါ။
အသက်ကို ပေးလှူရာရောက်
ခုလို
သံဃာများဆွမ်းကပ်တော့ ဆွမ်းကို ဘုဉ်းပေးကြတဲ့ သံဃာများမှာ အသက်ရှည်တယ်၊ ဘာပြုလို့လဲ၊
၇ ရက်လောက် များ ဆွမ်းမစားရရင် ဒီသံဃာတွေ ပျော့ခွေနုံးချည့်ပြီး အားအင် ပြတ်မတ်တတ်ကလဲ
သေပွဲဝင်ရမယ်၊ ခုတော့ ဒီဆွမ်းကို ဘုဉ်းပေးလိုက်ရလို့ အသက်ရှည်တယ်၊ စာပေကျမ်းဂန်များ သင်အံ လေ့လာနိုင်တယ်၊
သမထ ဝိပဿနာတရားများ အား ထုတ်နိုင်ကြတယ်၊ ဒါကြောင့် ဆွမ်းလှူတဲ့
ဒါယကာ, ဒါယိကာမတွေဟာ အသက်ကိုလဲ ပေးလှူသည်မည်တယ်လို့ ဘုရားဟောခဲ့တယ်။
အဆင်းကိုလဲ လှူရာရောက်
ဒါတင်လားဆိုတော့
မဟုတ်သေးဘူး၊အဆင်းကိုလဲ ပေးလှူသည် မည်တယ်၊ ဘယ်လို ပေးလှူရာ ရောက်လဲ၊ ဒီ သံဃာတွေ ဆွမ်းကိုမှ
မဘုဉ်းပေးရရင် မျက်နှာတွေ ဘယ်လို ဖြစ်နေမလဲ၊ ဆွမ်း ဒါယကာ ဆွမ်းအမတွေ တွေးကြည့်ကြ၊ မျက်နှာတွေ
ရှုံ့တွ နေမယ်၊ မကြည်မလင် ဖြစ်နေမယ်၊ ဆွမ်းဘုဉ်းပေးလိုက်တဲ့ အခါ မျက်နှာတွေ ကြည်လင်လာမယ်၊
ဆွမ်းလှူတဲ့ ဒါယကာ ဒါယိကာမများမှာလဲ ဒီအကျိုးတွေ မုချ ခံစားရမယ်။
ချမ်းသာကိုလဲ လှူရာရောက်
နောက်တစ်ခုက ချမ်းသာကိုလဲ ပေးလှူသည် မည်တယ်၊ ဘယ်လို
ပေးလှူသလဲ၊ ဆွမ်းမစားရတော့ ဆင်းရဲတယ်၊ကလေးတွေများဆို
ငိုလိုက်တာ ကျူကျူပါလို့၊ သံဃာတွေလဲ ဆွမ်းမစားရရင် ကိုယ်တွေ ပိန်ချုံးပြီး
စိတ်တွေ မချမ်းမသာ ဖြစ်ကြရမယ်၊ ဒီ ဆွမ်းဘုဉ်းပေး လိုက်ရတော့ ကိုယ်လဲ
ချမ်းသာ၊ စိတ်လဲ ချမ်းသာ ဖြစ်ကြရတယ်၊ ဒါ့ကြောင့် ချမ်းသာကိုလဲ ပေးလှူရာ ရောက်တယ်။
ခွန်အားကို ပေးလှူရာရောက်
လူတွေမှာ ခွန်အားဗလ မရှိရင် ဘာကိုမှ မလုပ်နိုင်သလိုဘဲ၊ ဒီ သံဃာတွေမှာလဲ ဆွမ်းမှ ဘုဉ်းမပေးရရင် ခွန်အားဗလတွေ
ဆုတ်ယုတ်ကုန်မှာပဲ၊ ခွန်အားမရှိရင် သာသနာ့တာဝန်ကို မထမ်းဆောင်နိုင်ဘူး၊ စာပေပရိယတ်ကို
မကြိုးစားနိုင်ဘူး၊ ဒီ ဆွမ်းစားရတော့ ခွန်အား
ရှိလာတယ်၊ ခွန်အား ရှိလာရင် သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်တယ်၊ ဒါ့ကြောင့် ခွန်အား
ကိုလဲ ပေးလှူရာ ရောက်တယ်။
ပညာကိုလဲ ပေးလှူရာရောက်
ပြီးတော့
ပညာကိုလဲ ပေးလှူရာရောက် သည် မည်တယ်၊ ဘယ်လို
ပေးလှူရာ ရောက်သလဲ၊ ဘောဇဉ်အာဟာရ မမျှတ တဲ့
နေရာတစ်ခုမှာ တရားအားထုတ်ရင် တရားမရနိုင်တဲ့ အကြောင်း ကျမ်းဂန်တွေထဲမှာ ပါတယ်၊
ဒါ့ကြောင့် ဆွမ်း မဘုဉ်းပေးရရင် ကိုယ်စိတ်မချမ်းသာဘူး၊ ကိုယ်စိတ်မချမ်း သာရင် ဉာဏ်တွေ
ပွင့်မလာနိုင်ဘူး၊
ဉာဏ်မပွင့်ရင်
စာပေ ကျမ်းဂန် သင်အံလေ့လာလို့ မဖြစ်နိုင်ဘူး၊ သမထ ဝိပဿနာ တရားတွေကို ပွားများအားထုတ်လို့
မဖြစ်ဘူး၊ ဆွမ်းစားရတော့ ကိုယ်စိတ်ချမ်းသာတယ်၊ ကိုယ်စိတ်ချမ်းသာတော့ ဉာဏ်တွေ ပွင့်လာနိုင်တယ်၊
ဉာဏ်ပွင့်လာတော့ သာသနာနဲ့ဆိုင်တဲ့ အလုပ်တွေကို ကြိုးစားအားထုတ်နိုင်တယ်၊ ဒါ့ကြောင့်
ဉာဏ် ပညာကို ပေးလှူရာ ရောက်တယ်လို့ ဆိုရတယ်။
ဒါနပြုသူများ စဉ်းစားစရာ
ဒါ့ကြောင့် ဆွမ်းဒကာ
ဆွမ်းအမတွေက စဉ်းစားကြ၊ အလှူဒါန အကြီးအကျယ် တွေဟာ စာထဲမှာ မပါဘူး၊ ဝေဿန္တရာ ပါရမီဖြည့်စဉ်ကသာ
ရှိခဲ့တယ်၊ ဒါလဲ သာသနာပအခါမှာသာ ရှိတယ်၊ သာသနာတွင်း ရောက်တဲ့အခါ တန်ဖိုးရှိရှိနဲ့ တတ်သိ
နားလည်ရင် တစ်ရာကျပ် ကုန်မယ့်ငွေဟာ ငါးဆယ်ကျပ် လောက်ပဲ ကုန်မယ်၊
ခုခေတ်ဒါနတွေက
ဝါကြွား ပလွှားမှု တွေ များနေကြတယ်၊ ဘုန်းကြီးက ဝန်တို မစ္ဆေရစိတ်ရှိလို့ ပြောနေတာ မဟုတ်ဘူး၊ ကုန်ရင်လဲ
အကျိုးရှိရှိနဲ့ ကုန်စေ ချင်တယ်၊ ဘာမဟုတ်တဲ့ နေရာတွေမှာ ငွေတွေ ကုန်နေတာ ကတော့ မကောင်းဘူး။
ဘုရားပွဲများ ပြုပြင်စရာ
ခုခေတ် ဘုရားပွဲတွေ တော်တော်ဝမ်းနည်းစရာ ကောင်းတယ်၊ သံဃာပင့် ဆွမ်းလောင်း တာက နည်းနည်း၊
ဇာတ်တွေ, အငြိမ့်တွေ ငှားပြီး ပျော်ပါးနေကြတာက
များတယ်၊ ဘုရားကို အကြောင်းပြုပြီး ဖြစ်တဲ့ပွဲမို့ ဘုရားပွဲတဲ့၊ ဟုတ်တယ်၊ တို့မြတ်စွာဘုရားက,
မင်းသား မင်းသမီးတွေ က,တာကို ကြည့်ပါ့မလားကွယ်၊ မကြည့်ပါဘူး၊ သူတို့ ပြက်လုံးတွေကိုလဲ
ဘုရားက သဘော ကျလို့ တဟဲဟဲ ရယ်နေပါ့မလားကွယ်၊ မရယ်ပါဘူး၊
ပြီးတော့ ဘုရား ဆွမ်းတော်ပွဲ တင်သတဲ့၊ ဘဲကောင်လုံးကြော်,
ကြက် ကောင်လုံးကြော်တွေနဲ့၊ ဟုတ်တယ်၊ တို့ မြတ်စွာဘုရားက ဒါတွေကို နှစ်သက်တော်မူပါ့မလား၊ မနှစ်သက်ပါဘူး၊ ဘုန်းကြီးက နည်းမှန် လမ်းမှန် ဖြစ်စေချင်တယ်။
ဘုန်းကြီးက ဘုရားကို ဆွမ်းတော် တင်တယ်ဆိုရင်လဲ
တင်ပါ၊ တင်ရပါတယ်၊ ဒါပေမယ့် အကျိုးရှိစေချင်တယ်၊ ဒီလို အကျိုးများစေချင်လို့ ဒီဘုရားပွဲကို
ပြင်ပါလို့ဆိုတာ ကိုသူတို့က “ဦးဇနက ကွန်မြူနစ်, ဦးဇနက ကွန်မြူနစ်” လို့ ပြောကြတယ်၊
ဘုရားတွေကိုလဲ
တစ်ရွာမှာ တစ်ဆူပဲ ထားပါလို့ ပြောတယ်၊ ဘုန်းကြီးကျောင်းတွေ ကိုလဲ တစ်ရွာမှာ တစ်ကျောင်းပဲ
ထား ပါလို့ ပြောတယ်၊ ဒါကိုလဲ “ဦးဇနက ကွန်မြူနစ်, ဦးဇနက ကွန်မြူနစ်”တဲ့၊ ဘုန်းကြီးက
“ပြောကြပေါ့၊ ပြောချင်တာ ပြော ကြပါစေ၊ တစ်နေ့ကျတော့ ဇာတ်ရည်လည်လာပါလိမ့်မယ်”လို့ ဆိုပြီး
သည်းခံနေခဲ့တာပဲ၊
ဘုန်းကြီးက
ဘောလုံးပဲ၊ ဘောလုံးဟာ ပေါက်လေ တက်လေ မဟုတ်လားဟေ့၊ ဘုန်းကြီးကိုလဲ ဘေးက ဝိုင်းပြောကြတယ်လေ၊
ဘုန်းကြီးကတော့ ပြောလေ တက်လေပါပဲ၊
ကဲ ... ကိုရင်တို့
ကောင်းကောင်း နေကြ၊ သာသနာကို ပြုတတ်အောင် ပြုကြ၊ နည်းမှန် လမ်းမှန် ဖြစ်အောင် ကြိုးစားကြ၊
သံသရာ ကိုယ့်လမ်းနဲ့ကိုယ် သွားကြ ရမှာ၊ တော်ပြီ၊ ကဲ ... သွားကြတော့။
ဓမ္မဗျူဟာ
အတွဲ(၁၈)၊
အမှတ်(၁၀)
(၁၉၇၉၊
ဒီဇင်ဘာလ)
